သတင်းပဒေသာ

ဆီယက်တဲလ်၊ ဝါရှင်တန်မှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ပထမခြေလှမ်း

ကျော်ဟုန်း
ဧပြီ ၂၄၊ ၂၀၁၂

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့မှာရှိတဲ့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဟာ ပထမခြေလှမ်းအဖြစ် ဗုဒ္ဓ ဘာသာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို တိပိဋကဘုန်းကြီးကျောင်းမှာ (၀၄၊၂၂၊ ၂၀၁၂) နေ့က ကျင်းပခဲ့ပါတယ်။

ဗုဒ္ဓဘာသာအခြေခံသင်တန်းကို တိပိဋကကျောင်းရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး ဦးနန္ဒသာရကကြီးမှူးကာ သင်တန်းပို့ချသွားမှာဖြစ်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းနဲ့ တိပိဋကဘုန်းကြီးကျောင်းဂေါပကအဖွဲ့ကလဲ ပံ့ပိုးကူညီသွားမှာဖြစ်ပါ တယ်။

ထိုဖွင့်ပွဲအခမ်းအနားမှာ ဘုန်းကြီးဦးနန္ဒသာရက “ဗုဒ္ဓသာသနာ ရှည်ကြာတည်တံ့ဖို့ ၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့၊ မိမိတို့ရင်သွေးငယ်များ စိတ်နှလုံးမှာ ဘုရားတည်ဖို့ စွဲမြဲဖို့၊ မျိုးဆက်မပြတ် မြင့်မြတ်ဘဝကို ပိုင်ဆိုင်ရရှိဖို့၊ တဦးနဲ တဦး လေးစားကူညီတတ်ဖို့” အတွက် ဗုဒ္ဓဘာသာအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားရတာဖြစ်တယ်လို့ တရားနာပရိတ်သတ်များကို ဟောကြားသွားပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာသင်တန်းနဲ့ မြန်မာစာပေ၊ ကရင်စာပေသင်ကြားမှုများ အောင်မြင်နိုင်ရေးဟာ ဘုန်းကြီး၊ ဆရာများအပြင် ကျောင်းသားမိဘများရဲ့ ပူးပေါင်းပါဝင်မှုလဲ အထူးလိုအပ်ကြောင်း၊ ဆရာ ဒါယကာညီညွတ်စွာလုပ်ဆောင်ရင် အောင်မြင်မှာဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဆီယက်တဲလ်မြို့ တွင်ဖြစ်တည်ရန် ကမကထပြုခဲ့သော ကိုကျော်ဟုန်းကလဲ “ဘယ်ကိစ္စမဆို ပထမ ခြေလှမ်းဟာ အရေးကြီးကြောင်း၊ ဘာသာ လူမျိုးမခွဲဘဲ မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးစွာလုပ်ဆောင်တတ်ဖို့လိုကြောင်း၊ အသင်းရဲ့ အဓိကရည်ရွယ်ချက်များ အောင်မြင်ကျယ်ပြန့်ဖို့ အသင်းသား၊ အမှုဆောင်များ အားလုံးပိုမိုကြိုးစားသွားဖို့လိုအပ်ကြောင်း” အတွင်းရေးမှူးဖြစ် သူ စောမုန်တိုင်းအား မှာကြားခဲ့ပါတယ်။

စောမုန်တိုင်းကလဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော အခြားအဖွဲ့အစည်းများမှ လူကြီးများကို “မိမိတို့ အဖွဲ့ဟာ စာပေ၊ ယဉ်ကျေး မှုများကို ပြန့်ပွားတည်တံ့အောင် စေတနာအရင်းခံကာ မျိုးဆက်သစ်များအတွက် ဆောင်ရွက်ပေးဖို့  အဖွဲ့ကိုတည်ထောင်ရတာဖြစ်ကြောင်း၊ အခြားအဖွဲ့ အစည်းများနဲ့လဲ ယဉ်ကျေးမှုဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

ဆီယက်တဲလ်၊ ဝါရှင်တန်ပြည်နယ်တွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းကို ဗုဒ္ဓဘာသာကရင်လူငယ်များက (၀၂၊ ၂၂၊၂၀၁၂) နေ့တွင် ပထမဆုံးတည်ထောင်ခဲ့တာဖြစ်ပြီး အခြားသောပြည်နယ်များတွင်လဲ အမာခံအသင်းသားများရှိကြောင်း သိရပါတယ်။

ထိုဗုဒ္ဓဘာသာအခြေခံသင်တန်းဖွင့်ပွဲမှာ ဘုန်းတော်ကြီးအား နေ့ဆွမ်းကပ်လှူခဲ့ပြီး ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ အခမ်းအနားကို စုစုပေါင်း လူ ( ၅၀) ကျော်ခန့် တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts