ဓာတ်ပုံသတင်း

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ

တာရာဝေယံ၊ ရန်ကုန်
မေလ ၉၊ ၂၀၁၂

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို ဒီနေ့နံနက် ၉း ၀၀ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI (စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာတော် ရှင်ဉာဏိဿရ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်မှ မသန်မစွမ်းသူများ၊ အလှူရှင်များ ပရိသတ်စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ယုံကြည်အားထား ရွှေမင်းသားသီချင်းကို မသန်မစွမ်းညီအစ်ကိုမောင်နှများက သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင် မြင့်၊ စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒု-ဥက္ကဌ ဦးဇော်မင်းဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်း က မသန်စွမ်းမှုကိစ္စရပ်များအကြောင်း ရှင်းလင်းပြောကြားရာမှာ မြန်မာနိုင်ငံမှာ မသန်စွမ်းသူအမျိုးအစား (၄) မျိုးတွေ့ကြောင်း၊ ကမ္ဘာမှာ တော့ (၉) မျိုးရှိတယ်လို့ သတ်မှတ်ထားကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် မသန်စွမ်းသူတွေအနေနဲ့ အားမငယ်ဘဲ ကြိုးစားကြဖို့လိုကြောင်း၊ ပတ် ၀န်းကျင်အသိုင်းအ၀ိုင်းကလည်း ဖေးမကူညီကြဖို့လိုကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားသွားပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့နာယကတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကားပြောကြားရာမှာတော့ မသန်စွမ်း သူတွေဆီက မိမိတို့က ပြန်လည်သင်ယူရကြောင်း၊ မြေမြှုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဆိုရင်လည်း တကယ်မသန်စွမ်းသူတွေက မိုင်းအထိခံရသူတွေပဲလား၊ မိုင်းထောင်တဲ့သူတွေပဲလား၊ ဒါမှမဟုတ် ဒီလိုမျိုးကိစ္စရပ်တွေကို မတားဆီးနိုင်တဲ့ မိမိတို့ကိုယ်တိုင်ပဲလားလို့ မေးခွန်းထုတ်သွားပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောအပြီးမှာ ဒေါ်သီတာညိုလေးရေးဆွဲတဲ့ ပုလင်းပန်းချီကို ဦးမြတ်သူဝင်းက ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ မသန်စွမ်းကလေးတွေရဲ့စွမ်းရည်ပြခြင်း၊ ပညာသင်ဆု ချီးမြှင့်ခြင်း၊ အလှူငွေများလက်ခံခြင်း၊ ၀ှီးချဲများပေးအပ်ခြင်း စတဲ့ အစီအစဉ်များအပြီးမှာ အဖွဲ့ရဲ့သြ၀ါဒါစရိယဆရာတော် ရှင်ဉာဏိဿရက သြ၀ါဒစကားချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ
  1. သာဓုပါဗျာ….လေးစားပါတယ်…ရွှေမင်းသားမိသားစု ဒီထက်မကလှူဒါန်းပေးနိုင်ကြပါစေ။

    1. ဒီထက်အဆပေါင်းများစွာတိုးပြီးဆောင်ရွက်နိုင်ပါစေ။

Comments are closed.