ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

နှလုံးသားတွေလှူတဲ့နေ့

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂

၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတဖျော်ဖြေပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှု အသင်း (ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည်ဖြစ်သော်ငြားလည်း ယင်းည ဖျာ်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့်မပြုခြင်း၊ အသင်း၏ယူနီဖောင်းဖြစ်သော အဖြူ အနက်ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင် ပွဲကြည့်ပရိသတ်များအနေဖြင့်လည်း မုဒိတာပွား၍ သာဓုမခေါ်ဆိုနိုင်ခဲ့ချေ။ သို့သော် နှလုံးသားတွေလှူမယ့်ညသည် မထင်မှတ်ဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

“နှလုံးသားတွေလှူမယ့်ည” အလှူပွဲအား ညအချိန်တွင် လှူဒါန်းမှုမပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂.၂.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလှူပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သူ/သားများ၊ ကိုဆောင်းဦးလှိုင်၏ ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့် စုံညီစွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေး အစစ်အမှန် မရရှိသေးသော မိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာနယ်ပယ်များမှ နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများစုံစည်း ရာပွဲ ငြိမ်းချမ်းရေးလူသားများတွေ့ဆုံသည့်ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏ အခက်အခဲများကို တင်ပြသွားခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားအဖွဲ့ကိုယ်စား ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်အား အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့် နှစ်သိန်း) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကိုမင်းကိုနိုင်မှ ကျေးဇူး တင်စကားအား ကြေကွဲစွာဖြင့်ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ကိုဆောင်းဦးလှိုင်မှ အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း) ကျပ်တိတိအား လှူဒါန်းခဲ့သည်။

ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများဖြစ်ခဲ့ပါက …. အချို့သည် ပိုက်ကွန်ဖြင့် အုပ်ခံကာ ဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြစ်ဖောက်ခွဲ၍ သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်း ကာ အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့ ပစ်တင်ခံခဲ့ရသည်” ဟု တင်စားပြောကြားခဲ့သည်။ ယင်းနောက် ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရန်ကျန်ရှိသော ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း) ကျပ်တိတိအား အများဆန္ဒဖြင့် မျိုးဆက် သစ်ဂီတဖျော်ဖြေပွဲတစ်ပွဲ ထပ်မံ၍ အလှူဒါနမတည်ငွေအဖြစ်အသုံးပြုရန် ဆုံးဖြတ်မှုကိုပြုလုပ်ခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်သည် ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် အပိတ်အပင် အတား အဆီးများကြောင့် လူကိုယ်တိုင် ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏နေအိမ်တွင် သူ၏နှလုံးသားဖြင့် ကြေကွဲစွာရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ်လက်ဆောင်ပေးအပ်ခဲ့သည်။

စာနယ်ဇင်းများကိုယ်စား နာရေးကူညီမှု အသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ ဒေါက်တာ မသီတာ (စမ်းချောင်း) မှ ကျေးဇူးတင်စကားပြောကြားရာတွင် အစဉ်အလာဟောင်းများကို ဆွဲကိုင်ရင်း အစဉ် အလာသစ်သို့ ဖောက်ထွက်ခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ၈၈ ကျောင်းသားအဖွဲ့နှစ်ခုတို့၏ ထူးခြားသောဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ နှလုံးသားတွေ လှူသည့်ပွဲ အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃.၂.၂၀၁၂ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များထံ သွားရောက်၍ အားပေး စကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်တွေ့ဆုံကြမည်ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ရောက်လျှင်ရောက်ခြင်း စစ်ဘေး ဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ယခင်ကလည်း မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ လေးရာသုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်း တန်ဖိုးကျပ် သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီးသော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အလှူငွေများလိုအပ်နေသည်ကိုသိရှိရပါ၍ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တစ်ဆင့် လှူဒါန်းမှုကို ပြုလုပ်ချင်ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတစ်ရာတိတိအား ဒီအခမ်းအနားတွင် တစ်လက်စ တည်း ၈၈ ကျောင်းသား ခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက် တတိယ အကြိမ်အဖြစ် အလှူငွေကျပ် သိန်းတစ်ရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းကဲ့သို့ နှလုံးသားများလှူတဲ့နေ့တွင် လှူဒါန်းမှုများ အသီးသီးပြုလုပ်နိုင်ခဲ့ခြင်းသည် ကိုဆောင်း ဦးလှိုင်အား လာရောက်အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် သဘာဝဘေးဒဏ်များအပြင် စစ်ဘေးဒုက္ခသည်များအတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်) အား လာရောက်လှူဒါန်းမှုများကို ပြုလုပ်ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှု တို့ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ၂၂.၂.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နှလုံးသားတွေလှူသောနေ့ အလှူပွဲကြီးအား အများပြည်သူ နတ်လူသာဓု ခေါ်ဆိုနိုင်ရန်အတွက် တင်ပြလိုက်ရ ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “နှလုံးသားတွေလှူတဲ့နေ့
  1. Bravo!! Congratulations to all (including the public)!!!!! BTW, if they are going to “Democracy”, why’re these disturbances to such an event like this ????

  2.ုဘုရားရှင်ရဲ့ ကံဝါဒအမြင်နဲ့ ညှိပြောရရင် အနှောက်အယှက်တွေဟာ မိမိတို့ရဲ့ အတိတ်အကုသိုလ်ကံတွေကြောင့်လည်း ပါပါတယ်။အတိတ်ကံကိုချည်းပုံချပြီး အားငယ်ဖို့ ပြောပြတာမဟုတ်ပါဘူး။ အနှောက်အယှက်တွေ တွေ့တိုင်း မိမိတို့ရဲ့ အတိတ်အကုသိုလ်အတိမ်အနက်ကို သိနားလည်ပြီး မိမိတို့ ဘ၀မှာ ဒီလို အနှောက်အယှက်တွေကို မတွေ့ချင်တော့ရင် အကုသိုလ်တွေကို ကြိုးစားရှောင်ပြီး ကုသိုလ်တရားတွေ ကြိုးစားလုပ်ဆောင်သွားဖို့ပါ။အခုလိုမျိုး အနှောက်အယှက်ကျော်လွားနိုင်တိုင်းလည်း မိမိတို့ရဲ့ အတိတ်က အကုသိုလ်ကံကြွေးတခုကို ဆပ်လိုက်ပြီလို့ မှတ်ယူရပါမယ်။ကိုဆောင်းဦးလှိုင်ရေ သာဓု သာဓု သာဓု ပါဗျာ။

  3. နှောက်ယှက်တဲ့ အကျင့်က နှစ်အတော်ကြာကြာ စွဲလာခဲ့တာဆိုတော့ ချက်ချင်းကြီးတော့ သူတို့ ဖျောက်ပစ်ဖို့ ခက်နေတယ်ထင်တယ်နော်။ အရှိန်နဲ့ သွားနေသေးတာပေါ့ဗျာ။ တနည်း အားဖြင့်တော့ သူတို့ကို ကျွန်တော်တို့ရဲ့ သည်းခံခြင်းဓါး၊အခက်အခဲကို ကျော်လွားမယ် သတ္တိ ၀ီရိယဓါး၊ဦးတည်ချက်အတွက် ခိုင်မာတဲ့ ယုံကြည်ခြင်းဓါးတွေကို သွေးပေးနေတဲ့ ဓါးသွေးကျောက်အဖြစ်နဲ့ တခါတလေ ကျေးဇူးတင်နေမိတယ်။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ဦးတည်ချက်ကို သွားနေသူတွေဟာ အမြဲတမ်းလွတ်လပ်နေပါတယ်။ သူများခိုင်းတဲ့အတိုင်းပဲ လုပ်နေတဲ့ လူတွေမှာတော့ ဘယ်တော့မှမလွတ်လပ်နိုင်တော့ပါဘူး။

    1. I do agree with U Kaw as these people can’t yet change their mind and habits. But we got to prove that we have got enough resistance to be able to overcome whatever hindrances and obstacles are….. Carry on, and be UNITED our people!!!

Comments are closed.