>Mar Mar Aye – 408

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၀၈)

လက်ဝဲသုန္ဒရ နောက်ဆုံးပိုဒ်များ
မာမာအေး
ဇန်န၀ါရီ ၂၈၊ ၂၀၁၂



သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ရှေ့အစီအစဉ်မှာ ဂီတစာဆိုကြီး မြို့မငြိမ်း ရေးသွားခဲ့တဲ့ နှစ်ပိုဒ်တူ တပိုဒ်ကွဲလို့ ဆိုရမယ့် သီချင်း နှစ်ပုဒ်ကို ပြောပြနေခဲ့တာနော်။ စာမတူတာလေးတွေလဲ ညွှန်းပေးထားပါတယ်။ လုံးဝ မတူတာကတော့ နောက်ဆုံးပိုဒ်ပါရှင်။ နှစ်မျိုးလုံးမှာလဲ သူ့ပုံစံနဲ့သူ ကေါင်းနေလှနေတော့တာမို့ ပြောကို ပြောဦးမှ ဖြစ်မယ်ပေါ့နော်။

‘မင်းလက်ဝဲသုန္ဒရ’ သီချင်းရဲ့ နောက်ဆုံးပိုဒ်ကတော့ – “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ’ ရယ်လို့ အစချီတဲ့ ရတုပိုဒ်စုံမှာ အမတ်မင်း ရင်းတွင်း ခံစားချက်ကို ရေးဖွဲ့ ပြဆိုခဲ့တဲ့အတိုင်း ကြားလိုက်ရတယ် လို့ ပြောရမှာပါရှင်။

*(လက်ဝဲသုန္ဒရမှ)

ပွဲညောင်ရေ ဆုတောင်း ချေညွှန်း ရေစင်သွန်းလို့ဝေ၊ တကျွန်းလွမ်းလောက်ပေ၊ တို့အောက်နယ်မြေ ရွှေဂူတော်မြတ် ဆည်းကပ်လွန်ရိုသေ၊ သဲသောင်မြေ မြစ်ကမ်းခြေ၀ှမ်း ရေယာဉ်ဝန်းလို့နေ၊ လွမ်းလောက်ပေ၊ မဲဇာမြိုင်ခြေ၊ သည်ဆီရွှေမြို့ သည်သို့စေတီပေ၊ သည်ဆီရွှေနန်း ဖြောင့်တန်းမတ်သည့်အနေ စိတ်မှာထင်မြင် ဦးတင်ပါသဖျာ့၊ တမ်းတယောင်ပေ၊ နေနိုင်တော်မူအား … သနား မညာရက်ပေ xxx


ကဲ – သောတရှင်၊ ဟုတ်မဟုတ် ရတုထဲက စာပိုဒ်တွေ ကေါက်နှုတ်ကြည့်ချင်ပါသလား၊ နားထောင်လိုက်ပါဦး “ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးချယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်” အဲသည်စာက ဆရာငြိမ်း ယူမှာပါ။

‘မဲဇာရွှေလီ’ သီချင်းမှာကျတော့ ဂီတစာဆိုတော်ကြီးက ရိုးရိုးစင်းစင်း သူ့ဘုရင်မင်းနဲ့ ကျောင်း-ဘုရား၊ ကန် ဝေဇယံပမာ ပြည်နဂရာကိုပါ ကျော်ပြီးတော့ … သူ့မင်းကတော်ကြီးနဲ့ သားသမီးတွေဆီ သွားပြီး လွမ်းပါတယ်။ မင်းကတော်ကြီးဖက်ကလဲ ပိုက်ပိုက်ထွေးထွေး အရေးတယူ နေတတ်တဲ့သူ – မင်းတို့အဖေကဖြင့် ၀ဋ်ကျွေးမကင်းရှာလို့ ရာဇဒဏ် သင့်ပြီး မဲဇာ အပို့ခံရလေတယ် တဲ့၊ ဆွေးတာ ဝေးတာ ရေးပြတာမှာ အပြန်အလှန် လွမ်းဖို့ ကြံတဲ့ ဉာဏ်ကြီး လို့သာ အလွမ်းယဉ်ယဉ် သံစဉ်လှလှ မာအေးတို့ နားထောင်ရတာပေါ့ရှင်။ ဟုတ်တယ် မဟုတ်လား။ ရှေး ဘယ်လောက်ကျကျ ခုထိ သံစဉ်ရဲ့ ဆန်းသစ်မှုကို ခံစားနိုင်ကြပါသေးတယ် နားဆင်ကြည့်လေ မရိုးလေပါဘဲ။

*(မဲဇာရွှေလီမှ)

[အော် … လွမ်းတိုင်း တွေးမိကါပင် အောင်းမေ့ပေ၊ ဝေးသောရပ်ဋ္ဌာနေမှ သားသမီးတွေ] ၂ xxx အိမ်သူချောမေလှကို တမ်းတယောင်မိပေ၊ ချစ်တင်းနှောလို့ ပြောခဲ့တာတွေ၊ မြင်မြင်ယောင်သေး ဆွေးဘယ်မပြေ xxx ခလေးတွေအရေး စိုက်ကါ ရင်ဝယ်ပိုက်လို့ အကြိုက်စရိုက် အလိုလိုက်ခဲ့တဲ့ မောင်တို့အဖေ၊ ရှေးဝဋ်ကျွေး မကင်းပြန်ရာ ရာဇဒဏ်မြေ xxx

မဲဇာမြစ်ရေ စီးတွေရစ်ခွေ၊ ၀ဲယာပတ်လည် နှင်းတွေ ဆိုင်း မှိုင်းဝေ၊ ဝေးခဲ့ပေါ့ဋ္ဌာနေတို့တိုင်းပြည်၊ ခြုံလွှာထွေးမလုံသေးပေ၊ မွန်းတည့်နေခြည်ဖြာမှ နွေးမယ်၊ တရေးရေးတွေးလေ ဆွေးလေ၊ ဖြေသော်လဲ မပြေ၊ လက်ဝဲသုန္ဒရ၊ တမ်းတစိတ်ဘ၀င်ငယ်ပေါင်းသက်ဝေ သူ့ကြင်ဆွေ xxx ပြည်တော်ကိုသာ စိတ်ထဲ ရော်ရမ်း မျှော်မှန်းကါသာနေ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts