>
ကိုလှသန်းလွန် နိုင်ငံရေးကာလတွင် ပေါ်လာသည့် ပေါင်ချိန်စက်
ညိုထက် (လမ်းသစ်ဦး)/ သူ့ဖေစ့်ဘွတ်က ယူပါတယ်။
ဇန်န၀ါရီ ၂၇၊ ၂၀၁၂
တော်လှန်ရေးသမားဆိုပါလား
“တော်” ရာမှာနေပြီး
ညီအကိုချင်း ဖင် “လှန်” မနေနဲ့
ဥက္ကဌမော်
ပြောတာရှင်းတယ်
“ဘယ်ဟာ ရန်သူ
ဘယ်ဟာ မိတ်ဆွေ ဆိုတာ
ကွဲကွဲပြားပြား မသိတဲ့သူဟာ
တော်လှန်ရေးသမားမဟုတ်ဘူး။
ညီအကို မသိတသိအချိန်ဆိုပါလား
လွမ်းစရာလား
ရိုးရိုးလေး
ရှင်းရှင်းလေး
ညီအကိုစိတ်ဓါတ်မရှိရင်
ညီအကိုဆိုတာ သိပါ့မလား။
ကတ္တီပါလမ်းခွဲဆိုပါလား
“ကေသီပန်”ကြွေးပြီး သွေးပုတ်တွေကိုချပစ်လိုက်ကြ …!
ဖြစ်ခဲ့တယ်
ဗမာပြည်မှာ ဖြစ်ခဲ့တယ်
မောင်သာနိုးကို မှူးထားလို့
ဇော် (ပျဉ်းမနား) က
ဒဂုန်တာရာကို ကတ္တီပါလမ်းခွဲပါတဲ့(ဒါပေမယ့်)
ဆယ်စုနှစ်တခုကျော်တဲ့အခါ
ဘယ်သူတွေ အသဲကွဲခဲ့သလဲ
ဒဂုန်တာရာဟာ
ဗမာ့ကဗျာအိမ်ဦးခန်းမှာ သက္ခာတော်ရကဗျာဆရာတပါး
ဘယ်မှာလည်း ဇော် (ပျဉ်းမနား)
ဘယ်မှာလည်း မောင်သာနိုး။
ဘယ်သူတွေက
ဘယ်သူ့ကို
ဘာ့ကြောင့်
တွန်းပို့နေချင်ရတာလည်း။
ခေတ်ကာလ နိုင်ငံရေးကို
တွန်းပို့လောက မဖြစ်စေနဲ့။
“ဆိုင်ဂုံ” ဆိုတဲ့ ၀ထ္ထု ဖတ်ခဲ့ဖူးတယ်
တကယ်တော့ …
အန်ကယ် ‘ဟို’ ဟာ
ဟိုချီမင်း ဟာ
မျိုးချစ်နိုင်ငံရေးသမား
တိုင်းချစ်၊ ပြည်ချစ်ပုဂ္ဂိုလ်
အမေရိကန်တွေ အတွက်အချက်မှားခဲ့လို့
တွန်းပို့သလိုဖြစ်ခဲ့ရ
ဒါ့ကြောင့်ပဲ သူ့ပြည်သူတွေရဲ့ကြွေးကြော်သံဟာ
“ယမ်းကီး … နိုး” ဆိုပြီးဖြစ်ခဲ့ရ
တွန်းပို့လောက မဖြစ်စေနဲ့
အခန့်မသင့်ရင်
ဗမာပြည်သူတွေရဲ့ ကြွေးကြော်သံဟာ
“- – – … နိုး” ဆိုပြီးဖြစ်လာလိမ့်မယ်။
ဘယ်သူတွေ ဘာမှားခဲ့လို့လည်း
အမေရိကန်က
ဗမာပြည် ဒီမိုကရေစီရေးအတွက်
ဆွေးနွေးအဖြေရှာဖို့ စေ့စပ်ပေးတယ်
တရုပ်ပြည်က
ဗမာပြည်ငြိမ်းချမ်းရေးအတွက်
စစ်ပူနိုင်ငံရးကို သူ့မြေပေါ်မှာဆွေးနွေးစေခဲ့တယ်။
ဘယ်သူတွေ ဘာမှားခဲ့လို့လဲ
ဒေါ်အောင်ဆန်းစုကြည်က
တရားဥပဒေစိုးမိုးရေး
အခြေခံဥပဒေ ပြင်ဆင်ရေးကိုဆောင်ရွက်မယ်
ဦးဝင်းတင် က
ဒီမိုကရေစီ ထိုးစစ်လို့ပြောတယ်
ဦးတင်ဦးက
အမှန်တရားအတွက် ရှေ့တိုးဆောင်ရွက်မယ်
“၈၈” တွေက “NLD”ကို ထောက်ခံတယ်။
ဝန်းရံရေးကို ပြောတယ်။
ဘာမှားနေလို့လည်း
ဘယ်သူတွေ ဘာမှားနေလို့လဲ
ဘယ်သူတွေက မှားနေတာလဲ
အဆုံးအရှုံးမခံနိုင်ဘူး
ဘာကိုမှ အဆုံးရှုံးမခံနိုင်ဘူး။
စွန့်လွှတ်ဖို့လိုအပ်လာရင်
“နိုင်ငံရေး လှေနံဓါးထစ်ဝါဒ” ကိုစွန့်လွှတ်မယ်။
မနှစ်က …
ကိုလှသန်း ဆုံးတယ်
ကိုလှသန်းကို ဗမာကဗျာလောက ကလွမ်းကြတယ်
ကျနော်လည်း ကိုလှသန်းကိုလွမ်းကြသူတွေထဲမှာ ပါခဲ့တာပါပဲ
လွမ်းစရာတွေကောင်းလှတဲ့ ကိုလှသန်းမှာ
လွမ်းစရာအကောင်းဆုံး ကဗျာတပုဒ်ရှိတယ်
“၀ သွားသလား
ပိန် လာသလား
ပေါင်ချိန်ကြည့်ကြရအောင်”
(၂၃ – ၁ – ၂၀၁၂)
