မိုးမခကို ပေးတဲ့စာ

ဝတ်ပြုဆုတောင်းပွဲ မပျက်ပါ

မိုးမခ ပေးစာ
မတ်လ ၂၂၊ ၂၀၁၂

၂၂၊ ၃၊ ၂၀၁၂ ရက်နေ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ရှေ့တော်မှောက်တွင်ကျင်းပမည့် ၀တ်ပြုဆုတောင်းပွဲနှင့်ပတ်သက်၍ ၂၁၊ ၃၊ ၂၀၁၂ ရက်နေ့ မွန်းလွဲ (၂) နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့မှ ညွှန်ကြားလာပါသည်။

နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး (သို့) သာသနာရေးဌာနပြည်ထောင်စုဝန်ကြီးထံတင်ပြပြီးမှပြုလုပ်ရန်နှင့် မဟာမြတ်မုနိ ဘုရားကြီး သြဝါဒါစရိယဆရာတော်ကြီးများ၏ခွင့်ပြုချက်ရပြီးမှ ပြုလုပ်ရန် စာဖြင့်ညွှန်ကြားခြင်းဖြစ်ပါသည်။

ညွှန်ကြားစာရသည်နှင့်တပြိုင်နက် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများထံခွင့်တောင်းဖို့သွားရာ ဘုရားကြီးတိုက်လယ်ပေါ်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကာရုညက “လုပ်လို့လည်း မတိုက်တွန်းဘူး။ မလုပ်နဲ့လို့လည်း မတားမြစ်ဘူး” ဟု မိန့်တော်မူပါသည်။

မြတောင်ကျောင်းတိုက် ရွှေဝါဝင်းဆရာတော်ကြီး ဘုဒ္ဒန္တသာသနာဘိဝံသက “ဆန္ဒမစောဖို့နှင့် အချိန်သင့်ကခွင့်ပြုမည်” ဖြစ်ကြောင်း မိန့် တော်မူပါသည်။

ဘုရားကြီးသြဝါဒါစရိယ အများစုမှာ သက်တော်ရှည်ဆရာတော်ကြီးများ ဖြစ်သည့်အားလျှော်စွာ ကျန်းမာရေးမကောင်းကြတော့ပါ။ အိပ်ရာ ထက်မှာ ပက်လပ်လဲနေတော်မူရှာသောဆရာတော်ကြီးများကိုလည်း တွေ့မြင်ခဲ့ရပါသည်။

သို့ဖြစ်၍ ဆရာတော်ကြီးများအား ဒုက္ခပေးသလိုဖြစ်နေမည်စိုးသောကြောင့် “ကိုယ့်ဒုက္ခကိုယ်ခံမည်” ဆရာတော်ကြီးများ စိတ်အနှောက်ယှက် အဖြစ်မခံနိုင်ဟုနှစ်လုံးသွင်းကာ ဝတ်ပြုဆုတောင်းပွဲကို မပျက်မကွက်ဆက်လက်ကျင်းပတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။

နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့် သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီးထံသို့တင်ပြဖို့ဆိုလျှင် ဘုရားကြီးသြဝါဒါ စရိယဆရာတော်ကြီးများ၏ခွင့်ပြုချက်ရမှသာ တင်ပြသင့်သည်ဖြစ်သောကြောင့်၊ ထိုသို့လျှောက်ထားတင် ပြခြင်းကိစ္စလည်း မဖြစ်နိုင်တော့ပါ။

22.3.2012- ၂၂၊ ၃၊ ၂၀၁၂ ရက်နေ့ မနက် (၇) နာရီခန့်တွင် တိုင်းဒေသကြီး သာသနာရေးမှူးကိုယ်တိုင် ရောက်ရှိလာပါသည်။ စာနှစ် စောင်ပါလာပါသည်။ တစ်စောင်မှာ- တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်မှ- အရှင်ဝီရသူထံ ပြန်ကြားစာဖြစ်၍၊ ကျန် တစောင်မှာ ၎င်းဦးအုန်းလွင်က- တိုင်းဒေသကြီး သာသနာရေးမှူးထံ ပေးပို့သောစာဖြစ်ပါသည်။ နှစ်စောင်စလုံးမှာ- ဝတ်ပြုဆုတောင်းပွဲ ခွင့် မပြုရေးကိစ္စပင် ဖြစ်ပါသည်။

ဝတ်ပြုဆုတောင်းပွဲ ဆက်လက်ကျင်းပပါမည်။ ရွှေညဝါဆရာတော်လို အရေးယူခံရမည်မှာသေချာပါသည်။ ဒီမိုကရေစီအရေး သက်သက် ဆိုလျှင် ယခုလို အတိုက်အခံလုပ်မည်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို ဘောင်အတွင်းမှသာဆောင်ရွက်မည်ဖြစ်ပါသည်။ ယခုမှာမူ အကျဉ်းသားအရေးဖြစ်သောကြောင့်လည်းကောင်း၊ အကျဉ်းသားလွတ်မြောက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက်သူနည်းပါးလှသော ကြောင့်လည်းကောင်း၊ လက်ကျန်ယုံကြည်ချက်အကျဉ်းသားတို့၏ အနာဂတ်မရေမရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ ကန့်ကွက်မှုများ ကြားမှ အတိုက်အခံလုပ်၍ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

မြို့နယ်သံဃနာယက၊ တိုင်းသံဃနာယကတို့က တားမြစ်ပိတ်ပင်ခြင်းမဟုတ်ပါ။ တိုင်းဒေသကြီးအစိုးရကသာ တားမြစ်ပိတ်ပင်ခြင်းဖြစ်ပါ သည်။ ဘုရားသားတော်များ၊ ဘုရားသာဝကများလွတ်မြောက်ရေးအတွက် ဘုရားရှေ့မှာဝတ်ပြုဆုတောင်းသောကြောင့် တစ်စုံတစ်ရာ အရေးယူမည်ဆိုလျှင် ကျေကျေနပ်နပ်ကြီး ခံယူမည်သာဖြစ်ပါသည်။

သံဃာတော်များအနေဖြင့် ဘုရားသားတော်များပီပီ ဘုရားလမ်းစဉ်ဖြစ်သည့် အကြမ်းမဖက်မူ၍ ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် သံဃာ့ အခွင့်အရေးကို အရယူစေလိုပါသည်။

ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစ်စိုက် ကြိုးစားဆောင်ရွက်နေသူ
ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးတိုင်းဒေသကြီး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts