ဖြစ်ရပ်များ၊ အမှတ်တရများ

၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတစ်ယောက်၏မိသားစုဘဝ

 စိန်စိန်သူ
မတ်လ ၂၇၊ ၂၀၁၂
ကျမဖေဖေ၏သေဆုံးမှုတွင် ရက်စက်စွာပါဝင်ဆင်နွှဲခဲ့ကြသောသူများသည်လည်း မိဘ၊ မိသားစုဘ၀ မျှော်လင့်ချက်၊ အနာဂတ်ဘ၀ဆိုတာ ရှိကြမှာပင်။ သို့သော် လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ဖေဖေအပါအ၀င် လူပေါင်းများစွာ၏အသက်၊ မိသားစုဘ၀၊ အနာ ဂတ်ပေါင်းများစွာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပါသောလူတစ်စုသည် အမှန်တကယ်ရှိခဲ့ပါတယ်။ ထိုလူတစု၏ လုပ်ကြံစွပ်စွဲမှုကို ခံခဲ့ရ သော အမှန်တကယ်နစ်နာသူများစွာထဲကတဦးဖြစ်သည့် ကျမဖေဖေ၏ဘ၀အကြောင်းကို ပြောပြလိုပါတယ်။

ဖေဖေဦးစိန်ကို ၁၉၄၄ ခု၊ မတ်လ ၂၈ ရက်နေ့မှာ ပဲခူးတိုင်း၊ စစ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ ဦးသန်း၊ ဒေါ်စောညွှန့်တို့၏ သားသမီး (၆) ယောက်တွင် အငယ်ဆုံးသားပါ။ ကျမအဖွား မေမေကြီးဒေါ်စောညွှန့် ကျမကိုပြောခဲ့သော စကားတစ်ခွန်းရှိပါတယ်။ “ငါ အချစ်ဆုံးနဲ့ အမုန်း ဆုံးက တယောက်တည်း” ဟုပါ။ ထိုသူမှာ ဖေဖေဦးစိန်ပဲဖြစ်ခဲ့ပါတယ်။ ပညာတတ်ရှားပါးသော လယ်သမားမိသားစုဘ၀အတွင်းမှ ဉာဏ် ပညာထက်မြက်သော ခေတ်ပညာတတ်သားငယ်ကို ရန်ကုန်မြို့ကြီးမှာ တင့်တောင့်တင့်တယ်နေစေလိုခဲ့သည်မှာ မေမေကြီး၏ ဆန္ဒပင်ဖြစ်ပါ တယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသားဘ၀မှစ၍ ယုံကြည်ရာလုပ်ရင်း အမေ၊ ဇနီးမယား၊ သားသမီးများကိုထားခဲ့ပြီး ထွက်သွားရာမှ နောက်ဆုံးပြန်မဆုံနိုင်ခဲ့ခြင်းအတွက် ၀မ်းနည်းဒေါသမှန်း ကျမ နားလည်ခဲ့ပါတယ်။

ဖေဖေငယ်စဉ်က အထက (စစ်ကွင်း) တွင် ပညာသင်ယူခဲ့ပါတယ်။ ထိုခေတ်ပညာရေးစနစ်အရ ဉာဏ်အလွန်ကောင်းသောဖေဖေသည် န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်းကို တနှစ်တည်းဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီး ၁၉၆၀ တွင် တက္ကသိုလ်ပညာရေးကို စတင်သင်ကြားခွင့် ရခဲ့ပါ တယ်။ တက္ကသိုလ်တက်ရောက်ပြီး ဇူလိုင် ၇ အရေးတော်ပုံမှအစပြုကာ ဖေဖေသည် သူယုံကြည်ရာလမ်းကိုလျှောက်ခဲ့သူ ဖြစ်ပါတယ်။

၁၉၆၃ – ၆၄ တွင် လသာမြို့နယ်တွင်းရှိ ကျောင်းတစ်ခုတွင် ကျောင်းဆရာလုပ်နေရာမှ စက္ကူစက် ပညာတော်သင်လျှောက်ရာ ရွေးချယ်ခံရပြီး ၁၉၆၅ မှ ၆၇ အတွင်း တရုတ်ပြည်တွင် ၂ နှစ်ကြာ စက္ကူစက်ပညာတော်သင်သွားရောက်ခဲ့ပါတယ်။ ပညာတော်သင်မှ ပြန်ရောက်လာပြီး ပထမဦးစွာ လမ်းနီလေး သုတေသနရုံး၊ ထို့နောက် စစ်တောင်းစက္ကူစက်တွင် လက်ထောက်ဖိုမင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၇ တွင် ကျမမေမေ ဒေါ်ကျင်အေးနှင့် အိမ်ထောင်ပြုခဲ့ပါတယ်။ ကျမဖေဖေဟာ ယောက္ခမချစ်အောင်နေတတ်ခဲ့သော သမက်တယောက်ဖြစ်ပါ တယ်။ ကျမ၏ကြီးတော် (မေမေ့အစ်မ) က အခုချိန်ထိ စကားစပ်မိတိုင်း ပြောတတ်ပါတယ်။ “မောင်စိန့်ကို အမေ (မေမေ့ အမေ) က ကို သိန်းထွန်း (ကျမကြီးတော်၏ယောက်ျား) ထက် ပိုချစ်တယ်။ အမေ့ရွာ (ဝေါမြို့နယ်အတွင်းက မေမေတို့ဇာတိရွာပါ) ကိုသွားလည်ရင် လိုက် သွားပြီး ငါးတွေမျှား၊ အမျိုးတွေအိမ် လျှောက်သွား။ အမေချက်ကြွေးတာတွေကို ကောင်းလိုက်တာဆိုပြီးတော့စား၊ အမေ သဘောကျအောင် နေတတ်တယ်” ဟု ပြောလေ့ရှိပါတယ်။

ကျမဖေဖေက သားသမီးတွေပေါ်မှာလည်း ရည်ရွယ်ချက်ကြီးမားသောအဖေမျိုးပါ။ သမီးဦးဖြစ်သော ကျမအစ်မကို တရုတ်အမျိုးသမီး ချော အိမန်ကိုအားကျ၍ ငယ်စဉ်က ချောအိမန်ဟုခေါ်ခဲ့ပြီး ကျောင်းနာမည်ကို စာရေးဆရာမ ခင်မာသစ်ကိုသဘောကျ၍ ခင်မာသစ်ဟု ပေးခဲ့ပါ တယ်။ သားသမီး (၅) ယောက်စလုံးကို ခေတ်ပညာတတ် ထူးထူးချွန်ချွန်တွေ ဖြစ်စေချင်ခဲ့တယ်။ နယ်တွင် တွဲဖက်ကျောင်းဆရာလုပ်နေစဉ် အိမ်ကိုစာရေးတိုင်း ကျမတို့မောင်နှမတတွေ၏ ပညာရေးအတွက် အမြဲလှမ်း၍ဆုံးမတတ်ပါတယ်။ ထို့ကြောင့်ပင် ဖေဖေထွက်သွားစဉ်က (၄) နှစ်အရွယ် အငယ်ဆုံးညီမလေးအပါအ၀င် မောင်နှစ်မ (၅) ယောက်စလုံးကို ကျမမေမေသည် ဆင်းရဲဒုက္ခပေါင်းများစွာခံကာ ပညာဖြင့်ရပ်တည်နိုင်သောဘ၀မျိုးရောက်အောင် မေမေကြိုးစားခဲ့ပါတယ်။ ဖေဖေမရှိဘဲ ဖေဖေကိုယ်စား သားသမီးများကို ကြိုးစားထူထောင်ပေးခဲ့ရ သော မေမေ့ဆင်းရဲဒုက္ခများက အလွန်များခဲ့ပါတယ်။

ဖေဖေသည် စစ်တောင်းစက္ကူစက်တွင် တာဝန်ထမ်းဆောင်နေရာမှ ၁၉၇၀ တွင် အတွင်းဝန်ရုံးပတ်လည်တွင် စက္ကူစက်အလုပ်သမားများ ဆန္ဒပြမှုဖြင့် အလုပ်ပြုတ်ခဲ့ပါတယ်။ ထို့နောက် ဒလသင်္ဘောကျင်းတွင် ဘွဲ့ရအလုပ်သင်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ၁၉၇၆ တွင် မီးမောင်း စာစောင်ထုတ်ဝေမှု၊ မှိုင်းရာပြည့် အရေးတော်ပုံလှုပ်ရှားမှုများအတွက် ပေါင်းပြီး ထောင်ဒဏ် (၁၈) နှစ် ကျခံခဲ့ရပါတယ်။ သို့သော် ၁၉၈၀ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်ကွင်းမြို့တွင် မေမေကြီးနှင့်အတူ လယ်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့ပါ တယ်။

သို့သော် ရန်ကုန်မြို့တွင်ပြန်လည်နေထိုင်စေချင်သော ဖေဖေ၏ တွဲဖက်သူငယ်ချင်းများ၊ နိုင်ငံရေးလှုပ်ရှားဖက်များ၏ တိုက်တွန်းမှုကြောင့် ဖေဖေသည် ၁၉၈၂ တွင် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပါတယ်။

၁၉၈၆ – ၈၇ တွင် ဇလွန်မြို့နယ်တွဲဖက် အထက (ကော့ကပ်)၊ ၁၉၈၈ တွင် မြောင်းမြမြို့နယ် တွဲဖက်အထက (မြင်းကားဆိပ်) တွင် ကျောင်း ဆရာလုပ်ခဲ့ပါတယ်။ ဖေဖေနှင့်အတူ ကျောင်းဆရာလုပ်ခဲ့ဘူးသော ဖေဖေ့သူငယ်ချင်းများက ကျမတို့အိမ်ရောက်တိုင်း ကိုစိန် စာသင်တုန်း ကလေဟုအစချီကာ ဖေဖေနှင့် စာသင်ခန်းအတွေ့အကြုံများကို ကျမတို့ကို ဖောက်သည်ချတတ်ပါတယ်။

ဖေဖေ အိမ်ကစတင်ထွက်သွားသည့် ၁၉၈၉ ဇူလိုင် ၁၄ ရက်နေ့မှာ ကျမတို့မိသားစုတွေအတွက် မှတ်မှတ်ရရ ပါ။ ကျမမွေးနေ့လည်းဖြစ်သလို လပြည့်ဟုခေါ်သော ၀ါဆိုလပြည့်နေ့တွင်မွေးသည့် ကျမမောင်မွေးနေ့နှစ်ခု တိုက်ခဲ့လို့ပါ။ မေမေသည် ကျမတို့ မောင်နှစ်မမွေးနေ့အတွက် မုန့်ဖက်ထုပ်များလုပ်ပြီး အိမ်နီးနားချင်းများကို ဝေခဲ့ပါတယ်။ ကျမတို့က မေမေနှင့် ဖေဖေအတွက်ဟုဆိုကာ မုန့်ဖက်ထုပ်အကြီးကြီး ၂ ခု လုပ်ထားခဲ့ပါတယ်။ မေမေ့အတွက်ကို မေမေက စားခဲ့ပြီး၊ အပြင်ထွက်သွားသော ဖေဖေ့အတွက်မုန့်ကို ဘုရားစင်တွင်တင်ထားပြီး သိမ်းထား ခဲ့ပါတယ်။ ညရောက်သည့်တိုင် ပြန်မလာခဲ့သော ဖေဖေ့အတွက် အိပ်ရာခင်းပြီး ကျမစောင်နေခဲ့ပေမယ့် ထိုညမှစ၍ ဖေဖေပြန်မလာခဲ့သည်မှာ ယနေ့တိုင်ပါ။

၁၉၉၂ ဇူလိုင်တွင် ဖေဖေဆုံးပြီဆိုသည့်သတင်းကြားသည့်တိုင် ကျမတို့အတွက်တော့ မယုံကြည်နိုင်ခဲ့၊ လက်မခံနိုင်ခဲ့ပါ။ ဒါတောင် အဲဒီအချိန် ကျမတို့သိခဲ့သော ဖေဖေသေဆုံးပုံသည် ယခုသိရသောအဖြစ်မှန်ကဲ့သို့ အလွန်ဆိုးရွားသောခြေအနေမှန်း ကျမတို့မိသားစုမသိခဲ့ရပါ။ ခရီး ထွက်သွားသောဖခင်အပြန်ကို စောင့်မျှော်နေသည့်မိသားစုတွေလိုပဲ ကျမတို့သည် ဖေဖေများ ပြန်လာမလား၊ ဆက်သွယ်လာမလား၊ ဘယ် တော့လောက်ဖုန်းဆက်မလဲဆိုတာမျိုးသည် ပြန်မလာနိုင်မှန်းသိခဲ့ရသည့် ယခုအချိန်ထိလည်း ရှိနေဆဲပါ။

ကျမတို့မောင်နှမတွေမှ မေမေ့ကိုအနိုင်ရချင်လျှင် “မေမေ … ဖေဖေက နောက်အိမ်ထောင်ပြုပြီး ဇာတ်မြှုပ်နေတာနော်။ မေမေ ဘာသိလို့လဲ” ဟု နောက်တတ်သလို၊ မေမေမှလည်း ကျမတို့တတွေကို အနိုင်ရချင်လျှင် “နင်တို့ အဖေတူ အမေကွဲ မောင်နှမတွေပေါ်လာအုံးမယ်နော်” ဟု အနှစ် ၂၀ ကျော်ကြာခဲ့ပေမယ့် ပြန်လာနိုးမျှော်တတ်ခဲ့သော ကျမတို့မိသားစုအတွေးသည် မဖြစ်နိုင်မှန်းသေချာနေသည့် ယခုအချိန်မှာတော့ စကားအဖြစ် ကျန်နေခဲ့ပါတယ်။

ကျမ၏ အစ်မနှင့်ညီမ (၂) ယောက် အိမ်ထောင်ကျပြီး သားလေးတွေမွေးထားရာ ထိုကလေးတွေ၏ အမူအကျင့်၊ စရိုက်လက္ခဏာသည် ဖေဖေနှင့် တချို့အချက်တွေတူတတ်ရာ တခါတရံ ဖေဖေ၀င်စားတာလားဆိုကာ ကလေးတွေကို ကိုစိန်လေးလား မေးမိသည်မှာလည်း ကျမတို့ မိသားစုအလုပ်တခုပါ။ သူတို့တွေမှာလည်း သူတို့သားတွေထဲမှ တယောက်ယောက်သည် ဖေဖေ၀င်စားတာအဖြစ် ဂုဏ်ယူချင်ကြ သည်။ ကျမတို့ မိသားစုမှာ ဖေဖေ၏ သေဆုံးမှုကို သိပေမယ့်စိတ်ထဲက လက်မခံနိုင်ခဲ့ကြပါ။

မည်ကဲ့သိုသောလူအမျိုးအစားဖြစ်ပါစေ ထိုသူကိုချစ်ခင်တွယ်တာသော မိဘ၊ ညီအစ်ကိုမောင်နှစ်မ၊ သားသမီး၊ သူငယ်ချင်းမိတ်ဆွေဆိုတာ ရှိစမြဲပါ။ နောက်ဆုံး တိရိစ္ဆာန်များတွင်ပင် တစ်ကောင်နှင့်တစ်ကောင် တွယ်တာစိတ်ဆိုတာ ရှိကြပေသည်။ သို့သော် ဖေဖေအပါအ၀င် ကျောင်းသားများကို ရက်ရက်စက်စက်သတ်ခဲ့ကြသောပြစ်မှုကိုကျူးလွန်ခဲ့ကြသောလူတစ်စုသည် မိသားစုဘ၀ဆိုတာ နားမလည် လူစိတ် ကင်းမဲ့စွာဖြင့် အမှားကြီးကို ကျူးလွန်ရဲခဲ့ကြပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

7 thoughts on “၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတစ်ယောက်၏မိသားစုဘဝ
  1. အလွန်စိတ်မကောင်းဖြစ်ရပါသည်။ ထိုအချိန်ကကျူးလွန်ခဲ့ကြသောသက်ရှိထင်ရှားတရားခံများဖတ်မိခံစား
    တတ်ကြပါလေစ။သူတို့ဇနီး၊သားသမီးများလည်းထပ်တူထပ်မျှခံစားရအုံးမှာပါ။ကျိန်ခြင်းအမင်္ဂလာဆိုတာ
    သားစဉ်မြေးဆက်လေးဆက်တိုင်အောင်ကျရောက်မှာပါ။ယခုလက်ရှိထိုသူတို့နှင့်အိမ်ထောင်ပြုထားသူများ
    ဘယ်လိုခံစားချက်ရှိလည်းသိချင်လိုက်တာနော်။ဖြစ်နိုင်ရင်သူတို့ရဲ့တုံ့ပြန်သံလေးလည်းကြားချင်ပါတယ်။

  2. really sad to read..anyway,by our LORD BUUDDHA WAY,please forgive them,
    a person who really did this things,never run away ..his shadow will follow him..
    MAY YOUR FATHER REST IN PEACE !

  3. လူသတ်သမားမိုက်ကန်းကန်းမျိုးချစ်တွေ နေရာတခုရလာမှာ
    လူမှုအသိုင်းအ၀န်းမှာဝင်ဆန့်လာမှာကြောက်ပါတယ်….

  4. After finished this news , i have two feeling . so sorry and so hate to dirty militancy governmental of clean BURMA ‘S people.

Comments are closed.