ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၁၉) – Mar Mar Aye

မာမာအေး
ဧပြီ ၂၄၊ ၂၀၁၂


— မြန်မာတို့ ယဉ်ကျေးမှုမှာ သိသာသိစေ – မမြင်စေနဲ့တွေ ရှိတယ်လေ။ ရှောင်နိုင်လေ ကေါင်းလေ လို့ စာစစ်ဘုတ်က မှန်ချက်ပေးတာနဲ့ ‘ဇါဘော်လီကနေ ဆွယ်တာပြာ’ ‘ချိန်ပေးတာ’ က ‘ရှာပေးတာ’ ဖြစ်သွားရရှာတာပါတဲ့ရှင်—”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
ရှေ့တပါတ်က ‘သံသာလေကမ်းတိုင်’ သီချင်းလေးကို နားထောင်ပြီးတော့ ဘယ်လိုများ နားလည် သဘောပေါက်လိုက်ပါသလဲရှင်၊ မာအေးကတော့ မိန်းမသားတယောက်က သူ့ချစ်သူကို အဆုံးစွန်သောမေတ္တာချစ်ကို ပေးလိုက်တာလို့ နားလည်လိုက်သလိုဘဲ။

သီချင်းထဲမှာ လူသုံးယောက်ရှိနေတယ်၊ နှစ်ယောက်က မိန်းမသားတွေပါ၊ သီချင်းရေးဆရာက ဘ၀ကြင်ဖေါ်အဖြစ် လက်တွဲခဲ့ဖူးတဲ့ မိန်းမသားတယောက်ရဲ့ဖက်က ခံစားရချက်ဆန္ဒကို ခြယ်မှုန်းတဲ့ သီချင်းမျိုးလို့ ပြောရမှာပါ၊ “သူတို့ဘ၀မှာ အတူတွဲ မခွဲမခွာ သာတောင့်သာယာ မိုးမလာ လေမတိုက် လှိုင်းမရိုက်ပါဘဲနဲ့ သူကတော့ ကျန်ရစ်ခဲ့ရပြီ၊ ရှေ့သွားရမယ့်ခရီးမှာ ချစ်တဲ့အဖေါ်မွန်ဟာ အထီးကျန်ဘ၀နဲ့ဆိုရင် အားငယ် ညှိုးနွမ်းမှာ အားမာန်တွေ ပျောက်ကုန်မှာစိုးပါတယ်၊ လျှောက်လိုက်စမ်းပါ ကြင်နာတဲ့သူရေ … ဘယ်လိုဘဲ မက်မောသည်ဖြစ်စေ၊ အချစ်တောကို ဘယ်သောအခါမှ မရောက်သာတော့တာမို့ နောက်တဦးနဲ့ ဆက်လျှောက်သွားတာကို မြင်ချင်ပါတယ်၊ သံသာကမ်းတဖက်တိုင် ရောက်နိုင်ကြပါစေ လို့လဲ ဆုတောင်းပါတယ်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ဒါကြောင့်မို့ မာအေးက မိန်းမသားတယောက်ရဲ့ အဆုံးစွန်သော မေတ္တာ အချစ်လို့ ပြောမိတာပါ၊ မာအေးတို့ မြန်မာမိန်းမသားတွေဟာ ‘အချစ်ကို မဝေနိုင်ဘူး၊ မုန့်ကိုသာ ဝေစားနိုင်တယ်’ လို့ ပြောဖူးကြတဲ့ အချစ်လောကသားတွေ ဖြစ်ကြပါတယ်။ ကိုယ်သေသွားရင်တောင် ကိုယ့်ကိုဘဲ တသသ လွမ်းဆွတ်နေစေချင်သေးတဲ့သဘေါ ရှိနေတတ်ကြတယ်၊ သားသမီးတွေ ကျန်ခဲ့လို့ မိထွေးနဲ့မတည့်မှာစိုးလို့ ဆိုတာတွေ ကြားဖူးသား မဟုတ်လား။ အဲဒါတွေကို ဖယ်ကြည့်ရင် – နောက်လူကို မပေးချင်လို့ ဆင်ခြေပေးတာကိုတွေ့နိုင်ပါတယ်။

ဒီသီချင်းထဲက ပထမ မိန်းမသားကတော့ – သူ့လူကို အားငယ်မှာစိုးလို့ ဘ၀မှာ တယောက်ထဲသွားမခိုင်းခဲ့ဘူး။ သွားရမယ့် သံသာကမ်းကို နှစ်ဦးလျှောက်တာ မြင်ချင်ပါတယ်၊ အတူကူးမြောက်သွားနိုင်ပါစေလို့လဲ ဆုတောင်းသတဲ့ရှင့်၊ သူ့လူကို ဘ၀ဆုံးအထိ နားလည်ပေးသွားတဲ့ – မနာလိုမရှိတဲ့ အချစ်မျိုး ပြခဲ့တဲ့အကြောင်း ပေါ်လွင်အောင် သီချင်းစပ်ဆိုတဲ့သူက စပ်ဆိုသွားတာပါ။

ဒီသီချင်းလေးကို မြန်မာ့အသံမှာတုန်းက သီးသန့် အသံသွင်းပေးခဲ့ရပါတယ်လို့ မာအေး ပြောခဲ့တာကို သတိထားမိပါရဲ့လား။ အဲဒီသီချင်း ရေးတဲ့သူက ‘အညာသား’ ဆိုတဲ့ အနုပညာနာမည်ခံထားတဲ့ တပ်မတော်လေတပ်က ‘ဗိုလ်မှူးချုပ်သောင်းဒန်’ ဖြစ်နေလို့ပါဘဲ။ အဲဒီတုန်းက လူကြီးမင်းဟာ ယဉ်ကျေးမှုဆိုင်ရာတာဝန်ခံကြီးဖြစ်နေတယ်မှတ်တာဘဲ။ ဒီ လေချုပ်ကြီးနဲ့ မာအေးက စစ်ရဲအချက်ပြတပ်မှာ အဆိုတော်လေး လုပ်နေတုန်းကနေ သိခဲ့ ရင်းနှီးခဲ့ဖူးတာပါရှင်။ သူလဲ ဂီတ၀ါသနာခဲရှင့်။ မင်္ဂလာဒုံ လေတပ်ရဲ့ ဧည့်ရိပ်သာဟာ ဂီတသံ မညံတဲ့နေ့ကို မရှိသလောက်ပဲလို့ ပြောရင် သိရောပေါ့နော။ သူက တပ်မှူးလောက်တော့ ဖြစ်လောက်ပြီ ထင်တာဘဲ။ သူနဲ့တွဲမိတဲ့သူက မာအေးဖခင်ရဲ့ ညီဝမ်းကွဲပါ။ သူကလဲ လေတပ်ကပါဘဲ။ ဗိုလ်မှူးလား၊ ဗိုလ်ကြီးလား မမှတ်မိတော့ပါဘူး။ မာအေးက ဦးလေးကိုသန်းဆွေ လို့ဘဲ ခေါ်ခဲ့တာမို့ပါ။ ဦးလေးဇနီးကလဲ လေတပ်အဖွဲ့နဲ့ သီချင်း အသံလွှင့်နေတဲ့သူပါ။ ဒီတော့ လေတပ်ဧည့်ရိပ်သာကို မကြာခဏ ရောက်ဖြစ် ဆိုဖြစ်ခဲ့တာပေါ့။

လေတပ်တီးဝိုင်းမှာလဲ ရေဒီယိုအဆိုကျော် တပ်ကြပ်ကြီးညွန့်ခင်တို့၊ တပ်ကြပ်ကြီးလှမြင့်တို့ ရှိကြတယ်လေ၊ ‘ပျင်းတယ်ကွဲ့နှင်းနွယ်’ စတဲ့ နှင်းနွယ်သီချင်းတွေရယ်၊ ဘကြီးအောင်ညာတယ်၊ လွဲခဲ့ရပြီ၊ ရေဖူးစာကံ၊ ‘ကမ်းခြေဇေယျာဦးဝယ်’ ဆိုတဲ့ အဆိုကျော်ကိုခင်လတ်အတွက် သီချင်းတွေ အများကြီး ရေးခဲ့တဲ့ ဂီတစာဆို ကိုလှမိုးကလဲ လေတပ်ဝိုင်းခေါင်းဆောင် ဂီတစာဆို စန္ဒရားဆရာပါရှင်။ သူတို့တွေနဲ့လဲ မာအေးက ညီအကိုလို ချစ်ကြတာပါ။ ဦးလေးကလဲ စောစော ဆုံးပါးသွား၊ လေချုပ်ကြီးကလဲ တာဝန်အဆင့်ဆင့် မြင့်မြင့်သွား၊ လေတပ်ဝိုင်းလဲ နားသွားခဲ့တော့မှ မဆုံဖြစ်ကြတော့တာပါရှင်။

မြန်မာ့အသံကို သီချင်းရေးတဲ့ ဂီတစာဆို ဗိုလ်ကြီးတယောက် တာဝန်နဲ့ရောက်လာတဲ့အခါကျမှ မာအေးကို သီချင်းဆိုပေးဘို့ တဆင့် မေတ္တာရပ်ခံခဲ့ပါတယ်။ လေချုပ်ကလဲ စာသားဘဲ ရေးနိုင်တာလေ။ အသံကိုကျတော့ ‘ကိုတင်အောင်သန်း’ က ရှာထည့်ပေးခဲ့ပါတယ်။ တာဝန်နဲ့ရောက်တယ် ဆိုတာ ‘ကိုတင်အောင်သန်း’ ပါဘဲ။ အဆိုအရေးအတီး အကုန်ရတဲ့သူလို့ ပြောရမယ့်သူပါ၊ မေမြို့ ဗိုလ်သင်တန်းကျောင်းမှာ ဆရာလုပ်နေရင်း ၀ါသနာအရ မြန်မာ့အသံကို ပြောင်းချလာတဲ့ ရိုးရိုးစင်းစင်း သီချင်းများကြားမှာသာ ပျော်မွေ့လိုတဲ့ စစ်သားကေါင်းတဦးပါ၊ သူ့အမကြီး သီသီမြကလဲ ဗိုလ်ကြီးမမ အဆိုတော်ဘဲရှင့်။ မနက်ပိုင်းမှာ ကြားရတတ်တဲ့ ‘စိတ်စွမ်းအင်’ သီချင်းကို ဆိုတဲ့သူပေါ့။ မောင်ကရေးပေးတီးပေး – အမကြီးကဆိုနဲ့ တွေ့ရတာ ငြိမ်းချမ်းပါတယ်။ ဒေါ်သီသီမြအသံက မမရှင်တို့လိုမျိုးပါ။ ကိုတင်အောင်သန်းကတော့ အသံသြပါတယ်။ သူရေးတာကို – မြန်မာမူမှန်ဆိုတဲ့ အဖွဲ့သားတွေ ပေါင်းဆိုရတဲ့သီချင်းမှာ ကူဆိုပေးရင်း သတိထားခဲ့မိတယ်။ သဲငုံချစ်ပန်း၊ စမ်းရေ၊ မိုးယံမှသည်ချစ်သူဆီသို့၊ လှတံခွန်၊ စိတ်စွမ်းအင် ဆိုတာတွေကစလို့ အတော်များများ ရေးသွားပါတယ်။ မာအေးအတွက် ‘မှန်ကြိုက်သူ’ ကို ရေးပေးခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်း မြင့်မြင့်စိန်နဲ့ အသံလွှင့်ဖြစ်လိုက်ပါတယ်၊ ရုပ်ရှင်သွားကါနီး အလှပြင်တာ မပြီးနိုင်တဲ့ အိမ်ရှင်မရဲ့ လှုပ်ရှားမှုကလေးပါဘဲ။

ကဲ … အချိန်က သိတ်မကျန်တော့ဘူး၊ သီချင်းကလဲ ‘ဗမာသံ မှန်ကြိုက်သူ’ ကနေပြီး ဒုံချပ်ချပ် ခေတ်မီပုံစံနဲ့ ကြားရ မြင်ရတဲ့ မှန်ကြိုက်သူမို့လို့ ပြောပြချင်တဲ့ တပိုဒ်သော နမူနာလေးဘဲ နားဆင်ပေးပါနော်။

* (မှန်ကြိုက်သူမှ – စိုးစန္ဒာထွန်းအသံ)

ရုပ်ရှင်ချိန် နီးသည့်တိုင်တိုင် ကျမကလဲ မပြီးသေးပါနိုင်၊ လာစမ်းပါဦးမောင်ရဲ့၊ မေ့ချစ်တဲ့သက်ပိုင် သက်ပိုင်၊ အပြာရောင်ဆွယ်တာလေး ရှာပေးစမ်းပါ့ ပျို့ချစ်သူကေခိုင် xx


‘အပြာရောင်ဆွယ်တာလေး ရှာပေးစမ်းပါ’ လို့ ကြားလိုက်တယ်မို့လား၊ မာအေးဆိုဖို့ သီချင်းတိုက်ထားခဲ့ချိန်က မူရင်းသီချင်းစာမှာကျတော့ အဲဒီစာမဟုတ်ဖူးရှင့်၊ ‘ဇာဘော်လီချိတ်ကလေး ချိပ်ပေးစမ်းပါ့ ပျို့ချစ်သူကေခိုင်’ တဲ့၊ အဲဒီလို ရေးထားတာ၊ သွားကါနီး လာကါနီးအထိ ဟိုရွေး ဒီရွေး အပြီးမသတ်နိုင်သေးတဲ့ မှန်ကြိုက်မဟာ ဧည့်ခန်းထဲရောက်နှင့်ပြီးတဲ့ အိမ်ရှင်ကြီးကိုပါ အကူခေါ်ရတောင်းရ ဆနေမကျဖြစ်တဲ့အကြောင်း အိမ်ထောင်သည်တို့အတွင်းစည်းက ရင်းနှီးပုံပြတဲ့ ဟာသတကွက်ကို ဖေါ်ကျူးတာပါ။ ဒါပေမယ့်လဲ မြန်မာတို့ ယဉ်ကျေးမှုမှာ သိသာသိစေ – မမြင်စေနဲ့တွေ ရှိတယ်လေ။ ရှောင်နိုင်လေ ကေါင်းလေ လို့ စာစစ်ဘုတ်က မှန်ချက်ပေးတာနဲ့ ‘ဇါဘော်လီကနေ ဆွယ်တာပြာ’ ‘ချိန်ပေးတာ’ က ‘ရှာပေးတာ’ ဖြစ်သွားရရှာတာပါတဲ့ရှင်။

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts