>Mr.Zero (U.V.I) – Burmese Migrants and Passport

>

ကျွန်တော်တို့သိသင့်တဲ့ ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားလက်မှတ်နှင့် ပတ်စ်ပို့
Mr.Zero (U.V.I)
ဇန်န၀ါရီ ၂၉၊ ၂၀၁၂

ကျွန်တော်တို့ သိထားသင့်တဲ့အချက်လေးတွေပါ။
အလုပ်သမားတစ်ယောက်အနေနဲ့ ၂၀၁၂ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေထိုင်မည်ဆိုပါက အောက်ပါအချက်အလက် များကို လေ့လာထားရပါမည်။

၁။ အလုပ်သမားအမျိုးအစား
(က) ၁ နှစ်ခံလက်မှတ် (၃ နှစ်အထက် သက်တမ်းဆက်တိုက်တိုးလာသူ)
(ခ) ၂၀၁၁ ခုနှစ်တွင် စတင်ပြီး တစ်နှစ်ခံလက်မှတ်ပြုလုပ်သူဟူ၍ လူဟောင်း၊ လူသစ် ခွဲခြားသတ်မှတ်ထားပါတယ်။

● လူဟောင်းများအတွက်
လူဟောင်းများသည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လက်မှတ်အားလုံးသက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပါသည်။ ထိုအချိန်မ တိုင်မှီ လက်မှတ်များကို သက်တမ်းတိုးကြရန် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများနှင့် မြန်မာလူမူရေးအဖွဲ့အစည်းများမှ လိုက်လံကြော်ငြာ လျှက်ရှိပါသည်။ သို့သော် လက်မှတ်သက်တန်းတိုးရာတွင် ယခင်နှစ်များကဲ့သို့မဟုတ်ပါ။ မြန်မာနိုင်ငံမှပြုလုပ်ပေးသော ယာယီအလုပ် သမားပတ်စ်ပို့ရှိမှသာလျှင် တစ်နှစ်နေထိုင်ခွင့် (ဘတ်) သက်တမ်း ဆက်လက်တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။
● ပတ်စ်ပို့ပြုလုပ်ခြင်း
လူဟောင်းများပတ်စ်ပို့ပြုလုပ်ရန်အတွက် လိုအပ်သောအချက်များမှာ
၁။ သက်တမ်းမကုန်ဆုံးသေးသော တစ်နှစ်ခံ (ဘတ်) များ အပြည့်အစုံရှိရပါမည်။
၂။ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြစရာ (မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ထောက်ခံချက်) စသည် တစ်ခုခုရှိရပါမည်။
၃။ မိမိအားခေါ်ယူပြီး လုပ်ငန်းလုပ်ကိုင်စေသော လုပ်ငန်းရှင် (ထိုင်းလူမျိုး) ၏ လက်မှတ်အထောက်အထားများ လိုအပ်ပါသည်။
၎။ ပတ်စ်ပို့အရွယ် ကာလာဓါတ်ပုံ (၆) ပုံ ပါရှိရပါမည်။
၅။ ပြည့်စုံပါက သက်ဆိုင်ရာအေးဂျင့်များသို့ဆက်သွယ်ပြီး အနည်းဆုံး ဘတ်ငွေ (၅၀၀၀) ပေးချေပြီး ရက် (၂၀) နှင့် (၄၀) အတွင်း ပတ်စ် ပို့စာအုပ်၊ ဗီဇာများရရှိနိုင်ပါသည်။

* အကယ်၍ အေးဂျင့်များနှင့်မဆောင်ရွက်လိုပါက ကိုယ်တိုင်ရုံးဌာနများသို့သွားရောက်လုပ်ကိုင်နိုင်သော်လည်း ဘာသာစကားမကျွမ်းကျင် ခြင်း၊ ဘန်ကောက်ကဲ့သို့ သံရုံးရှိရာသို့ တိုက်ရိုက်သွားရောက်ရန် လွန်စွာခက်ခဲခြင်း၊ အချိန်လွန်စွာကြန့်ကြာခြင်းတို့ကြောင့် ထိုင်းအစိုးရ တ ရားဝင်အသိအမှတ်ပြု ပတ်စ်ပို့ကိုယ်စလှယ်များမှတဆင့်သာ ဆောင်ရွက်ကြရပါသည်။ ကိုယ်တိုင်ပြုလုပ်ပါက ဘတ် (၁၅၀၀) ခန့် သက်သာ ကြောင်း စကားအဖြစ်သာ ကြားသိရသည်။
** ပတ်စ်ပို့ရရှိပြီး တရားဝင်ဗီဇာတုံးပြုလုပ်ပြီးပါကလည်း ၂ လ၊ ၃ လ၊ (သို့) ၆ လတစ်ကြိမ် ထိုင်းလူဝင်မှုသို့သွားရောက် လက်မှတ်ရေး ထိုးနေရမည်ဖြစ်သည်။
*** ဤပတ်စ်ပို့စာအုပ်ရရှိပြီးပါကလည်း ထိုင်းနိုင်ငံအတွက် အလုပ်သမား (၁) နှစ်ခံလက်မှတ်မရှိပါက နေထိုင်၍မရပါ
● ပတ်စ်ပို့စာအုပ်ဖြင့် အလုပ်သမားလက်မှတ် သက်တမ်းဆက်ခြင်း
၁။ ပတ်စ်ပို့စာအုပ်ရရှိလာပြီး ဗီဇာရရှိသည်နှင့် တစ်နှစ်ခံ အလုပ်သမားလက်မှတ် လျှောက်ထားရမည်။
၂။ ပတ်စ်ပို့ မိတ္တူ၊ လုပ်ငန်းရှင် (ထိုင်းလူမျိုး) ၏အထောက်အထားများ လိုအပ်ပါသည်။
၃။ သွေးစစ်ဆေးခြင်းအတွက် (၁၉၀၀) ဘတ်
၎။ လက်မှတ်သက်တန်းဆက်ခြင်း (တစ်နှစ်အတွက် ဘတ် ၁၀၀၀)
အထက်ပါအတိုင်းဆောင်ရွက်ပြီးပါက ပတ်စ်ပို့နှင့်အတူ တစ်နှစ်နေထိုင် အလုပ် လုပ်ခွင့်ရရှိပါမည်။

*** အရေးကြီးမှတ်သားလိုက်နာရန်။
၁။ ပတ်စ်ပို့နှင့် (၁) နှစ်ခံ (ဘတ်) ၂ မျိုးလုံး ကိုင်ရမည်။ တစ်ခုမရှိလျှင် ထိရောက်စွာအရေးယူခံရမည်။
၂။ အလုပ်သမားလက်မှတ်တွင် ဖော်ပြသောလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
၃။ ဤပတ်စ်ပို့လက်မှတ်ဖြင့် အခြားသောမြို့သို့ခရီးသွားလျှင် အခွင့်တောင်းရမည်။ (တရားဝင် ငွေသွင်းရမည်) ရက်ပြည့်လျှင် ပြန်လာ၍ လူ ၀င်မှုရုံးတွင် လက်မှတ်ထိုးရမည်။
၎။ ဤပတ်စ်ပို့လက်မှတ်ကိုင်ဆောင်သူများသည် လက်မှတ်တွင်းအမည်ပါ ထိုင်းလူမျိုးတွင်သာ အလုပ်လုပ်ကိုင်ရမည်။ လက်မှတ်တွင်းအမည်ပါ ထိုင်းလူမျိုးလုပ်ငန်းရှင်ခွင့်ပြုချက်မရှိဘဲ အခြားတစ်ဦးတစ်ယောက်ထံတွင် လုပ်ကိုင်နေကြောင်းတွေ့ရှိပါက ထိရောက်စွာအရေးယူ မည်။ အမည်ပါထိုင်းလူမျိုးကသဘောတူလျှင် အခြားလုပ်ငန်းရှင်ထံသို့ အလုပ်ပြောင်းလုပ်ခွင့်ကို တရားဝင်လုပ်ထုံးလုပ်နည်းများဖြင့် စနစ် တကျလုပ်ဆောင်ပြီး လုပ်ငန်းပြောင်းရမည်။
၅။ ဤပတ်စ်ပို့ကိုင်ဆောင်သူအနေဖြင့် အိမ်၊ ခြံ၊ မြေ၊ ကားနှင့် စီးပွားရေးလုပ်ငန်းများအား တရားဝင် (လုံးဝ) မပိုင်ဆိုင်စေရ။ တရားဝင် ယာဉ်မောင်းလိုင်စင်များနှင့် ဘဏ်နှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များတွင်လည်း အကျုံးမ၀င်ဟု သိရသည်။
၆။ ဤပတ်စ်ပို့သည် ထိုင်းနိုင်ငံတစ်ခုတည်းအတွက်သာဖြစ်သည်။

● လူသစ်များ
လူသစ်များသည် လုပ်ရိုးလုပ်စဉ်မှာ လူဟောင်းများအတိုင်းဖြစ်သည်။ သို့သော် လုပ်ငန်းလုပ်ဆောင်ရမှုခက်သည်အတွက်ဟုဆိုပြီး ပတ်စ်ပို့လုပ်ဆောင်လိုပါက (၈၀၀၀) ဘတ်အထက်တွင်သာ ပြုလုပ်ပေးကြပြီး ကြာမြင့်ချိန် (၄၅) ရက်မှ (၇၀) ရက်အထိ ကြာနိုင်ကြောင်းသိရသည်။

…………………


အထက်ပါနေထိုင်ခွင့် ဘတ်ပြုလုပ်ပုံအဆင့်ဆင့်သည် တိုတောင်းရှင်းလင်းစွာ ရေးသားထားခြင်းဖြစ်သည်။ ထို အဆင့်တွေကို အမှန်တကယ် လုပ်သောအခါတွင် ခက်ခဲမူပေါင်းမြောက်များစွာ ရှိနေပါသည်။ ထိုလုပ်ငန်းများကိုလွယ်ကူအောင်ဆိုပြီး မြန်မာများကိုလုပ်ပေးနေသည် ဆို သည့်အရာတွင် မြန်မာစကားတတ်သူများကိုမခန့်ဘဲ လိုက်လံပြောဆိုလုပ်ဆောင်ပေးသော အေးဂျင့် (ပွဲစား) များကို ကန်ထရိုက်ခထိုက် ထိုက်တန်တန်ယူကာ လုပ်စေလေသည်။ ထိုတရားဝင်လုပ်ပေးသဖြင့် ပတ်စ်ပို့ပွဲစားများသည် ပွဲစားခကို တနင့်တပိုးယူကာ လုပ်ပေးတော့သည်။

ဈေးသက်သာရအောင် အဖွဲ့လိုက် (သို့) တစ်ဦးချင်းသွားလုပ်ပါက မည်သို့မျှအဆင်မပြေနိုင်ပါချေ။ အလုပ်သမားများ၏ဒုက္ခများကို အသံမထွက်လာသည့်အကြောင်းရင်းများတွင် ထိုသို့ဈေးကြီးကြီးရိုက်ပြီးလုပ်ပေးသောပွဲစားများထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူ ညီနေပါသည်ဟုဆိုသော အလုပ်သမားအဖွဲ့အစည်းမှလူများလည်း ပါရှိသောကြောင့်လည်းဖြစ်သည်။

ထိုခက်ခဲမူကိုလုပ်ပြီးပါကလည်း အောက်ပါအချက်များကို မြန်မာအလုပ်သမားများ လုံးဝ (လုံးဝ) မရရှိပါ။ ရရှိပါသည်ဟုပြောပါက ထိုင်း အလုပ်သမားဝန်ကြီးဌာန အရှက်မရှိ လိမ်ညာနေခြင်းသည်ဖြစ်သည်။

*** စိတ်ချရသည့် ထိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူ ထိုင်းနိုင်ငံသားကို ရှာဖွေရခက်ခဲခြင်း။ ထို ထိုင်းနိုင်ငံသားကို အာမခံခ ဈေးကြီး ပေးရခြင်း။ ထို့နောက် ထိုနိုင်ငံသား ကောင်းသည်၊ ဆိုးသည်ကို ခါးစည်းခံရခြင်း။ စိတ်လိုက်မာန်ပါလုပ်မိပါက အကုန်အကျခံထားရသည့် ငွေကြေးအားလုံး ဆုံးသည့်အပြင်၊ ကိုယ်ကိုင်ဆောင်ထားသော လတ်မှတ်သည်လည်း အသုံးမ၀င်တော့ခြင်း။ ထိုနိုင်ငံသားက ရဲကိုဖမ်းခိုင်းပါက ကိုယ်သည်ထောင်ကျသွားသည့်ဖြစ်ရပ်များအထိ ရှိနေခြင်း။

*** ကျန်းမာရေးအာမခံထားသော်လည်း အမှန်တကယ်တွင် ကျန်းမာရေးအာမခံမရရှိပဲ အနိုင်ကျင့်ပိုက်ဆံတောင်းခံရခြင်း။

*** လတ်မှတ်ကိုင်ဆောင်ထားသော်လည်းပဲ ထိုင်းရဲများသည် ဆိတ်ကွယ်ရာအရပ်များနှင့် ညဘက်အချိန်များတွင် စစ်ဆေးသောအခါ ထုတ်ပြသောလက်မှတ်ကိုပင် ဆုတ်ဖြဲခံရပြီး အနိုင်ကျင့် ပိုက်ဆံတောင်းခံရခြင်း။

*** ကိုင်ဆောင်ထားသူ မြန်မာပြည်သားသည် လက်မှတ်အစစ်အမှန်ဖြစ်သော်လည်းပဲ ဆေးလတ်မှတ် (အနာမိုင်) (သို့) ပိုက်ဆံသွင်း ထားသည့် ဘောင်ချာတစ်ခုခုမေ့လျှော့ကျန်ခဲ့မိပါက ပိုက်ဆံတောင်းခံရသည်သာမက ထိုးကြိတ်ပြီး အချူပ်ထဲထည့်ထားခံရခြင်းအထိခံရ တတ်ခြင်း။

*** တရားဝင်လတ်မှတ်ကိုင်ဆောင်ထားသော်လည်းပဲ လုပ်အားခနှင့် အလုပ်သမားအခွင့်အရေးများကို သူဌေးပေးသည့်အတိုင်းပင် ခံနေ ရခြင်း။

*** အာမခံပေးသောသူဌေးသည် လက်မှတ်များကိုသိမ်းဆည်းထားပြီး အလုပ်ထွက်လျှင်လည်း ညစ်ပတ်စွာဖြင့် ထုတ်မပေးခြင်း။

*** လတ်မှတ်ကိုင်ဆောင်ထားလျှက်ပင် ဒဏ်ရာအနာတရနှင့် ကိုယ်လက်အင်္ဂါများဆုံးရူံးသွားသော အလုပ်သမားများ နစ်နာကြေး မရ ရှိခြင်း။

စသည့် ပြဿနာပေါင်းမြောက်များစွာသည် တာဝန်ရှိသူများ မသိလိုက်သောအဆင့်နှင့်တင် ကျေနပ်လိုက်ရပြီး တိတိကျကျတိုင်လာသော နစ်နာသည့်အမူကိစ္စများကိုလည်း ထိုင်းအလုပ်သမားအဖွဲ့အစည်းများက တာဝန်ယူဖြေရှင်းပေးလိုက်ပါသည်ဆိုသည့် အမှုများသည် အ လွန့်အလွန်ကို နည်းလှပါသည်။ အချို့သော မြန်မာအလုပ်သမားအဖွဲ့များက လိုက်လံဖြေရှင်းတောင်းဆိုသော်လည်းပဲ လပေါင်းများစွာကြာပြီး ဒဏ်ရာအနာတရရသူ စိတ်ဓာတ်ကျပြီး ကိုယ့်မွေးရပ် ပြန်သွားရသည့်အမှုပေါင်းက မရေမတွက်နိုင်အောင်ရှိနေပေသည်။

ဒါသည် ကြီးကြီးမားမား ဆုံးရှုံးမူကိုသာ အဓိကထားတင်ပြထားတာဖြစ်ပါသည်။ မြန်မာနိုင်ငံသား လက်မှတ်မရှိပါက မည်သို့ဆိုးရွားသော ဖြစ်ရပ်များကို ရင်ဆိုင်ရမည်ဆိုတာ တာဝန်ရှိသူများနားလည်စေချင်ပါသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သူ့နိုင်ငံသား ထိုင်း သူဌေး တွေဘက်ကပဲရပ်တည်ပြီး ညစ်ပတ်စွာပြုလုပ်ထားသော အချက် (၂) ချက်မှာ …….

(၁) ထိုင်းနိုင်ငံကိုအခွန်ဆောင်ပြီး ပိုက်ဆံများစွာကုန်ကျခံထားရသော တရားဝင်လက်မှတ်ရှိ မြန်မာအလုပ်သမားသည် တခြားအလုပ်များ ကို ရွေးချယ်လုပ်ခွင့်မရှိခြင်း၊ လတ်မှတ်လုပ်ပေးစဉ်အခါက အာမခံပေးသောသူဌေးဆီတွင်ပင် အလုပ်လုပ်ရအောင် ထိုင်းအလုပ်သမား ၀န်ကြီးဌာနက သူဌေးပြောင်းလဲလိုလျှင်ဖြင့်ဆိုပြီး ပြဌာန်းထားသော စည်းကမ်းချက်များသည် အလွန်ခက်ခဲပြီး မဖြစ်နိုင်သောအချက်များကို တောင်းဆိုထားခြင်း၊ ခွင့်မတောင်းဘဲ တခြားအလုပ်လုပ်နေသည်ကိုတွေ့ရှိ ဖမ်းဆီးမိပါက လက်မှတ်မရှိမူ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု စသည့်အမှုများနှင့် ထောင်ချသည်အထိ အပြစ်ပေးသည်။

(၂) မြန်မာပြည်သားသည် ပတ်စ်ပို့လုပ်ခွင့်ရရှိပြီး ကိုင်ဆောင်ထားသည်ဆိုသော်လည်းပဲ ထိုပတ်စ်ပို့ တရားမ၀င်ပါဟု ထိုင်းအလုပ်သမား ၀န်ကြီးဌာနက တရားဝင်မပြောသော်လည်းပဲ ထိုင်းရဲများက သက်တမ်းရှိသော နေထိုင်ခွင့်မပါပါက ဖမ်းဆီးနေသည်ကိုကြည့်ခြင်းဖြင့် နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်ပါသည်ဟုပြောသော ပတ်စ်ပို့သည် အသုံးမ၀င်သေးသေ စာအုပ်တအုပ်မျှသာ ဖြစ်နေပါသည်။

မူရင်း – http://universalinterfaith.blogspot.com/2012/01/blog-post_28.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts