ရေခြားမြေခြား မြန်မာများ

SFBC Book Drive – ကလေးစာအုပ်များ ဆက်လှူဒါန်း၊ ရပ်ကွက်တွင်း စာကြည့်ခန်းငယ်များအတွက်ပါရည်ရွယ်

San Francisco Burmese Community Book Drive

ကလေးစာအုပ်များ ဆက်လှူဒါန်း၊ ရပ်ကွက်တွင်း စာကြည့်ခန်းငယ်များအတွက်ပါရည်ရွယ်

မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၅၊ ၂၀၁၂

မြန်မာပြည်တွင်းရှိ ကလေးသူငယ်များအတွက် San Francisco Burmese Community – Book Drive က ကလေးစာအုပ်များ စုဆောင်းပြီး ပေးပို့လှူဒါန်းသည့် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လျက်ရှိရာ ယခင်လက စာအုပ်သေတ္တာများ အသုတ် ၃ သုတ်ခန့် စုဆောင်း ပေးပို့ခဲ့သည်ဟု သိရသည်။ ရှေ့လာမည့် လအတွင်း အဆိုပါစာအုပ်များ ရန်ကုန်သို့ ရောက်ရှိပါက အဝေးနယ်များရှိ ကလေးကျောင်းအချို့ထံ ပေးပို့မည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း mini library ခေါ် အိမ်တွင်းစာကြည့်တိုက် (စာကြည့်ခန်း) ဖွင့်ထားသည့် အလင်းသစ်ဦးတည်ရာအဖွဲ့ကလည်း အဆိုပါ SFBC Book Drive ၏ အလှူငွေဖြင့် ကလေးများအတွက် မြန်မာစာအုပ်များ ၀ယ်ယူနိုင်ခဲ့ကြောင်း အကြောင်းကြားခဲ့သည်။

         SFBC Book Drive စီစဉ်သူများက မြန်မာပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ကလေးများအတွက် ဖတ်စရာ စာအုပ်စာတမ်းများ လိုအပ်ချက် အမြဲတမ်းရှိနေကြောင်း၊ တန်ဖိုး နည်းသည် များသည်ထက် မိမိတို့ မိတ်ဆွေများအတွင်း တယောက်တလက် စုဆောင်းပြင်ဆင်ပြီး ကိုယ်ထူကိုယ်ထ ပေးပို့လှူဒါန်းမှုများ ပြုလုပ်ကြစေချင်ကြောင်း၊ မိမိတို့က မိမိလက်လှမ်းမီရာ မိသားစုများ၊ စာကြည့်ခန်းများကို ပေးပို့ လှူဒါန်းခြင်းကို စမ်းသပ်ပြုလုပ်ခြင်းဖြင့် အခြားသူများလည်း ကိုယ့်ဖာသာကိုယ် လုပ်ကိုင်နိုင်သည်ကို ပြသလိုခြင်းဖြစ်ကြောင်း ပြောကြားသည်။ ( http://sfbcbookdrive.blogspot.com
         အလှူရှင်များက ပေးပို့သည့် အလှုငွေများကို လက်ခံရရှိကြောင်း ပြေစာကို ဘေးဧရိယာအခြေစိုက် non profit organization မြန်မာအဖွဲ့အနေဖြင့် ထုတ်ပြန်ပေးသည့်အပြင် လုပ်အားပေးများကိုယ်တိုင်က လုပ်အားအလှူအပြင် အလှူငွေထည့်ဝင်ပြီး မြန်မာပြည်တွင်းမှာ မြန်မာစာအုပ်များ ၀ယ်ယူလှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts