ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၁၇) – Mar Mar Aye

မာမာအေး
ဧပြီ ၁၆၊ ၂၀၁၂illustration by Win Pe

“—-သိန်းသန်းကုဋေ မရေနိုင် ကိုယ်ပိုင်ဥစ္စာကြွယ်၊ စစ်ကိုင်းအနောက်ဖက်တောင်ပေါ်ဝယ်၊ တို့ပစ္စည်းတွေ ရှိနေတယ်၊ နိဗ္ဗာန်ရောက်အောင် ပါရမီကြွယ်၊ နန်းတော်ရှေ့ကို မေးလာကြရင် သူဋ္ဌေးဝါဒကို ကျနော်ပြောပြလိုက်ပါမယ် xxxနောက်ဆုံးအပိုဒ်ကျတော့ မနိုင်ဘူးလို့ ညည်းတွားသံ မထွက်ဖဲနဲ့ အသိပေးလိုက်တာမျိုး ခံစားဖြစ်ပါတယ်—”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
ပြီးခဲ့တဲ့တပါတ်က ဂီတစာဆိုကြီး နန်းတော်ရှေ့ဆရာတင် ရေးတဲ့ ပျော်အောင်နေဘို့ တွေးဘို့ တွန်းအားပေးတဲ့ ‘သူဋ္ဌေးဝါဒ’ သီချင်းအကြောင်း ပြောပြခဲ့တာပါ။ နောက်ဆုံးတပိုဒ်ဘဲ ထားခဲ့ပါတယ်။ အဲဒါဟာ အချိန်ကလဲ စေ့၊ နောက်တပုဒ်ရှိသေးတယ်လို့ ပြောရမယ့် “သူဋ္ဌေးဝါဒ” ကလဲ ရှိနေလို့ပါဘဲ။ ရှေ့ကပြောခဲ့တဲ့ “သူဋ္ဌေးဝါဒ” က လူသိမများသလို ဓါတ်ပြားနံပါတ်တွေ ဘာတွေနဲ့လဲ မတွေ့ရပါဘူး။ ဒီနေ့ ဆက်ပြောမယ့် “သူဋ္ဌေးဝါဒ”က ဆိုတဲ့သူလဲ များလို့ ကြားဖူးနေမှာပါဘဲ။ ကိုသန်းလှိုင် ခေတ်ဟောင်းစာအုပ်ကြီးထဲက နန်းတော်ရှေ့ဆရာတင် နေရာမှာ ဓါတ်ပြားနံပါတ် B.O.13 1939 JUNE လို့ ဖေါ်ပြထားပါတယ်။ သီချင်းနာမည်တူဖြစ်ပေမယ့် ရည်ရွယ်ချက်ချင်း မတူဘူးလို့ ဆိုရမယ် ထင်တယ်၊ နားထောင်ပြီးသွားတဲ့ “သူဋ္ဌေးဝါဒ”က လူတွေ အားတက်အောင် ပျော်ပျော်နေဘို့ တိုက်တွန်းတာမျိုးဘဲ။ ခုဟာက သူဋ္ဌေးလို နေမယ်လို့ ပြောတာမျိုးပါ။ နားထောင်ကြည့်လိုက်ပါလေ။ ရှားရှားပါးပါး ရွာစားကျော်ကလေး ‘ပစ်တိုင်းထောင်’ အသံကိုလဲ ကြားဖူးသွားအောင်ပေါ့နော်။

 

* (သူဋ္ဌေးဝါဒ – ခြေဆင်း) ပိုက်ဆံရှားတာ နားမလည် ပိုက်ဆံပေါတာ ပြောတတ်တယ် … ဇမ္ဗူဒီပ နိမိတ္တတဲ့၊ ကျန်းမာရေး နဲ့ သူဋ္ဌေးဝါဒကို မပယ် xxx


ဟိုတနေ့က သူဋ္ဌေးဝါဒ ခြေဆင်းနဲ့ မတူဘူး ဆိုတာ သိပြီပေါ့နော်။ စာကိုယ်ပိုဒ်မှာ သူဋ္ဌေးတွေ နေတတ်တာကို ဆရာတင်ပြောပြတဲ့သဘော ရေးထားပါတယ်ရှင်။ ဆက်နားထောင်လိုက်ပါ။ သူ့အမြင်ကလေးလဲ တွေ့လာပါလိမ့်မယ်ရှင်။

* (သူဋ္ဌေးဝါဒ – စာကိုယ်) ရတနာ ခွန်နှစ်ပါးရယ်နဲ့ မော်တော်ကါးလဲစီးမယ်၊ ဆင်းရဲတာနားမလည်၊ မင်းပွဲမှာသွားမယ်ကွယ် xxx ရတနာ ခွန်နှစ်ပါးရယ်နဲ့ မော်တော်ကါးလဲစီးမယ်၊ ဆင်းရဲတာနားမလည်၊ မင်းပွဲမှာသွားမယ်၊ အပေါင်းသဟာများတွေရယ်၊ ကေါင်းတာကိုမှ စားမယ်၊ နန်းတော်ရှေ့ကို မေးလာကြရင် သူဋ္ဌေးဝါဒကို ကျနော် ပြောပြလိုက်ပါမယ် xxx
(စိန်လိုချင်ရင် စိန်ဖြစ်ရမယ်၊ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်ကွယ်၊ လူစိတ်ဓါတ်ဟာ လောက အမြတ်ဆုံးတကယ်) ၂ xxx အော် ချစ်တဲ့ရည်းစား စွဲလန်းကြတော့ မကြာဧကန်ရတတ်တယ်၊ ဤပမာလိုမှတ်ကြဖွယ်၊ မောင်လိုချင်တာ ရစေ့မယ်၊ ခင်လိုချင်တာ ပို့လိုက်မယ်၊ နန်းတော်ရှေ့ကို မေးလာကြရင် သူဋ္ဌေးဝါဒကို ကျနော်ပြောပြလိုက်ပါမယ် xxx


ဟိုးတချိန် ခေတ်မကေါင်းတဲ့အခါက လူမျိုးခြားတွေဝင်လာ စည်းပွားတွေရှာနဲ့ အလုပ်ဖြစ်နေတာမြင်၊ ဆရာတင့်သဘောမှာ ကေါချင်တာလေးပေါ်သယောင် တွေ့သလားလို့၊ တို့ပစ္စည်းတွေလဲ မရေနိုင်အောင်ရှိပါတယ်၊ စစ်ကိုင်အနောက်ဖက်ကတောင်တွေပေါ်မှာ နိဗ္ဗာန်ရောက်အောင် ထားတယ်လို့ ပြောတာဟာ ရွဲ့တဲ့တဲ့ ဖြစ်မလားလို့ပါ။

 

* (သူဋ္ဌေးဝါဒ – တပိုဒ်) [ပစ္စည်းဥစ္စာ ယခုတိုးပွားတဲ့ လူမျိုးခြားနဲ့ စံမနှိုင်းပါနဲ့ အမှန်အတိုင်း ဆိုချင်တယ်] ၂ xxx သိန်းသန်းကုဋေ မရေနိုင် ကိုယ်ပိုင်ဥစ္စာကြွယ်၊ စစ်ကိုင်းအနောက်ဖက်တောင်ပေါ်ဝယ်၊ တို့ပစ္စည်းတွေ ရှိနေတယ်၊ နိဗ္ဗာန်ရောက်အောင် ပါရမီကြွယ်၊ နန်းတော်ရှေ့ကို မေးလာကြရင် သူဋ္ဌေးဝါဒကို ကျနော်ပြောပြလိုက်ပါမယ် xxx


နောက်ဆုံးအပိုဒ်ကျတော့ မနိုင်ဘူးလို့ ညည်းတွားသံ မထွက်ဖဲနဲ့ အသိပေးလိုက်တာမျိုး ခံစားဖြစ်ပါတယ်။ တိုက်တွေ စက်တွေ အိမ်တွေကို လူမျိုးခြားတွေ ပိုင်ကုန်ပြီ ဆိုင်ကုန်ပြီလို့ ဆိုပြ ပြောပြနေပေမယ့်လဲ တို့ဗမာတွေက စည်းပွားဥစ္စာကို ကျောင်းကန်ဘုရား နဲ့ ဇရပ်များ တည်ထားနေတော့တာဘဲ၊ ကျနော့ကို မေးလာရင်တော့ အဲဒါ သူဋ္ဌေးဝါဒပေါ့ လို့ ပြောလိုက်မယ် တဲ့။

 

* (သူဋ္ဌေးဝါဒ – နောက်ဆုံးပိုဒ်) တိုက်တွေနဲ့ စက်တွေ အိမ်တွေ၊ ဘာသာမျိုးခြားတို့ ပိုင်တာတွေ ဆိုင်တာတွေတဲ့ခင်ဗျ၊ ဆိုပါလေငြားသော်လဲ၊ တို့ဗမာစည်းပွားဥစ္စာ ကျောင်းကန်ဘုရားနဲ့ ဇရပ်တွေ အကုန်တည်၊ နန်းတော်ရှေ့ကို မေးလာကြရင် သူဋ္ဌေးဝါဒကို ကျနော်ပြောလိုက်ပါမယ် xxx သူဋ္ဌေးဝါဒကို ကျနော်ပြောပြလိုက်ပါမယ်

ချစ်စွာသော သောတရှင်၊ အခုအချိန်လို နှလုံးစိတ်ဝမ်း အေးချမ်းစရာ လမ်းစတွေ ပေါ်လာနေတဲ့အခါမှာ၊ သူဋ္ဌေးဝါဒလို သီချင်းမျိုးတွေ ထပ်ပြီး ကြားရတာ မင်္ဂလာရှိတယ်လို့ ခံစားရလိမ့်မယ် ထင်ပါရဲ့။ နောက်တပါတ်ကျရင် … မာအေး ပြောပြမှ သိဖြစ်ကြမယ့် သီချင်းလေးတွေထဲက အမှတ်တရ တပုဒ်ကို ထုတ်ပြောပြရင် ကေါင်းမလားလို့၊ ဘာများလဲလို့ သိချင်ကြမယ် ထင်တယ်နော်၊ နောက်တပါတ် နားထောင်လေ။

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။
စာစီစာရိုက် – မျိုးဇော်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts