ကဗျာ

ကျုပ်တို့ရွာအကြောင်း

နိုင်ဦးညို (ဖိုးဇီးရိုး)
မတ်လ ၁၆၊ ၂၀၁၂

ခင်ဗျားတို့နဲ့ ကျုပ်တို့
ဒီမြေကြီးမှာ အတူမွေး
ဒီရေကို အတူသောက်
ဒီလမ်း ဒီခရီးတွေ
အတူသွားခဲ့ဘူးကြတယ်။

တကောင်း ဗိဿနိုး သရေခေတ္တရာ
သုဝဏ္ဏဘူမိ ပုဂံ ကေတုမတီ
ရက္ခပူရ ကမ္ဘောဇ
ခေတ်တွေဘယ်လိုပင်
ပြောင်းခဲ့ပြောင်းခဲ့
စနစ်တွေဘယ်လိုပင်
ပြောင်းခဲ့ပြောင်းခဲ့။

ဆွမ်ပရာဘွမ် ကော့သောင်
မောင်းတော တာချီလိတ်
ခါကာဘိုရာဇီ ချင်းတောင်တန်း
တနင်္သာရီ ရခိုင် ပဲခူး ရှမ်းရိုးမ
ဧရာ သံလွင် ချင်းတွင်း စစ်တောင်း
မြို့ကြီးကြီးငယ်ငယ်
မြစ်ကြီးကြီးငယ်ငယ်
တောင်ကြီးကြီးငယ်ငယ်၊

မြင်းခေတ်ကလည်း မြင်း
လှေခေတ်ကလည်း လှေ
လှည်းခေတ်ကလည်း လှည်း
ကုန်းကြောင်း ရေကြောင်း
ဟိုနား ဒီနားခရီးကြုံ
အထူးတန်းရွိင်ရယ်ကလပ်စ် မလိုဘူး
ဟိုတယ်ရီဆာဗေးရှင်း မလိုဘူး
ခရီးသွားပတ်စ်ပို့တ် မလိုဘူး
အဖော်ကောင်းလို့ စရိတ်မလိုဘူး
ရထားလက်မှတ်တန်းစီဖို့ မလိုဘူး

ကျုပ်ဘကြီးတစ်ယောက်အပြော
မြစ်ဆိပ်ခဏသွားတာ
သုံးနှစ်ကြာမှပြန်ရောက်လာတယ်၊

ကျုပ်တို့ခေတ် လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်နှစ်ဆယ်
ဘားမားရေးလ်ဝေးနဲ့ ကပရခေတ်
ရန်ကုန် မန်း လမ်းမတလျှောက်
ရွှေမန်းမေနဲ့ ဒဂုန်မန်း
တညအိပ် နှစ်ရက်ခရီး
တမြို့ဝင် တရွာထွက်
ကိစ္စမရှိဘူး ရပ်ရွာဒေသ
ဗဟုသုတတောင်ရသေး၊

ပြည်တွင်းရေကြောင်း
မြစ်ရိုးတလျှောက်
ဓနုဖြူ အညာဆန်
ငါးညအိပ် ခြောက်ရက်
အပန်းဖြေမဟုတ်
ရွာပြန်ဘိုးဘွားနဲ့တွေ့ဖို့
ကုန်ပတ်ပေါ်ဖျာကြမ်းခင်း
စက်သံတဝုန်းဝုန်းကြားက
ဇရက်မင်းစည်းစိမ်
ပြန်လွမ်းမိရသေး။

ဒီအရပ် ဒီရွာကို
အင်တာနက်
အင်တာနေရှင်နယ်
ဂလုပ်ဘယ်လိုက်ဇေးရှင်း
ကမ္ဘာရွာခေတ်မှာ
အညာပြန်ဖို့တော့
အညာဆန်နဲ့
မြန်ဖို့မလို
မြစ်ရိုးတလျှောက်
ကုန်းဘောင်ထိုးပြီး
ရပ်သမျှနားသမျှ
မြို့ကြီး ပြကြီးပဲဖြစ်ဖြစ်
ရွာသိမ်ရွာမွှားပဲဖြစ်ဖြစ်
တွေ့သမျှလူနှုတ်ဆက်
ကျွေးသမျှစားခွင့်
တစ်ကြိမ်တစ်ခါတော့
ပြန်ကြုံချင်မိပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts