>Kamar Pale – Poem

>

တောင်တန်းများ၏ ဧကရီ …နဒီ အပျိုမ …သို့ ..
ကမာပုလဲ
ဇန်န၀ါရီ ၂၁၊ ၂၀၁၂



နှစ်ကာလများ၏

ဒုက္ခ ဧကရီ
နဒီအပျိုမရေ …

မင့်ဆီကို လာရာလမ်းမှာ
ငါ့ခြေလှမ်းတွေ မင့်အတွက်
သူစိမ်းတရံ ဆန်နေလေမလားပဲ …။

မင့်နှုတ်ခမ်းပေါ်
မဝံ့မရဲ ငါ ခြေစုံရပ်ရင်း
တခါက
တရင်းတနှီး အဖြစ်အပျက်တွေ
ပြန်လည် မြင်မက်တယ် …။

မျက်နှာချိုသွေးလို့
မင်းဘဝရဲ့
ပြုမြဲဖြစ်သော စီးဆင်းခြင်း ရေအလျဉ်ကို
ငါ ထိုင်ငေးတယ် …။

ငါ့ရင်ဟာ
အရင်လို ခုန်နေဆဲပါ
အလွမ်းတွေကလည်း
တချိန်ကလို သဝေမတိမ်း
ဒါကို
မင်းရဲ့ စိမ်းမြရှင်သန်
အနှိုင်းမဲ့ ချစ်ခြင်းမိုးမခပင်တွေက
အသိသက်သေ …။

စိမ်းရီ ညိုမှောင် တောင်တန်းတွေရဲ့ကြားမှာ
ဥဒါန်း ဘယ်မကျေနိုင်တဲ့
သွေးပျက် နာကျည်းဘွယ် ရာဇဝင်ရိုင်းကိုမှ
ရင်ထဲ ငုံကာ စီးဆင်းခဲ့ရတဲ့ …
ဧကရီမ
ဒုက္ခမြစ်နဒီရေ
လပြည့်မင်းက
သူ့အသွေးအသားတွေကို ခုတ်ထစ်ပြရင်း
မင့်ရဲ့ ရွှေရင်အစုံပေါ်
အလင်းစတွေ မျှဝေနေတယ် …
နှစ်ရှည်လများ
လွတ်မြောက်ရေး တိုက်ပွဲဝင်တေးတွေက
ငြိမ်းချမ်းရေး စစ်စစ်ကို
ဆောင်ယူလာတော့မယ်လား
လေညင်းရဲ့
အေးမြတဲ့ အထိအတွေ့
မင့် ကိုယ်ငွေ့မှာ …
နှလုံးသားဆတ်ဆတ်နဲ့ ငါ ကြားတယ် …။

ငါဟာ
ယုံကြည်ချက် အိမ်တိုင်
ခရီးသွား တယောက်ပါ …
ငါ့ကို
မင့်ရင်သွေးလို
ကာကွယ်စောင့်ရှောက်ခဲ့တဲ့
နွေးထွေးလှိုက်လှဲ မေတ္တာညတွေကို
သွေးရိုးသားရိုး ငါ တပ်မက်ခဲ့
ခုတော့
ငါ ပြန်ဦးမယ်
ငါ့မှာ ခရီးဆက်ဖို့ ရှိနေပါသေးတယ်
နောက် တခေါက် ငါပြန်လာတဲ့အခါ
အလှဆုံး အပြုံးတွေနဲ့ ဆီးကြို
မင့်ရဲ့
မဟူရာ ကေသာထက်မှာတော့
အောင်ပွဲရဲ့ သရဖူ …။ ။

(၂၀၁၂၊ ဇန်နဝါရီလ ၁၀ – ၁၈ သူးမွဲ … သောင်ရင်းမြစ် ဆောင်းညများသို့ )