ဟံသာဝတီ ဦးဝင်းတင် အင်တာဗျူး ဦးဝင်းတင်

Interview with U Win Tin – အင်တာဗျူး အပိုင်း ၃၊ ရွေးကောက်ပွဲသို့ သွားရာလမ်း

ဦးဝင်းတင်နဲ့ မေးခွန်းများ –  ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း

မိုးမခ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

အင်တာဗျူး အပိုင်း ၃၊ ရွေးကောက်ပွဲသို့ သွားရာလမ်း

 နောက်ဆက်ပြီး မေးချင်တဲ့မေးခွန်းက ကြားဖြတ်ရွေးကောက်ပွဲပေါ့ဆရာ။ ပါတီ မှတ်ပုံတင်လိုက်ပြီ။ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း ၄၈ ဦး စာရင်းတင်လိုက်ပြီ။ ပါတီကိုယ်တိုင်ကလည်း ဦးဆောင်မှုအဖွဲ့အသစ်ကို ထူထောင်လိုက်ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်းရုံးရေးခရီးစဉ်တွေ ထွက်နေပြီ။ ၂၀၁၁ နှစ်မကုန်မီကနေ အခု ၂၀၁၂ နှစ်ဆန်း ၂လပိုင်းမှာတင် အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းတွေဟာ အရှိန်အဟုန်နဲ့ ဖြစ်လာတယ်။ ကြားထဲမှာ မတ်လ တလပဲ ရှိတယ်။ သိပ်မကြာခင် ဧပြီလဆန်းမှာ လက်ရှိအစိုးရ စီစဉ်ပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကို ဖြတ်သန်းကြရတော့မယ်။ ရလဒ်တွေ အဖြေတွေကို သိရဖို့ နီးကပ်လာပြီ။ မူလရည်မှန်းချက်တွေ ဖော်ဆောင်ဖို့ နီးကပ်လာပြီလို့ ပြောရင် ရမလား။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တာကိုပဲ ကျနော် ပြန်ပြောပါ့မယ်။ ရွေးကောက်ပွဲဝင်တယ်ဆိုတာက အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် ဖြစ်တယ်။ အဲသည် လုပ်ငန်းရပ်တွေကို ဆောင်ရွက်ဖို့ ရွေးကောက်ပွဲဝင်ကြတဲ့နေရာမှာ တချို့က ပြောကြတာက ကြားဖြတ်ရွေးကောက်ပွဲပြီးရင် လွှတ်တော်သက်တမ်းက ၂ နှစ်လောက်ပဲ ရှိတော့တယ်။ လွှတ်တော်ထဲဝင်ရောက်မည့် အမတ်ဦးရေကလည်း နည်းတယ် ဒါကြောင့် မလုပ်နိုင်ဘူးလို့ ယူဆကြတယ်။ ပြောကြတယ်။

ဒီနေရာမှာ ကျနော်တို့ဖက်က ပြောတာကတော့ လွှတ်တော်က ထုတ်ပြန်တဲ့ ဆောင်ပုဒ်လိုပေါ့ဟုတ်လား။ ပြည်သူလူထုရဲ့ အသံကို လွှတ်တော်က ဖော်ဆောင်ရန် တဲ့ ဟုတ်လား။ ကျနော်တို့ရဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေ ရိုက်ခတ်နေအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အဲသည် ပြည်သူ့အသံကို ရိုက်ခတ်နေတာက အခြားလွှတ်တော်ကိုယ်စားလှယ်တွေဆီကို နိုင်ငံရေးအင်အားစုတွေဆီမှာ ပြည်သူ့သဘောထားတွေ၊ ဆန္ဒတွေလည်း ပြန့်နှံ့ ရိုက်ခတ် လွှမ်းမိုးနေမယ်။ ဒါ့အပြင် တပ်မတော်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဆီမှာလည်း အလားတူ အရေးအရာတွေကို မြင်တွေ့၊ ကြားသိ နားလည်မှုတွေ ရောက်ရှိလာမှာပဲ။ ထင်ဟတ်လာကြမှာပဲ။

ဒီဦးတည်ချက် ၃ ရပ်ကို ဖော်ဆောင်တဲ့နေရာမှာ အင်န်အယ်ဒီဟာ လွှတ်တော်ထဲမှာ သူ့ချည်းသက်သက်နဲ့ အင်အားနည်းချင် နည်းပေမယ့် ပြည်သူရဲ့သဘောထားတွေ ရိုက်ခတ်မှုတွေကို သဘောပေါက်နားလည်လာတဲ့ နိုင်ငံရေးအင်အားစုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အားတွေနဲ့ ပူးပေါင်းပြီး လက်တွဲပြီး လုပ်လာနိုင်မှာ ဖြစ်တယ်။ အဲဒီလိုမျိုး ပြည်သူ့အသံတွေ ဆန္ဒတွေကို ဖော်ဆော်နိုင်မယ့် အင်အားတွေ ဆပွားတိုးတက်လာမယ်လို့ ယူဆလို့ ရပါတယ်။

အဲသည်မှာ ဆရာအရင်တုန်းက ပြောခဲ့သလိုပေါ့ … ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမြင်ကွင်းကြီးမှာ ပန်းမာလာတွေ အကျယ်အပြန့် ဖူးပွင့် ပေါ်ပေါက်လာသလို၊ ပန်းခင်းကြီးတခု ဖြန့်ခင်းလိုက်သလို ဖြစ်သွားမယ်လို့ ပြောဖူးတယ်။ ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားဆိုတာဟာ သူ့ရဲ့ စည်းရုံးရေးစွမ်းရည်ဆိုတာ အလွန်အစွမ်းရှိတယ်။ သူရဲ့ အားတွေ ဆပွားတိုးတက်အောင်လုပ်နိုင်တယ်လို့ ပြောဖူးတယ်ဆရာ။ အခုအဲသလိုမျိုး မြင်ရသလား။ အဲသည်လိုမျိုး ဆရာက ဆက်လက် ယုံကြည်မျှော်လင့်သလား။

            ဒေါ်အောင်ဆန်းစုကြည်ဟာ သူလွတ်မြောက်လာတဲ့ အချိန်ကစပြီးတော့ သူနဲ့ ဆက်စပ် ထိတွေ့နေတဲ့ နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပဲဖြစ်ဖြစ် ထိရောက်တဲ့ သြဇာရှိတယ်ဆိုတာကို ပြည်သူတွေက မြင်နေကြရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အခု သွားလာနေတဲ့ ခရီးစဉ်တွေမှာ ပြည်သူတွေနဲ့ ထိတွေ့နေတဲ့ဆီမှာ ပြည်သူတွေဆီမှာ ခွန်အားတွေ ဘယ်လောက် တိုးလာသလဲဆိုတာကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ စည်းရုံးရေးစွမ်းရည်တွေဟာ လွှတ်တော်ထဲကို ရောက်ရှိသွားတဲ့အခါမှာ အင်န်အယ်ဒီပါတီက ဖော်ဆော်မယ့် လုပ်ငန်းစဉ် ၃ ရပ်ကို အားလုံးဆီက အင်အားတွေနဲ့  တိုးပွား စုစည်းပြီး ဖော်ဆောင်နိုင်မယ်လို့ ကျနော်က မျှော်လင့်ပါတယ်။

 ဒါဆိုရင် ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ အင်န်အယ်ဒီပါတီနဲ့ အခြားနိုင်ငံရေးအင်အားစုတွေဟာ လွှတ်တော်ပြင်ပမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်ထဲကို ၀င်ရောက်ဖို့ မလုပ်ခဲ့ကြဖူး။ အခု ၂၀၁၂ မှာမှ ကြားဖြတ်ရွေးကောက်ပွဲကတဆင့် လွှတ်တော်ထဲ ၀င်ရောက်ဖို့ ကြိုးစားကြတော့မယ်။ လွှတ်တော်တွင်းမှာ ခုနင်က လုပ်ငန်းစဉ် ၃ ရပ်ကို ဖော်ဆောင်ကြတော့မယ် ဆိုရင် လွှတ်တော်ပြင်ပက နိုင်ငံရေးလှုပ်ရှားမှုတွေကိုကော ဘယ်လို ပြောမှာလဲ ဆရာ။

            လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ အထွေထွေနိုင်ငံရေးလို့ ပြောချင်ပါတယ်။ ဥပဒေပြုရေးတို့၊ အုပ်ချုပ်ရေးတို့ မဟုတ်သော်လည်း ပြည်သူတွေရဲ့ တိုက်ရိုက်လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ အရေးအခင်းတွေကို ဖြေရှင်းနိုင်အောင် သိရှိလာကြအောင် လုပ်ဆောင်နေကြတာတွေဟာ လွှတ်တော်ပြင်ပနိုင်ငံရေးလို့ ဆိုချင်ပါတယ်။ လွှတ်တော်ပြင်ပမှာ လုပ်တဲ့ နိုင်ငံရေးဟာ အချုပ်အချယ် အကန့်အသတ်တွေကနေ ကင်းလွတ်တယ်လို့ ပြောချင်တယ်။ ကျနော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်မှာ အားလုံးသော နိုင်ငံရေးအင်အားစုတွေအားလုံးဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကို လုပ်ဆောင်ခဲ့ကြတယ်။ ဒီတခါမှာ ကျနော်တို့က လွှတ်တော်ထဲကို ၀င်ရောက်ကြတယ်ဆိုတာဟာ ပြည်သူတွေရဲ့ နိုင်ငံ့အရေးကိစ္စတွေကို လွှတ်တော်တွင်းကို သယ်ဆောင်ပြီး ဖော်ဆောင်နိုင်အောင်၊ ဆက်စပ်မှုရှိအောင် လုပ်ကြဖို့ သွားကြတယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်တွင်းနိုင်ငံရေး သက်သက်ပဲ ဆောင်ရွက်တဲ့ ပါတီမျိုး၊ အဖွဲ့မျိုး မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေး လွှတ်တော်ဘောင်ထဲမှာလုပ်နေတာမျိုး မဟုတ်ဘူး။ ကျနော်တို့တတွေဟာ လွှတ်တော်တွင်းမှာ လုပ်ငန်းစဉ် ၃ ရပ်ကို ဖော်ဆောင်ဖို့ ကြိုးစားနေချိန်နဲ့ တချိန်တည်းမှာပဲ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒသဘောထားတွေကို ဖော်ဆောင်နိုင်ဖို့ လွှတ်တော်ပြင်ပက နိုင်ငံရေးလုပ်ငန်းတွေကိုလည်း ဆက်စပ် ဆောင်ရွက်သွားနေမှာပဲ ဆိုတာကို ပြောချင်ပါတယ်။

            လွှတ်တော်ပြင်ပနိုင်ငံရေးရဲ့ အရေးပါမှုတွေကိုလည်း ဆက်လက်ပြီး ကိုင်စွဲသွားမယ်။ လွှတ်တော်ပြင်ပနိုင်ငံရေးရဲ့ လိုအပ်ချက်တွေ အကောင်အထည်တွေ ဖော်နိုင်ဖို့လည်း ဆက်လုပ်သွားမယ်။ လွှတ်တော်တွင်းနိုင်ငံရေးနဲ့ ဆက်စပ်ပြီး လှုပ်ရှားသွားမယ်။ ကျနော်တို့ဟာ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ အခြေစိုက်ပြီး လွှတ်တော်တွင်းနိုင်ငံရေးကို လှုပ်ရှားသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

 ဟုတ်ကဲ့ပါ။ လွှတ်တော်တွင်းနိုင်ငံရေးလုပ်တဲ့နေရာမှာ ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုမျိုး ပြင်ဆင်ရွေးချယ်ထားသလဲ။ ဒါကိုလည်း ရှင်းပြပါဦး။

            လွှတ်တော်တွင်းနိုင်ငံရေးကို လုပ်ဆောင်ကြဖို့ ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုအမျိုးအစားတွေက အဓိကဖြစ်သလဲဆိုတော့ လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ အဲဒီအင်အား ၃ ရပ်ကို အဓိကထားတယ်။ ခေါင်းဆောင်တွေထဲက ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဒေါ်မေ၀င်းမြင့် စသည်တို့လို ခေါင်းဆောင်တွေထဲက အချို့တော့ ပါတယ်။ ခေါင်းဆောင်အဟောင်းတွေလို့ ခေါ်ချင်ခေါ် သူတို့လို အင်အားတွေနဲ့အတူ နိုင်ငံရေးမျိုးဆက် အင်အားသစ် ၃ ရပ်နဲ့ လက်တွဲပြီး လွှတ်တော်ထဲကို ၀င်ရောက်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။

            ဒါကြောင့် လွှတ်တော်တွင်းနိုင်ငံရေးကိုဝင်ရောက်တဲ့ လှုပ်ရှားမှုကိုယ်တိုင်ကလည်း နိုင်ငံရေးခေါင်းဆောင်မှု ပုံသဏ္ဍန်သစ်ကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ကျနော်က အလေးအနက်ထား ပြောလိုပါတယ်။ လွှတ်တော်ရွေးကောက်ပွဲပြီးသွားတဲ့နောက်ပိုင်းမှာလည်း ဆက်လက်ပြီးတော့ ပါတီတည်ဆောက်ရေး၊ ပါတီထူထောင်ရေးနဲ့ ပြည်သူလူထုနဲ့ စည်းရုံးရေး လှုပ်ရှားမှုတွေမှာလည်း အဲသည်နိုင်ငံရေးအင်အားပုံသဏ္ဍန်သစ်ဟာ ဆက်လက်အရေးပါနေမယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။

 ဆရာပြောလိုက်တဲ့ နိုင်ငံရေးအင်အားတွေဆိုတဲ့အထဲမှာ မကြာသေးမီက လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေနဲ့ ဘယ်လို ဆက်စပ်တာမျိုး၊  သဘောထားမျိုး ရှိသလဲဆိုတာ မေးလို့ ရမလား ဆရာ။

            ကျနော်တို့တတွေနဲ့ ၈၈ မျိုးဆက်တွေနဲ့ အပြေလည်ဆုံး၊ နားလည်မှုအရှိဆုံးနဲ့ အကျိုးအရှိဆုံး အနေအထားတွေကို ဖန်တီးရယူနေကြတယ်။ အခု နိုင်ငံရေးလောကထဲကို ၀င်လာတဲ့အခါမှာ ၈၈ မျိုးဆက်အင်အားတွေ အစုလိုက် ခေါင်းဆောင်မှုတလွှာလုံး ၀င်ရောက်လာတဲ့အခါ အင်န်အယ်ဒီပါတီမှာ ၀င်ရောက်ပြီး ဆောင်ရွက်ပါ။ သီးခြားဆောင်ရွက်ချင်လည်း အခြားပါတီတွေ ၀င်ရောက်ပြီးဖြစ်စေ၊ ပါတီထူထောင်ပြီးတော့ နိုင်ငံရေးကို ဆောင်ရွက်ပါ။ အဓိကကတော့ အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်ပါလို့ တိုက်တွန်းပါတယ်။ သူတို့တတွေဟာ သက်တမ်းအရကော၊ ဖြတ်သန်းမှုအရကော၊ ဂုဏ်သိက္ခာ၊ သြဇာအရ နိုင်ငံတကာအထိ ပေါက်ရောက်တဲ့ အနေအထားကို ရောက်နေုပြီ ဖြစ်တယ်။ နိုင်ငံရေးကို ဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့ ကျနော်က သဘောရပါတယ်။ ကျောင်းသားနိုင်ငံရေးကနေပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးအလုပ်တွေကို ဆောင်ရွက်ပါ။ ကျောင်းသား လူငယ်မျိုးဆက်သစ်တွေကိုလည်း ပုခုံးပြောင်း တာဝန်လွှဲပေးလို့ ရနေပြီ။ အဲလို တိုက်တွန်းပါတယ်။

 ဆရာတို့ အင်န်အယ်ဒီပါတီအနေနဲ့ တိုက်တွန်းနေရုံတင်မဟုတ်ပဲ လက်တွေ့မှာ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်နိုင်မယ်လို့ ပြောနိုင်သလဲ။

            ကျနော်တို့ပါတီမှာ စိတ်ကောင်း စေတနာကောင်း ကြိုဆိုမှုတွေ ရှိနေတယ် ဆိုတာကို ပြသနေပါတယ်။ အဲသည်လိုမျိုး ပါတီဝင်တွေအားလုံးကို ရှင်းလင်းပြောပြထားပါတယ်။ နောက်တခုကတော့ လက်ရှိပါတီရဲ့ ခေါင်းဆောင်မှုအပိုင်းကိုပဲ ပြောမယ်ဆိုရင် ကျနော်တို့  ဦးတင်ဦးအပါအ၀င် သဘာပတိအဖွဲ့ဝင်အဖြစ် ပြောင်းလဲရပ်တည်လိုက်တယ်။ ဒါက ကျနော်တို့တတွေက နေရာတွေကို ချဲ့ပေးလိုက်တယ်။ ချဲပေးလိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောင်လာမယ့်အနာဂတ်မှာ ပါတီကို စနစ်တကျဖွဲ့စည်းလာကြတဲ့ အခါကျရင် အလားတူ သဘာပတိအဖွဲ့တွေဟာ အောက်ခြေ မြို့နယ်တွေ၊ တိုင်းတွေမှာလည်း ပေါ်ပေါက်လာမယ်။ အလွှာအသီးသီးမှာ လူငယ်တွေအပါအ၀င် ခေါင်းဆောင်အင်အားစုအသစ်တွေ ၀င်ရောက်လာကြမယ်။ လက်ရှိမှာ ကျနော်တို့ဆီမှာ အဲသည်လိုမျူိုး မြို့နယ် ၂၀၀ ပဲ ရှိတယ်ထား။ အဲသည်လိုမျိုး နောက်ထပ်ဝင်ရောက်လာမယ့် အင်အားသစ်ခေါင်းဆောင်တွေအဖြစ် ၁၀၀၀ လောက် တိုးလာမယ်။ ဒါတွေဟာ အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်လာမယ်လို့ ပြောနိုင်တယ်။

            အခု ကျနော်တို့ စီအီးစီမှာ ၁၂ ဦးရှိတယ်။ အဲသည်ထဲက ၅ ဦးလောက်က သဘာပတိအဖွဲ့ထဲကို ၀င်ရောက်သွားတယ်။ မူလ ၇ ယောက်လောက်ပဲ ကျန်ရစ်တယ်။ အဲသည်နေရာတွေမှာ အင်အားသစ်တွေ၊ ခေါင်းဆောင်မှုအသစ်တွေ ၀င်ရောက်လာမှာပဲ။ ကျနော်တို့ သဘာပတိအဖွဲ့ဝင်တွေကလည်း စီအီးစီတွေနဲ့လက်တွဲပြီးတော့ အလုပ်အဖွဲ့တွေမှာ တာဝန်ပေးတဲ့အတိုင်း ၀င်ရောက် လက်တွဲဆောင်ရွက်မှုတွေ ရှိနေမှာပဲလို့ ပြောချင်ပါတယ်။

            အဲသည်မှာ ကျနော်တို့အခု ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအရ ကျနော်တို့ခေါင်းဆောင်မှုရဲ့ သက်တမ်းဟာ အခုဆိုရင် ပျမ်းမျှ ၆၀ နဲ့ ၆၅ နှစ်လောက် ရှိနေတယ်။ ကျနော်တို့ပါတီဟာ လာမယ့် ၁၀ စုနှစ်မှာ အင်အားသစ်တွေ ခေါင်းဆောင်မှုအသစ်တွေ တိုးချဲ့သွားမယ်ဆိုရင် ခေါင်းဆောင်ပိုင်းရဲ့ သက်တမ်းဟာ ၅၀ လောက်ဖြစ်လာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 ပါတီထူထောင်ရေးအတွက် တည်ဆောက်ရေးအတွက် ခေါင်းဆောင်သစ်တွေ တိုးချဲ့မယ်၊ အင်အားတွေမှာ အရည်အချင်းအရကောပါ မြှင့်တင်နိုင်အောင်လုပ်ဖို့ ဆိုရင် တခြားဘာတွေ ဆက်လုပ်ဖို့ ဆန္ဒသဘောထားတွေ ရှိသလဲ။ လက်ရှိ အခြေအနေပေးသလောက်ကနေ ချဲ့ပြီး လုပ်နိုင်ဖို့ ဆိုရင်ပေါ့လေ။

            ကျနော်တို့ ပါတီညီလာခံတွေကို နေရာအသီးသီး၊ အလွှာအသီးသီးမှာ လုပ်ချင်ပါတယ်။ ရွေးကောက်ပွဲတွေပြီးသွားတဲ့အခါမှာ ပါတီပြန်လည်ထူထောင်ရေးတွေ တည်ဆောက်ရေးတွေ လုပ်သွားတဲ့အခါ ကျနော်မြင်သလောက်ကတော့ အခုလက်ရှိ ခေါင်းဆောင်မှုတွေ စီအီးစီတွေက စည်းရုံးရေးတာဝန်ခံတွေ အဖြစ် စည်းရုံးရေးကို ဆောင်ရွက်လာကြလိမ့်မယ်။ မြို့နယ် ရပ်ကွက် ကျေးရွာ အလွှာအသီးသီးက ပါတီတာဝန်ခံတွေဟာ စည်းရုံးရေးသမားတွေ ဖြစ်လာမယ်။ စည်းရုံးတယ် ဆိုတဲ့ဆီမှာ တမျိုးက ပြည်သူလူထုကို တိုက်ရိုက်စည်းရုံးမယ်။ နောက်တမျိုးကတော့ ပါတီတွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ပိုပြီး တိုးတက်လာအောင် စည်းရုံးမယ်။ ဒါဆိုရင် လာမယ့် တနှစ်လောက်အတွင်းမှာ ပါတီညီလာခံတွေ ကျင်းပနိုင်တဲ့ အဆင့်ဖြစ်လာမယ်။ အဲသည်ကနေပြီး နောက်တနှစ်လောက်အတွင်းမှာ ကျနော်တို့ပါတီဟာ အောက်ခြေကနေ အဆင့်ဆင့် ရွေးချယ်တင်မြှောက်တဲ့ ခေါင်းဆောင်မှု အင်အားသစ်တွေနဲ့ စနစ်တကျ ဖွဲ့စည်းလာတဲ့ နိုင်ငံရေးပါတီတရပ်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ အင်အားသစ်တွေနဲ့အတူ ပါတီတွင်းမှာ ဒီမိုကရေစီလည်း ပိုပြီး ထွန်းကားမယ်လို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

(photo – NLD Burma, U Win Tin at 2012 Union Day Dinner @ Suu’s Residence)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts