ရေခြားမြေခြား မြန်မာများ

Baudhaw Wada Sayadaw – အပြန်လမ်းပေါ်က ဒုက္ခသည် နှစ်ထပ်ကွမ်း

ဗုဒ္ဓေါဝါဒဆရာတော်၊ မေ ၁၆၊ ၂၀၁
ပြည်ပရောက်နေသည့် မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှမအားလုံး ကိုယ်မြေ ကိုယ်နေရာ ကိုယ်ရဲ့မြို့၊ ရွာကို သတိရကြသလို ပြန်ချင်စိတ်တွေ ရှိကြပါတယ်၊ပြည်ပရောက်နေတဲ့သူများ အမိမြေကို လွမ်းနေချိန် သမ္မတကြီး ဦးသိန်းစိန်က ပညာရှင်များ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးရေးများ ပြန်လည်လုပ်ကိုင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်တာဟာ ငိုချင်တဲ့သူကို လက်တို့သလိုမျိုး ဖြစ်သွားမယ် ထင်ပါတယ်၊

ဒါနဲ့ ကျောင်းကို ရောက်လာတဲ့ ကရင်မိသားစုတွေကို ပြန်မလားမေးတော့ …

“ရွာကိုတော့ ပြန်ချင်တယ်၊ လေယာဉ်စရိတ် ပိုက်ဆံက တစ်မိသားစုလုံးဆိုရင် အများကြီးကုန်မယ်၊ ပြောလို့သာ ပြောရတယ်ဘုရား … ကလေးတွေ ပညာရေးက ဒီမှာကောင်းတယ်၊ ကလေးတွေထားပြီး ရွာပြန်လို့လဲ မဖြစ်ပြန်ဘူး” တဲ့။

ကယားမိသားစု မေးတော့ ရွာမှာ မြေယာတွေ မရှိတော့ဘူးတဲ့။

ရှမ်းကို မေးတော့လည်း ရွာပြန်ဖို့လွယ်ပေမဲ့ ဘာလုပ်ကိုင်စားရမှန်း မသိဘူးတဲ့။

မွန်ကို ဆက်မေးတော့ အမေရိကမှာက အကုန်အဆင်ပြေတယ်ဘုရားတဲ့။

ချင်းတွေကို မေးတော့ ဆုရှီးဆိုင်က ပေါက်လို့ အလုပ်ဖြစ်တယ်။

မေးလိုက်တဲ့ တိုင်းရင်းသားတိုင်းက အမေရိကမှာပဲနေချင်တယ် အသံထွက်တယ်။

တံတားဦး ဖော့ဝိန်းသား တယောက်ကို မေးတော့ … “အရှင်ဘုရား မြန်မာပြည်ပြန်ရင် ဒုက္ခသည် နှစ်ထပ်ကွမ်း ဖြစ်မှာ …” တဲ့။

သူပြောတာ စဉ်းစားကြည့်တော့ အမေရိကအခြေအနေမျိုး မြန်မာပြည်မှာ မရနိုင်ဘူးဆိုတာ ရှိသလိုတဖက်မှာ မြန်မာပြည်မှာသာ ရနိုင်တဲ့အနေထားကို အမေရိကမှာ မရနိုင်တာတွေလည်း ရှိပါတယ်။ အကောင်းအဆိုးကတော့ နေရာတိုင်းမှာ တွဲလျက်ပါပဲ၊၊

အမေရိကမှာ အချောင်နေ အချောင်စားနဲ့ ဘ၀ရပ်တည်ရုံ ဖြစ်သလိုနေမယ်ဆိုပြီး ပန်းတိုင်မထား၊ပညာ မသင်လို၊ရေစာခို အလုပ်ကို မသွားလိုတဲ့ ဟိုမရောက် ဒီမရောက် ဖြစ်နေတဲ့ လူတွေလဲ အများကြီး။

အမေရိကမှာ စတင်အခြေချသူတွေ၊ အလုပ်လက်မဲ့တွေ၊ အကူအညီလိုအပ်နေသူတွေအတွက် …  စားဖို့အရေး Foodstamp။  နေမကောင်းရင် ဆေးခန်းသွားဖို့ Medicaid ။ နေရာစရာအိမ်အတွက် Lower income Housing ။ ဒါတွေအားလုံး အမေရိကန်အစိုးရကို လျှောက်ရင် နေဖို့ ထိုင်ဖို့ စားသောက်ဖို့ အားလုံးပေးတယ်။ မွေးထားတဲ့ သားသမီး အသက် (၂၁) အောက်တိုင်းကို လိုင်းကားခအစ ကျောင်းမှာ စားစရိတ် ကျောင်းသုံး စာအုပ် ခဲတံ ကုန်ကျစရိတ်တွေကို အစိုးရက ပေးတယ်။ သားသမီး ပညာသင်ဖို့ မိဘတွေက အကုန်ကျခံစရာမလိုပါဘူး၊ ကြိုးစားတဲ့ကလေးများ တက္ကသိုယ်ဆက်တက်မယ်ဆိုရင် Federal Aid ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကပါ ပညာသင်ဖို့ ငွေကြေးထောက်ပံ့ပေးပါတယ်၊၊

နိုင်ငံအစုံက ဒုက္ခသည်အဖြစ်နဲ့ ရောက်လာတဲ့ တိုင်းရင်းသားတွေအာလုံး အခွင့်အလမ်းနှင့် အခွင့်အရေးတွေ အများကြီးရှိပါတယ်။

အစိုးရက အငတ်မထားတဲ့ ဥပဒေရှိတယ်၊ရပ်ကွက်ထဲ လှည့်တောင်းစားရင် ရဲက ချက်ခြင်းဖမ်းမယ်။ သူတောင်းစားမရှိရဘူး။ ဒါပေမဲ့ စားဖို့နေဖို့ မရှိရင် အစိုးရုံးသွားတောင်းရင် ပေးလိုက်တာမို့ ဒါကြောင့် မလုပ်လဲ စား ရတာပဲလို့ မြန်မာတချို့က ပြောနေတာ။ တချို့ပြည်နယ်က ထောက်ပံ့ကြေးပေးမယ် … ESL အင်္ဂလိပ်စာ သင်တန်းတက်မှ ပေးမယ်၊မတက်ရင် ဖြတ်မယ်ဆိုလို့ စာဖတ်ချင်တာမဟုတ်ပေမယ့် ထောက်ပံ့စာရိတ် မရမှာမို့ ကျောင်းတက်နေရတဲ့ အနေထားလဲရှိတယ်။ တချို့ကတော့ မပေးချင်နေ မတက်ဘူးဆိုပြီး ဟိုအိမ်တက်နေ ဒီအိမ် တက်စားနဲ့ ခြေသလုံးအိမ်တိုင်လုပ် နေကြသူတွေလည်း ရှိတယ်။

အမေရိကန်အစိုးရက အဲလိုလူမျိုးတွေ ထောက်ပံ့ရလို့ Social Security ဘတ်ဂျက် လိုငွေ ပြလာလို့ လွယ်ကူစွာ မပေးပဲ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်လာတယ်၊ ငါးနှစ်ကျော် ခြောက်နှစ် Unemployment လျှောက်စားနေကြတယ်။ နောက်ဆုံး ထောက်ပံ့ငွေ ဆက် မပေးတဲ့အချိန်မှာ အလုပ်တွေရှာပေမဲ့ အလုပ်ကောင်းကောင်း မလုပ်ထားတော့ ဆိုရှယ်နံပတ် ရိုက်လိုက်တာနဲ့ အလုပ် ခရက်စ်တစ်က မကောင်းတာ တွေ့ရော။ အဲမှာပဲ အလုပ်ရှင်က အလုပ်မပေးချင်ဘူး၊ အစိုးရဆီကလဲ တောင်းလို့မရ။ အလုပ်ကလဲ လက်မခံနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ လူတွေလည်းအများကြီးပါ။

မိန်းမ ရိုက်လို့ ထောင်ကျသူတွေ၊ အရက်မူး ကားမောင်းလို့ ထောင်ထဲရောက် လိုင်စင် ရာသက်ပန်သိမ်း၊ DUI ထိလို့ အလုပ်သွားဖို့ ကားမရှိနဲ့ စိတ်ပျက်စရာ ဘ၀နားမလည်သူတွေလဲ ရှိပါတယ်။

ဒုက္ခသည်အများစုတွေထဲမှာ အချို့ဟာ စစ်ဘေးကြောင့် ထွက်လာသူတွေများတယ်။ သူတို့အများစုဟာ နိုင်ငံရေးဆိုတာလဲ မသိဘူး။ တောရွာသဘာဝအတိုင်း ရိုးရိုးသားသားပဲ တောင်ယာ လုပ်ကိုင်စား သောက်တဲ့ အလုပ်မျိုးသာ ပျော်ကြပါတယ်။ အမေရိကနိုင်ငံရောက်ပေမဲ့ တိုင်းရင်းသား အများစုဟာ စာမတတ်၊စကားမတတ်တော့ အလုပ်ရဖို့မလွယ်သလို အမေရိကစနစ်က ဥပဒေအတိုင်း ဆောင်ရွက်တာမို့ စာမတတ်တဲ့သူအဖို့ အိမ်ကို အကြောင်းကြားလာတဲ့ စာတွေကို နားမလည်တာကြောင့် ရုံးကိစ္စ တွေမှာ အခက်ခဲရှိတယ်။ ကူညီပေးတဲ့သူကလဲ အတိုင်းတာတခုထိ လိုက်လုပ်ပေးမယ် နှစ်ရှည်လများ ကူညီမပေးနိုင်ဘူး။ ၊ကိုယ့်ဘ၀ ကိုယ့်မိသားစုအရေး အလုပ်နဲ့အိမ် စက်ရုပ်သဖွယ် အလုပ်ကို ကြိုးစား လုပ်နေရတယ်။

ပညာမတတ်တဲ့အချက်က အဓိက ပြဿနာဖြစ်နေတယ်။ ပညာရှိကို တန်ဘိုးထားတဲ့ အမေရိကန်နိုင်ငံရောက်လာမှ ပညာမတတ်တဲ့လူတွေအတွက် နေရာမရှိပါလားဆိုတာ သင်္ခန်းစာ ယူရမည့်အစား မွေးထားတဲ့ ကလေးပါ ပညာတတ်ဖြစ်အောင် လုပ်ရမယ်ဆိုတာ သိသူရှားပါတယ်။

ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည် စခန်းမှာ ဆယ်နှစ် ဆယ်မိုး လစဉ်တိုင်းဆိုသလို ဆီ၊စား၊ဆန်၊ငပိ ထုတ်ပြီး ဘာအလုပ်မှ မလုပ်ရပဲ စားသောက်နေခဲ့တာ တပည့်တော်တို့ အမေရိကရောက်မှပဲ လူက စက်ရုပ်လို မနားရတော့ဘူးဘုရား … လို့ ညီးသံတွေကြားရတယ်။

နယ်စပ်မှာ ခရစ်ယာန်သာသနာပြုတွေက မက်လုံးတွေပေးတော့ “ရေငုတ်” ကြတဲ့သူများနှင့် (ခရစ်ယာန်ဘာသာဝင်ဖြစ် ခံယူခြင်း) ဘာသာရေးကို ယုံလို့မဟုတ် ကိုယ်ရဲ့အကျိုးစီးပွားရေးအရ ရေငုတ်ခဲ့သူတွေ၊ နောက်တခုက အနောက်နိုင်ငံအင်ဂျီအို NGO အများစုဟာ ခရစ်ယာန်အသင်းအဖွဲ့ (သာသနာပြုအဖွဲ့) တွေမို့ အစားချောင်လို့ ဘုရားကျောင်းတက်ကာ ဘတ်ဂျက်ရှာဖွေကြသူတွေလည်းရှိတာပေါ့။

နေရာတိုင်းမှာ ရိုးသားသူတွေရှိသလို မရိုးမသားတဲ့သူတွေကလဲ အများကြီးပါ၊ အတ္တအကျိုးတွက် ဘာသာရေးနှင့် နိုင်ငံရေးကို အခြေပြုကာ စီးပွားရှာတဲ့ စရိုက်ဆိုးတွေက အမေရိကန်နိုင်ငံ ရောက်လာတဲ့အချိန်ထိ ဆက်လက်တွေ့ ရှိနေတယ်။ အမေရိကန်နိုင်ငံဆိုတာ ဘာသာရေးအရ ဖိအားပေးလို့ အတင်းအဓမ္မ သိမ်းသွင်းခွင့်မရှိပါဘူး၊

တခါတလေကျတော့လည်း ကိုယ့်တိုင်းရင်းသားတွေအချင်းချင်း အနိုင်ကျင့်တာတွေ ဖြစ်လာတယ်။ ကိုယ့်အချင်းချင်းမှာပဲ သူတို့ဘာသာဝင်ဖို့ရာ ဖိအားပေး ခြိမ်းချောက်တာတွေ လုပ်လာတယ်။ နောက်ဆုံး အလုပ် ရှာပေးတာအစ အခြားဘာသာဆိုရင် ရှာမပေးဘူး သူတို့ဘာသာဝင်မှ လုပ်ပေးမယ်ဆိုတာတွေ ဖြစ်လာတယ်။ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့မိသားစုတခု ပုံမှန် ဆေးသောက်နေရတယ် အဲဒီဆေးကို အခြားဘာသာဝင် ဖြစ်နေလို့ ထုတ်မပေးဘူး။ ဒီလို လုပ်နေတာတွေဟာ တိုင်းရင်းသားတွေအချင်းချင်းပါပဲ။ အမေရိကန်မှာ ဘာသာရေးလွတ်လပ်ခွင့် ရှိပေမယ့် အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ အကျင့်ကို မပြင်နိုင်တဲ့ တိုင်းရင်းသားတချို့က ကိုယ့်ရဲ့တိုင်းရင်းသား အချင်းချင်းကူညီ စောင့်ရှောက် ရမည့်အစား ဒုက္ခရောက်အောင် ပုံစံမျိုးစုံနှင့် ဖိအားပေး ခြိမ်းချောက်မူမျိုးရှိပါတယ်။

တင်နက်ဆီပြည်နယ် နက်ရှဘီးမြိုမှာ ဘာသာရေးအယူအဆ အစွဲကြီးတဲ့ မြို့လို့ ဆိုပါတယ်။ သို့သော် အခြားဘာသာဝင်တွေကို သူတို့ဘာသာဝင်တွေအဖြစ် မ၀င်ရင် မြိုမှာ နေလို့မဖြစ်အောင်ထိ ဖန်တီးမူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲသည်လို လုပ်သူတွေကြည့်လိုက်တော့ အမေရိကန် အစစ်မဟုတ် ကိုယ့်တိုင်းရင်းသားထဲက လူတွေဖြစ်နေတယ်။ အမေရိကန်နိုင်ငံမှာ အခြေခံဥပဒေ ကောင်းပေမဲ့ ရောက်လာတဲ့ တချို့သောလူတွေက စိတ်ဓာတ်နဲ့ အကျင့်စရိုက် မပြင်ကြပါဘူး၊ အာဏာရှင်စနစ်ဆိုးအောက်မှာ မြန်မာပြည်သားတွေက ကြီးပြင်းလာတော့ သူများအပေါ်ကို မတရားဖိနှိပ် ချုပ်ခြယ်တာတွေ လုပ်နေတာဟာ သူစိမ်းမဟုတ် တိုင်းရင်းသားတွေကိုယ်တိုင်ပါပဲ။

ကလေးတွေရဲ့ အနာဂတ်ကောင်းဖို့ အမေရိကမှာ မိဘတွေက နေကြရပေမယ့် ဒီကလေးတွေဟာ ကိုယ့်နိုင်ငံမှာလို အဖိုး အဖွား ဆွေမျိုးကြားမှာ ကြီးပြင်းလာရတာမဟုတ်တော့ အမေရိကန်စရိုက်နဲ့ ဒီနိုင်ငံကျောင်းတွေက ဆရာ ဆရာမတွေ ပုံသွင်းတဲ့အတိုင်း ကိုယ်ရဲ့ကလေးက ရုပ်လုံးပေါ်လာတယ်၊၊ ကိုယ့်ရဲ့ ယဉ်ကျေးမူ ဘာသာတရား ဓလေ့များကို ကလေးတွေဟာ သင်ယူခွင့်မရပဲ အမေရိကန်ကျောင်းတွေမှာ ကြီးပြင်းလာလို့ မိဘက မွေးသာ မွေးလိုက်ရတယ် ကိုယ်နှလုံးသားမျိုး အမျိုး၊ ဘာသာ၊ သာသနာကို မြတ်နိုးတတ်ဖို့ မိဘဆရာ သမားများကို လေးစားတတ်ဖို့ အမေ အဖေအပေါ်ကို စာနာ သိတတ်မှု စတာတွေ ကလေးရဲ့ ရင်ဘတ် နှလုံးသားထဲကို မိဘနဲ့ထပ်တူ မရှိခဲ့ဘူးဆိုရင် ကိုယ့်သား သမီးဆိုတာ နာမည်ခံ သက်သက်ပါပဲ။ ကိုယ်နဲ့ ဘာမှ မတူတော့ရင် အဲမှာပဲ ပြဿနာဆိုတာ မိဘတွေက ကြိုတင်နားလည်ရမယ် ပြင်ဆင်သင့်တာလုပ်ပြီး မိဘ၀တ္တရားကျေပြွန်ဖို့လိုပါတယ်၊၊

ပညာရေး ကျန်းမာရေး လူနေမူဘ၀ စားဝတ်နေရေးအတွက် အလုပ်အကိုင် အမေရိက အနေထားမျိုး မြန်မာပြည်မှာ မရှိသေးပေမယ့် မြန်မာပြည်မှာ ဆွေမျိုးသားချင်းတွေနဲ့ ဘာသာတူ စကားတူ ယဉ်ကျေးမူတူညီတဲ့ အမိမြေမှာ အတူတူနေကြရတဲ့ မိသားစုတွေကြားမှာ အေးချမ်းစွာ နေနိုင်တဲ့ အခြေအနေတွေ ရောက်လာပြီဆိုရင် ပြည်ပရောက်နေသူတိုင်း အမိတိုင်းပြည်ကို ပြန်ကြမှာ သေချာပါတယ်။

ဘယ်နိုင်ငံ ဘယ်ဒေသပဲ ရောက်ပါစေ ကိုယ်ဘ၀ ကိုယ်တာဝန်ယူရတာဆိုတာ နားလည်ရမယ်။ အမေရိကအခြေအနေမျိုး မြန်မာပြည်မှာ ဖြစ်လာစေဖို့ တိုင်းရင်းသားအားလုံးမှာလဲ တာဝန်ရှိတာပေါ့။ အခုလက်ရှိ ဦးသိန်စိန်အစိုးရနှင့် တိုင်းသူပြည်သားများက စုပေါင်းညီညွတ်မူဖြင့် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ တာဝန်သိစိတ်နဲ့ လုပ်ကြမယ်ဆိုရင် မြန်မာပြည်တခုလုံး ဆင်းရဲမူက လွတ်မြောက်မှာ သေချာပါတယ်၊၊

မြန်မာပြည်ပြန်ရင် “ ငါ့ရဲ့အခွင့်လမ်းနှင့် အခွင့်အရေးတွေ တောင်းဆိုမူထက် င့ါတိုင်းပြည် ငါ့လူမျိုးတွေ ဘ၀များစွာအတွက် တိုးတက်နိုင်တဲ့ အခွင့်လမ်းနှင့် အခွင့်အရေးများ ဖြစ်လာဖို့ ပေးဆပ်ပြီး လုပ်မယ် ” ဆိုတဲ့ စိတ်ဓာတ်ထားနိုင်ရမယ်၊ ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုပြီး လူဘ၀ကို လှစေပါတယ်၊၊

မိဘတိုင်းဟာ ကိုယ်ရဲ့သားသမီးကို အကောင်းစားတွေချည်း ခံစားစေချင်တာပါ။ ဒါပေမယ့် မိဘက တနေ့လုပ်မှ တနေ့စားရတဲ့ ဆင်းရဲသားဘ၀ ဖြစ်နေရင် မိဘကလဲ င့ါသားသမီးကို ကောင်းကောင်းမွန်မွန် မထားနိုင်ဘူးဆိုကာ စိတ်ဆင်းရဲရမယ။် သားသမီးကလဲ မိဘ မရှိတာ နားမလည် ဖြစ်ချင်တာ ရချင်တာပဲ သိတဲ့ ကလေးမျိုးရှိမယ်။

အဲလိုပဲ တိုင်းပြည်မှာ သမ္မတကြီး ဦးသိန်စိန်က တိုင်းပြည်အပေါ် အကောင်းတွေချည်း လုပ်ပေးချင်တာမှန်ပေမဲ့ သူကိုယ်တိုင် ကမ္ဘာ့ဘဏ်အပါဝင် အကြွေးဆပ်ရမည့် ငွေပမာဏ အများကြီးရှိနေတယ်။ တိုင်းပြည် ဆင်းရဲမွဲတေ နေတာမို့ အခုချိန်မှာ တိုင်းပြည်ကို တိုးတက်စေမည့် ပြည်ပရောက် မြန်မာများ ပြည်တွင်းဝင်လာပြီး ရင်းနှီးမြုတ်နှံမယ်ဆိုရင် တိုင်းပြည်ကို ကျေးဇူးဆပ်ရာရောက်ပါတယ်၊၊

ပြည်ပနိုင်ငံမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပညာသင်၊စီးပွားရှာထားတဲ့ လူတွေအဖို့ မြန်မာပြည်မှာ လုပ်နိုင်တဲ့ အခွင့်လမ်းတွေ ပေါ်လာတာကောင်းပါတယ်။ ဘေးထိုင် ဘုပြော ဆူးလှည်းလို ဟိုချိတ် ဒီချိတ်နဲ့ ရှေ့မရောက်ပဲ ကိုယ့်ကို အထင်ကြီးပြီး သူများတွေရဲ့ အပြစ်ကိုသာ ပြောပြီး နေတတ်တဲ့ စရိုက်ဆိုးရှိသူများတွေ့ရတယ်။ အမေရိကမှာနေပြီး မကြိုးစားတော့ ဟင်းမွေတဲ့ ယောက်မလိုပေါ့ အရသာ မသိဖြစ်နေတယ်။

ဘုရားရှင်ကိုယ်တိုင် “နထ္တိ လောကော အနန္ဒိတော” ဒီလောကမှာ ကဲ့ရဲ့ဝေဖန်ခံရခြင်းမှ ဘယ်သူမှ မလွတ်ကင်းပါဘူး တဲ့။  လူတွေဆိုတာ မလွယ်ပါဘူး။

“ ဘုန်းကြီးက ဘာမှ မသိပါဘူး …” တဲ့၊  မသိလို့ အပြစ်ပြောကြသလို …

သိပြန်တော့လည်း ဘုန်းကြီးက “ဒါတွေလဲ သိတာပဲလား …” တဲ့။

မသိရင်လဲအပြစ် သိတော့လည်း အပြစ်တင်တာ မရပ်တာမို့ လုပ်သင့်လုပ်ထိုက်တဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကို မလုပ်ဘဲ သေသွားတာနဲ့စာရင် လုပ်ကိုင်ဆောင်ရွက်ရင်း သေတာက ပိုကောင်းပါတယ်၊၊

သမ္မတကြီးက ပြန်လာပါလို့ ခေါ်လဲ ပုထုဇဉ်သဘာဝ တိုက်ကြီးပေါ်နေပြီး တဲကုတ်ထဲမှာ ပြန်နေဖို့ ဆိုတာ သာမာန်ကြည့်ရင် မလွယ်ပါဘူး သို့သော် တိုင်းပြည်အပေါ် ချစ်စိတ်ဆိုတာ မြန်မာတိုင်းရှိနိုင် ပါတယ်၊ တိုင်းပြည်မှာ နေရာတခု တာဝန်ယူပြီး ဦးဆောင် ဦးရွက်လုပ်မယ်ဆိုတာ တိုင်းပြည်ချစ်စိတ်နဲ့ အတူ သီလ ခေါ်တဲ့ ကိုယ်ကျင့်တရား၊ ဦးဆောင်နိုင်တဲ့ ပညာ စွမ်းရည်၊ တည်ကြည်တဲ့စိတ်နေထား သမာဓိ၊ အခြေခံအားဖြင့် စရဏ ကိုယ်ကျင့်တရားတွေ လိုအပ်ပါတယ်။ ကိုယ်ကျင့်တရား မကောင်းရင် ဘယ်လိုမှ ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပါဘူး။

ကိုယ်ဘ၀ ကိုယ့်အခြေအနေမှန်ကို ကာယကံရှင်များ ကိုယ်တိုင်သိပါတယ်။ မိမိကိုယ်ကို လိမ်ညာလို့မရပါဘူး။ မြန်မာတိုင်းမှာ အရည်အချင်းနဲ့ စွမ်းအားတွေရှိ ပါတယ်၊အဲဒီ အားတွေကို ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး သူ့နေရာနှင့်သူ တဦးနှင့်တဦး လက်ဆွဲနှုတ်ဆက်ကာ မေတ္တာရှေ့ထား၊ နွမ်းပါးသူကို သနားကြင်နာလို့၊ချမ်းသာသူတွေ မြင်တော့လည်း ၀မ်းမြောက် မုဒိတာထားရမယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ၀မ်းမြောက်ခြင်း ဘယ်ဖက်မှ အစွန်းမထွက်ပဲ ထားနိုင်တဲ့ ဥပေက္ခာမျိုး၊ ဒီဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ နေထိုင်သွားမယ်ဆိုရင် မြန်မာပြည် တကယ့်အေးချမ်းတဲ့ တိုင်းပြည်ဖြစ်မှာ အမှန်ပါ၊၊

မေလ(၁၄) ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

7 thoughts on “Baudhaw Wada Sayadaw – အပြန်လမ်းပေါ်က ဒုက္ခသည် နှစ်ထပ်ကွမ်း
  1. I am not lazy I live in out of Burma I am working in the shopping centre ( not a cleaner and not a boss ) and I can buy TV, fridge,car and house everything but if I go back to Burma I don’t think I can buy them. Of course I love Burma but I will not go back to Burma.

  2. Sayar Daw , you may probably right. We love our country not less then you do. If you have the power, try to change U Thein Sein Goverment to doing the right thing for the country, please do so. If you love Myanmar people you batter suggest the military not to bulling, killing people around Myanmar. You said that leaders need a good character. It’s true. Do Myanmar military junta Goverment have a good character who are rulling the country now? Some of Myanmar people who live in Third-countries may not happy. Bcause mostly they are ethnic and who are from the button run. If they had a chance to stay in their places with peacefully, they woun’t thinking to stay in third countries anymore. Sayar Daw, the best way is you batter go back to the country, hold the hand with the militay Goverment and try to improve the country first. It’s my suggestion.
    Thanks Sayar Daw,

  3. This article written by Baudha Wada Sayadaw,is very interesting and to learn. I am fully appreciated about what Sayadaw, has mentioned.The youngsters and new generations should be learn,what Sayadaw wished about human’s nature,and the moral of the people,who are not good,and to change their self fish minded. This article means not only for the people who are staing on abroad, but, the people who are also ruling in our country,with greedy and dirty,cruel and self fish minded.

  4. လေးလေးနက်နက်နဲ့ကို သာဓု…သာဓု…သာဓု…ပါ

  5. By the way..when sa ya daw will back to myanmar. Myanmar people learn more about what’s budda said. I hope sa ya daw can do something in myanmar . Don’t worry about USA people (now). They live in under law.They can be free thinker. I guess myanmar people need some (like sa ya daw).

  6. I am sure that the difference depends on who is calling to back Burma.
    Because people do not believe the person who is calling back.
    If the calling person is the president of Burma Daw Aung San Su Kyi????????
    Daw Aung San Su Kyi also cannot grantee our lives because she is not the president yet.
    The president cannot be trusted by people because he is not Aung San Su Kyi.
    So if Daw Aung San Su Kyi is President of Burma and also if she is calling people abroad back to Burma, how do you think????
    I’m sure most of Burmese people will go back to Burma even Burma is still poor or rich.
    Regards.

Comments are closed.