နိုင်ငံတကာရေးရာ

Int’l The Geek – စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ

နိုင်ငံတကာသာဂိ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၂

ဒီတလတော့ ရေးဖြစ်အောင်ရေးမှ ဆိုပြီး မိုးမခမိတ်ဆွေတွေအတွက် မှတ်သားမိသမျှကို မှတ်စုတွေ ထုတ်ထားတဲ့သဘောပေါ့။ နောက်တော့လည်း အကျယ်ရေးချင် ရေးတာပေါ့။

အမေရိကန်သမ္မတကြို ရွေးကောက်ပွဲ –

၂၀၁၂ နိုဝင်ဘာမှာ ကြည့်ကောင်းမယ့် သမ္မတရွေးကောက်ပွဲရှိတယ်။ အခုကို ပြိုင်ဖက်ရစ်ပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းတွေ အချင်းချင်း အပြိုင်အဆိုင် အပုပ်ချပြီး မဲဆွယ်နေတာ အတော်ရယ်ရတယ် ပြောတယ်။ သတင်းစာနယ်ဇင်းတွေမှာ အချင်းချင်း ရန်သူကြီးတွေလို ပြောဆိုနေလိုက်တာများ နက်ဖြန်သဘက် ထသတ်ကြမလို၊ ပြည်တွင်းစစ်ကြီးတွေပဲ ဖြစ်တော့မလို။ သို့သော် သမ္မတလောင်းတွေ တဗိုလ်ကျ တဗိုလ်တက် စင်မြင့်ပေါ်က ဆင်းကြ တက်ကြနဲ့ ပွဲပြီး မီးသေ၊ အားကစားသမားတွေလို အညှိးအတေးမရှိ။ ပြီးရင် သမ္မတရွေးပွဲလာမယ်။ နိုင်သူနိုင်မယ်၊ ရှုံးသူ ရှုံးမယ်။ နောက် ၄ နှစ်ကို နိုင်သူက ဆက်အုပ်ချုပ်၊ ရှုံးသူက ဆက်ပြီး ရင်ဆိုင်ပြင်ဆင်ပေါ့။ ဒါကို တွေ့ရမှာ။

ဆူပါပက်ခ် (Super PAC) တွေနဲ့ ရွေးကောက်ပွဲမဲဆွယ် –

၂၀၁၀မှာ အိုဘားမားအစိုးရက Citizen United ဆိုတဲ့ ပြဋ္ဌာန်းချက်ကို အတည်ပြုလိုက်တယ်။ သဘောက နိုင်ငံသားတွေလိုပဲ ကော်ပိုရေးရှင်းကြီးတွေ၊ အဖွဲ့အစည်းတွေဟာလည်း နိုင်ငံသားတွေလိုပဲ နိုင်ငံအရေးတွေ၊ ရွေးကောက်ပွဲတွေမှာ သဘောထား ထုတ်ပြန်ခွင့်ရှိတယ်လို့ ခွင့်ပြုလိုက်တာပဲ။ ဒါကြောင့် အမေရိကန်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲမ၀င်တဲ့ တသီးပုဂ္ဂလတွေ၊ အစုအဖွဲ့တွေက pac တွေ အုပ်စုတွေဖွဲ့ပြီး အဲသည်အုပ်စုကနေ ရွေးကောက်ပွဲတွေမှာ ၀င်ရောက် သြဇာပေးတဲ့ စွက်ဖက်တဲ့ မဲဆွယ်ကြော်ငြာတွေ၊ ၀ါဒဖြန့်လုပ်ငန်းတွေကို ငွေကြေး အကန့်အသတ်မရှိ ဆောင်ရွက်ခွင့်ရှိတယ်။ သူတို့က ကိုယ်စားလှယ်လောင်းတွေနဲ့ တိုက်ရိုက် မဟာမိတ်လုပ်စရာ မလိုဘူး။ ဒါကိုက အမေရိကန်နိုင်ငံရေးမျက်နှာစာ အလှည့်အပြောင်းလို့ ဆိုကြတယ်။

အမေရိကန်တွေ တကယ်ဆင်းရဲသလား –

ထပ်ဆုံးက လက်တဆုပ်စာက မဆင်းရဲဘူး။ ချမ်းသာလိုက်တာမှ ကျိကျိတက်။ သူတို့က အရင်းအနှီးတွေကို အမေရိကန်ပြည်ထဲမှာ မရင်းနှီးပဲ ဆုပ်ကိုင်ထားတာမျိုး၊ တခြားအမြတ်ထွက်တဲ့ ပြည်ပမှာ သွားပြီး ငွေကြေးကစားနေတာကြောင့် ပြည်တွင်းမှာ ဆင်းရဲနေတာလို့ ပြောနိုင်တယ် ဆိုပဲ။ ဒါကြောင့်လည်း တရုတ်ပြည်မှာ ငွေဝယ်ကျွန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်၊ အမြတ်တွေယူ၊ အမေရိကန်မှာ လာရောင်းနဲ့ အလုပ်ဖြစ်နေတာပဲလေ။ အဲသလိုပဲ ပြောရမလို။ တလောက အယ်ပဲရဲ့ ပစ္စည်းတွေကို ကန်ထရိုက်ယူထုတ်နေတဲ့ တရုတ်ပြည်ရဲ့ Foxconn အလုပ်သမားနဲ့ စက်ရုံကန်ထရိုက်တာ ကုမ္မဏီကြီးဆိုရင် အလုပ်သမားတွေကို ဖိနှိပ်လွန်းလို့ အလုပ်သမားတွေတောင် သတ်သေရတဲ့အဖြစ် ရောက်ခဲ့ရတယ်။ အခုတော့ ပြင်နေပြီ ပြောတာပဲ။

ဆီးရီးယား၊ ဘာရိမ်း၊ အီရန် နဲ့ မြောက်ကိုရီးယား အာဏာရှင်နိုင်ငံများ –

ဆီးရီးယားမှာ ၂၀၁၁ မတ်လကတည်းက လူထုအုံကြွမှုဟာ နှစ်ပေါက်ပြီ။ လုူ ၅၀၀၀ လောက် သေကြေခဲ့ပြီ။ ကုလလုံခြုံရေးကောင်စီက အရေးယူဖို့ကို တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ပယ်ချတယ်။ ရုရှားကတော့ ဆီးရီးယားအစိုးရကို လက်နက်ရောင်းချနေတာနဲ့ အလုပ်ဖြစ်နေလို့ဆိုပြီး အစွပ်စွဲခံရတယ်။ တရုတ်ကတော့ သူ့ဆီမှာလည်း လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ပြသနာတွေက ပြည်တွင်းမှာ အပြည့်ဆိုတော့ သူများကိုလည်း ၀င်မရှုပ်၊  ငါ့လည်း ၀င်မရှုပ်ပေါ်လစီကြောင့်လို ပြောကြတာပဲ။

            သူနောက်မှာတော့ စိတ်ဝင်စားစရာ အာဏာရှင်နိုင်ငံတွေကတော့ လူထုအုံကြွနေတဲ့ ဘာရိမ်းဖြစ်တယ်။ အီရန်နဲ့ မြောက်ကိုရီးယားက ဘယ်မှာ အုံကြွတာ ရှိလို့လဲ။ အဲဒါပြောချင်တာလေ။ အာဏာရှင်နိုင်ငံတွေမှာ လူထုအုံကြွမှုမရှိရင် အာဏာရှင်တွေက အုံကြွတွင်ကျယ်နေတော့တာပဲ။ အခုဆိုရင် နိုင်ငံတကာက အီရန်နဲ့ မြောက်ကိုရီးယားတို့ စွာကျယ်စွာကျယ်လုပ်မှာကို စောင့်ကြည့်နေရတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts