>Ye Min Tun – Articles

>

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များသီတင်းသုံးရပုံ
(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)
ရဲမင်းထွန်း
ဇန်န၀ါရီ ၂၇၊ ၂၀၁၂


● တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရထံ ဦးအံ့မောင်လျောက်ထားချက်
ဦးခင်ညွှန့်က “ကျနော် မသိပါဘူး။ ဒီကိစ္စကို သူတို့တွေစီစဉ်ပြီးမှ သိလိုက်ရတာပါ” ဆိုတဲ့ စကားတွေနှင့်တော့ မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန့်အတွက် နောက်ထပ် အချက်လက်ရှိပါသည်။ သာသနာရေး ညွန်ကြားရေးမှူးချုပ် ဦးအံ့မောင် ကိုယ်တိုင် တိပိဋက ဓရဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက “အရှင်ဘုရား လက်မှတ်ထိုးပြီး သပိတ်ကိုပြန်လှန်ပေးတော်မူပါ တ ပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူးဘုရား။ ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင်ကိုင်နေတာ တပည့်တော်အနေနှင့် တာဝန်ပေး လာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ်ဘုရား” လို့လျှောက်တော့ တိပိဋကဓရဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရမှ ပြန်ပြီးမိန့် တော်မူတာက …“အံ့မောင် ငါဝိနည်းကို ဖျက်တာမဟုတ်ဘူး။ ၀ိနည်းနှင့်အညီလုပ်တာ၊ အမျိုးသာသာ သာသနာအတွက် ငါ့အနေနှင့်အလျှော့ မပေးနိုင်ဘူး။ မင်းလုပ်ရမယ့် မင်းအလုပ်ကို မင်းဆက်သာလုပ်ပါ” လို့သာ သာသနာ့အာဇာနည်ဆရာတော်ဘုရားကြီး မိန့်ခဲ့တာပါ။ ဒီစကား တွေကို ကျနော်ပြန်သိရတာလည်း အံ့သြမနေပါနဲ့။ ဦးအံ့မောင်နောက်မှာ ရုံးကိစ္စတွေကူလုပ်ပေးရတဲ့ သံဃာတွေရှိပါတယ်။ ဒီသံဃာတွေ လည်း ဒီလိုလျှို့ဝှက်ချက်တွေ အပြင်ကိုပေါက်ကြားလို့ဆိုပြီး ထောင်ချလိုက်တာ အင်းစိန်ထောင် အမှတ် (၅) ဆောင်မှာ သီတင်းသုံးရတယ်။
ဦးအံမောင်ကိုယ်တိုင်ကလည်း ဘုန်းကြီးလူထွက်ဖြစ်ပြီး သူ့ရုံးခန်းမှာ တိပိဋကဓရဆရာတော်ကြီးငါးပါးရဲ့ပုံတော်တွေချိတ်ထားပြီး နေ့စဉ် ကြည်ညိုနေတဲ့ လူတယောက်ဖြစ်သည့်အပြင် ဖမ်းဆီးရမယ့် တိပိဋကဓရဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရနှင့် ငယ်သူငယ်ချင်း လည်းဖြစ်တယ်လို့သိရတယ်။ ဒီလောက်ဆိုရင်တော့ ဦးခင်ညွှန့်မှတ်မိလောက်မယ်ထင်ပါရဲ့။ ခေါ်လိုက်ပါ သာဓု … သာဓု … သာဓုလို့ သုံး ကြိမ်တိတိ ခေါ်လိုက်ပါ။

● ထောင်တွင်း စိတ်ဓာတ်ဆင်ရေး
ထောင်တွင်း စိတ်ဓာတ်စစ်ဆင်ရေးအကြောင်းက ချန်ထားလို့ လုံးဝမဖြစ်ပါ။ ကျနော့်မှာ တာဝန်ကြီးပါသည်။ ကျနော်တို့တွေကို ထောင်ထဲမှာ အကျဉ်းချထားစဉ် အချိန်ကာလတွင်း စစ်ထောက်လှမ်းအကြီးကဲ ဗိုလ်ချုပ်ခင်ညွှန့်သည် စိတ်ဓာတ်စစ်ဆင်ရေးဖြင့် အတိုက်အခံများအပေါ် ထိုးနှက်တိုက်ခိုက် ဖြိုခွင်းလေ့ရှိသည်ကို ကျနော်တို့တွေ လေ့လာသိရှိကြသည်။ စစ်ထောက်လှမ်းရေးများသည် တပ်ဆွယ်တခုထိုင်ပြီး အင်းစိန်ထောင်အုပ်ချုပ်ရေးတွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်သောကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲသည်။

ကျနော်တို့မှာ ခိုင်လုံသောသက်သေပြချက်များရှိသည်။ အကျဉ်းသားများ အချင်းချင်းကြားတွင် သတင်းပေးများဖြင့် ကျနော်တို့၏ နိုင်ငံရေး အမြင်များအား အမြဲကောက်ခံနေသည်ကို ကျနော်တို့ တွေ့ရှိရသည်။ ကျနော်တို့ကို ခင်ခင်မင်မင် လာရောက် ရောနှောပေါင်းသင်းသည့် စပိုင်အကျဉ်းသားက “ အခုနေလွှတ်ပေးလိုက်ရင် ဘာတွေလုပ်ကြမလဲ” ဆိုတာမျိုးတွေ၊ “အခုညီလာခံကြီးခေါ်နေပြီ ဘယ်လိုသဘောရလဲ” “အကုန်လုံး အေးချမ်းတော့မှာ” “အကုန်လွှတ်ပေးတော့မှာ” “နိုင်ငံရေးက ပြီးတော့မှာပါ” ဆိုတဲ့ မေးခွန်းလိုလို၊ သတင်းလိုလိုဟာမျိုးတွေနဲ့ ၀ါဒဖြန့်သတင်းတွေယူလာပြီး ကျနော်တို့ထံမှာ စနည်းနာ ၀ါဒဖြန့်သည်။ ကျနော်တို့၏အခြေအနေများကို အမြဲထောက်လှမ်းနေသည်။

ဒီလိုထောက်လှမ်းနေလို့လည်း န၀တညီလာခံကြီးစမည့် အကြိုကာလတွင် အင်းစိန်ထောင်တွင် စံပြအနေဖြင့် ကိုညီမွှေး၊ ကိုသန်းဆွေ၊ ကို အောင်ရွှေ၊ ကိုသီဟ၊ ကိုခင်အောင်၊ ကိုမြင့်ထွန်းအောင်၊ ကိုဖိုးတုတ်၊ ကိုတင်ထွန်း၊ ကိုအောင်ထွန်း၊ ကိုမျိုးထွန်း နှင့် ကျနော် အပါဝင် နောက် ထပ် အမည်မေ့နေသူတဦးတို့အား ညသန်းခေါင်အချိန်တွင် အိပ်ဆောင်မှ ခေါင်းစွပ်များဖြင့်ခေါ်ထုက်ကာ စစ်ခွေးတိုက်ကို ညတွင်းချင်းပို့ပြီး အကြောင်းပြချက်မရှိ အပြစ်ဒဏ်ကျအကျဉ်းသားအဖြစ် ချုပ်နှောင်အပြစ်ပေးသည်ကို နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။

ဒီတော့ ဒီလိုကိစ္စတွေကို စစ်ထောက်လှမ်းရေးတွေ ကိုင်နေတာကို ကျနော်တို့ကိုယ်တိုင်ခံစားရတဲ့ ကိုယ့်တွေ့တွေအရ သိသလို အကျဉ်း ဦးစီးဝန်ထမ်းတွေမှ ပြန်ပြီးရင်ဖွင့်တာတွေ ထွက်လာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ၀င်တဲ့ရက်တွေဆိုရင် ထောင်ဝန်ထမ်းတွေက ထောင်ထဲ ပစ္စည်းခိုးသွင်းလို့မရပါဘူး။ အဲဒါကို လမ်းကြောင်းပိတ်တယ်လို့ခေါ်သည်။ အင်းစိန်ထောင်မှာ “နိုင်ငံတော်” လို့ခေါ်တဲ့ လွှတ်ငြိမ်း ချမ်းသာခွင့်ကို လူတိုင်း မျှော်ပါသည်။ မှောင်ရိပ်ခိုမှုနှင့် ကျလာတဲ့ ထောင်သုံးလ ကျသူလည်း နိုင်ငံတော်ကို မျှော်သည်။ ဒီလိုမျှော်အောင်လည်း ၀န်ထမ်းတွေ အကျဉ်းသားအုပ်ချုပ်သူတွေထံမှာ ကောလဟာလတွေဖြန့်တယ်ဗျ။ အဲဒီကောလဟာလတွေက “ဂေါ်နိုက်စာရင်းတွေ တောင်းနေပြီ” “ထောက်လှမ်ရေးတွေက အပြင်မှာ ခန်းမတခုပြင်ဆင်နေပြီ” “လွတ်မယ့်အကျဉ်းသားမိသားစုကို ဆက်သွယ်ဖို့ အိမ်လိပ်စာ တွေ စစ်နေပြီ” “ဘယ်နေ့အတွက် လွှတ်မယ်” “ဘယ်အစည်းအဝေးအတွက် လွှတ်မယ်” စသည်ဖြင့် သတင်းပေါင်းစုံကို ကြားနေရတယ်။ ဒါတွေကို ကျနော်တို့ လုံးဝခေါင်းထဲမထည့်ပေမယ့် ရိုးရိုးသားသားနင့် ယုံကြည်သူတွေတော့ရှိသည်။ မိုးလင်းလို့ အိပ်ဆောင်ထချိန်မှာ အိပ် တဲ့နေရာက ထမလာတော့တဲ့သူအချို့အတွက် ကြားနေကြစကားအချို့က “လွတ်ကြောင်” (လွတ်ငြိမ်းချမ်းသားခွင့်ကိုမျှော်သူ) ဖြစ်နေတာ ကြာပြီပဲတဲ့။ ဟုတ်ကဲ့ အင်းစိန်ထောင်က တကယ့်ဖြစ်ရပ်တွေပါ။

● စိတ်ဓာတ်ဆင်ရေးနဲ့ ကိုရင်တင်မောင်
ကိုရင်လေးတပါးဟာ သက်တော်လည်းငယ် နယ်ဝေးကလည်းဖြစ်ဆိုတော့ သူ့ခမြာ လွတ်ချင်ရှာလွန်းတော့ နိုင်ငံတော်မျှော်နေပါတယ်။ ကိုရင်လေးတင်မောင်က ရခိုင်မှကိုရင်လေးတပါးဖြစ်ပြီး၊ မျိုးချစ်စိတ်လည်း အင်မတန်မှပြင်းပြတော်မူတဲ့ကိုရင်လေးပါ။ ရခိုင်လူမျိုးတွေ ရာဇ ၀တ်မှုနဲ့ ထောင်ကျလာသူများကိုပင် ကူညီပံ့ပိုးသူဖြစ်ပါတယ်။

နိုင်ငံတော်သတင်းများကြားရင်ဖြင့် အဲသည့်သတင်း ဟုတ်မဟုတ်၊ လိုက်မေးရ၊ သတင်းပတ်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေ လိုက် ပြောရ၊ သတင်းအပေါ် မျှော်လင့်ချက်တွေထားရနဲ့ မမောနိုင် မပန်းနိုင် လိုက်ပြောနေတဲ့ ကိုရင်လေးတင်မောင်ကို ကျနော်တို့တတွေက ဒါ တွေကို စိတ်ထဲမှာမထားဖို့၊ သက်သက်မဲ့ ကျနော်တို့တတွေကို မျှောင်လင့်ချက်တွေဖြစ်အောင်လုပ်ပြီး ဒုက္ခပေးနေတာမျိုးဖြစ်ကြောင်း သူနားလည်လွယ်နိုင်မယ့်စကားတွေနဲ့ရှင်းပြပါတယ်။ ဒါပေမယ့်လည်း သူကတော့ လွတ်ချင်စိတ်ကြောင့် ကျနော်တို့ပြောတာကို မယုံ ကြည်ချင်ဘူး။ သူ့စိတ်က လက်မခံချင်ဘူးဆိုပါတော့ဗျာ။

ကျနော်တို့လျှောက်တင်တုန်းသာ အင်း… အင်းလုပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ အဲသည့်အဆိပ်အတောက် ဝါဒဖြန့်မှုတွေကို အယုံ ကြီးယုံပြီး အမျှော်ကြီးကို မျှော်နေပါတော့တယ်။ လွတ်လပ်ရေးနေ့လား၊ ပြည်ထောင်စုနေ့လား၊ သင်္ကြန်ပြီးရင်ပဲ လွှတ်တော့မလိုလို၊ ဒီတခါ သတင်းကျွတ်က နောက်ဆုံးပဲဆိုတာမျိုး၊ နှစ်သစ်ကူးရင် ထွက်ရတော့မယ်…စတဲ့ ဦးခင်ညွန့်ရဲ့ စိတ်ဓါတ်စိတ်ဆင်ရေး ဝဲဂယက် ညွှတ်ကွင်း ထဲမှာ ကိုရင်လေးခမြာ စိတ်ရောကိုယ်ပါ လိုက်ပါ ကူးခတ်ရင်းနဲ့ အချိန်တွေကြာလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။

သိတဲ့အတိုင်းပဲ ထောင်မှာဆိုတာက ရောဂါဘယလည်း အင်မတန်မှထူပြောတဲ့အပြင် ကျွေးတဲ့အစာအစားကလည်း တိရစ္ဆာန်တောင် မစားချင်တဲ့ဟာမျိုးဆိုတော့ အဟာရရှိဖို့ဆိုတာ ဝေလာဝေးပေါ့။ ကူးစက်ရောဂါတွေကလည်း ထောင်တွင်းလေထုထဲမှာ မမြင်ရရုံတ မယ် ပဲရှိတော့တယ်။ ထောင်ဆရာဝန်ပြဖို့ဆိုတာ ကျနော်တို့ နိုင်ငံရေးအမှုတွေအတွက် မစဉ်းစားချင်တဲ့ ကိစ္စပါ။ နောက်မှ ထောင်ဆေးဝါးကုသပုံကို အသေးစိတ်ပြောအုန်းပါမယ်။ ကိုရင်တင်မောင်ကိစ္စပြန်ဆက်ရအောင်။

ဒီလိုနဲ့ အခါကြီးရက်ကြီးတွေဆို နိုင်ငံတော်မျှော်တဲ့ ကိုရင်လေးတင်မောင်ဟာ စိတ်ထောင်းပြီး တရှောင်ရှောင်ဖြစ်လာပါတော့တယ်။ ကျနော် တို့လည်း မကြာခဏ ဖြောင်းဖြောင်းဖြဖြ လျှောက်ကြပေမယ့် သူ့စိတ်တွင်းကို ချေဖျက်ပေးနိုင်တဲ့အနေထားကိုရောက်မလာပါဘူး။ ဆရာ တော်ကြီးတွေလည်း မိန့်တော်မူတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုရင်တင်မောင်တပါး ချုချာလွန်းမက ချုချာလာတော့ ထောင်ဆေးရုံကို ရောက်သွားပါတော့တယ်။

ထောင်ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး ကိုရင်လေးတင်မောင် ပျံလွန်တော်မူရှာလေတယ်။ စာဖတ်သူတို့တော့ ဘယ်လိုခံစားရမလဲ မသိ ဘူး။ ကျနော်တော့ အခုချိန်ထိ အသည်းနာတယ်။ အဲဒီအချိန်တုန်းကလည်း တော်တော်နာတယ်။ လူတွေကို ထောင်ချ၊ ခန္ဓာကိုယ်တွေကို နှိပ်စက်ညှင်းပန်းရုံမကဘူး၊ စိတ်တွေကိုပါ ညှင်းစဲပြီးသတ်ဖြတ်တတ်တဲ့ သူတို့စစ်ထောက်လှမ်းရေးဆိုတဲ့အဖွဲ့အစည်းကို ပြောစရာစကား၊ သုံးစရာစကားလုံး မရှိတော့ဘူး။

ကိုရင်တင်မောင်ကိစ္စ ဘာသာရေးအရကြည့်ရင် ကံကုန်လို့ပျံလွန်တော်မူရှာတာ ဖြေလို့ရပေမယ့်လည်း ရိုးသားတဲ့ ကိုရင်လေးတပါး စစ် ထောက်လှမ်းလိုအဖွဲ့အစည်းရဲ့ ယုတ်မာတဲ့စိတ်ဓါတ်စစ်ဆင်ရေးကြောင့် စိတ်ထောင်းလို့ ကိုယ်ကျေဖြစ်ပြီး ပျံလွန်တော်မူရတာကို ကျနော် စာဖတ်သူတို့ မြင်ရအောင် မရေးပြတတ်ဘူး။

ကျနော်သိတာ ရိုးသားတဲ့ ရခိုင်ကိုရင်လေးတပါး လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့သတင်းလိမ်တွေ ကို မျှော်လင့်ပြီး ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်ထဲကလို မျှော်လင့်ချက်ကလေးအတိုင်း ဖြစ်မလာတော့ တိမ်းပါးသွားရတာပါပဲ။ တကယ်တော့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံတခုလုံး ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ (ငြိမ်ဝပ်ပိပြားရေးခေတ်) ၁၉၉၂- ၁၉၉၃ ခုနှစ်အချိန်ပါပဲ။ ၁၉၉၃ ခုနှစ်မှာ သဘောထားရေးရာ အရမေးခွန်းတွေ စစ်ထောက်လှမ်းရေးကမေးပြီး လက်မှတ်ခံဝန်ထိုးကာ အချို့ကိုတော့ လွှတ်ပေးတာရှိပါတယ်။

ကိုရင်တင်မောင် တပါးမှာတော့ဖြင့် သူချစ်လှတဲ့ ရခိုင်လူမျိုးများ၊ သူချစ်လှတဲ့ ဆရာတော်ကြီးတွေနဲ့ ကျနော်တို့ကို အပြီးပိုင်စွန့်ခွာသွားလေပြီ။ ဘုရားဟောအတိုင်း မင်းဆိုးမင်းညစ်ကို သံဃာကံဆောင်တော်မူသည့် ဘုရားသားတော် ကိုရင်လေးတင်မောင်အတွက် ဂုဏ်ယူလိုက်ပါသည်။
————————————————————–

ဦးခင်ညွှန့်ကို သင်ပုန်းချေမှု မချေမှုနဲ့ ကျနော်တင်ပြတာတွေနှင့် မဆိုင်ပါဘူး။ သင်ပုန်းချေနိုင်သူကို မအံ့သြသလို မကျေနပ်သူကိုလည်း အပြစ် မတင်ပါ။ သို့သော် သမိုင်းမှာရှိခဲ့တဲ့ဖြစ်ရပ်မှန်များကို ဖုန်းကွယ်ထားပြီး လက်ချင်းချိတ်ရမည်ဆိုသည့် မည်သည့်လူမျိုး၏ စိတ်ထားကိုမှ မျှတသည်ဟု ကျနော်မမြင်ပါ။ သန်း (၅၀) ကျော် ပြည်သူတွေ၏ မျက်ရည်၊ သားပျောက်အမေ သားပျောက်အဖေတို့၏ ပူဆွေးသောကမီးတွေ။ အမေ အဖေပျောက်တဲ့ သားသမီးတွေ၊ ရဟန်း မယ်တော် ခမည်းတော်တွေ၏ ဆုံးရှုံးမှုတွေကိုတော့ စကားလုံးလှလှပြောတက်တဲ့ပါးစပ်က စကားလုံးတွေနှင့် အလွဲသုံးစား ပျက်ရယ်မပြုကြပါနှင့်လို့တော့ ပြောလိုက်ချင်ပါရဲ့ဗျာ …..
————————————

အချက်အလက်တွေအတွက် အမှတ်သုံးဆောင်မှ ဘွဲ့တော်ဖေါ်ခွင့်မရသည့် သံဃာတော်အရှင်သူမြတ်များ၊ အမည်ဖော်ခွင့်မရသည့် ညီအ ကိုတော်များနှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ၏ မိန့်တော်မူချက်များ၊ ကိုစည်သူဝင်း (နယူးယောက်) တို့ အားကျေးဇူးတင်ရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts