>
မျိုးဇော် နှင့် ညွန့်ထွေး
ဇန်န၀ါရီ ၁၊ ၂၀၁၂
သတင်းတွေအများကြီးထဲကမှ တချို့ကို စုစည်းရေးသားလိုက်ပါတယ်။
အီလက်ထရောနစ် ဥပဒေ
သြဂုတ်လမှာ ထွက်ပေါ်လာတဲ့ ကာတွန်းအောင်မော်ရဲ့ လက်ရာ
စာနယ်ဇင်းသမား၊ နိုင်ငံရေးသမားတွေကို ထိထိရောက်ရောက် ဒုက္ခပေးရာမှာ အစိုးရ အားကိုးတကြီးဆုပ်ကိုင်ထားတဲ့ထဲမှာ “အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ” လည်း ပါဝင်ပါတယ်။ ဒီနှစ်ထဲ ကြိုတင်မဲအစိုးရ ပထမဆုံး ထောင်ထဲထည့်လိုက်တဲ့ နိုင်ငံရေးလှုပ်ရှားသူဟာ အဲဒီဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဆိုတယ်။ သူကတော့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖြစ်ပါတယ်။
သူ ဘာကြောင့် ဒီလို ငြိစွန်းသွားရတာလဲ။
“သားက ပြောတာကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ သူ့စိတ်ထဲမှာ ရှိတဲ့အကြောင်း နိုင်ငံခြားက သူ့သူငယ်ချင်းဆီကို စာပို့ထားတဲ့ စာတစောင်ကြောင့်
အခုလို တရားစွဲခံရတာလို့ ပြောတယ်” လို့ သူ့ကို ထောင်ဝင်စာတွေ့ခဲ့သူ မိခင် ဒေါ်ခင်သီက မဇ္ဈိမသတင်းဌာနကို ပြောပြပါတယ်။
မီဒီယာလုပ်ငန်းလုပ်ကိုင်သူတချို့ ထောင်ကျနေတာလည်း ဒီဥပဒေနဲ့ပါပဲ။ ဒီဥပဒေကို ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းထားတာပါ။ ဒီဥပဒေကို ပြင်ဆင် သို့မဟုတ် ဖျက်သိမ်းသင့်တယ်လို့ စာနယ်ဇင်းသမားတွေက ဒီနှစ်ထဲမှာ ဗြောင် ပြောလာကြပါပြီ။
ဒေါ်ရှု
သံဃာတွေကို ထောင်ထဲ ထည့်ထားသူတွေ ရှိသလို၊ အဲဒီ ထောင်ထဲရောက် သံဃာတွေကို ကူညီသူတချို့လည်း ရှိပါတယ်။ သူတို့ထဲက တယောက်ကတော့ NLD အဖွဲ့ဝင် ဒေါ်ရှု ဖြစ်ပါတယ်။
အာဏာပိုင်တွေ အမျက်သင့်လို့ ထောင်ထဲရောက်သွားတဲ့ သံဃာတွေကို လွန်ခဲ့တဲ့ ၄ နှစ် ကတည်းက ကူညီမှုများအတွက် ငွေကျပ် သိန်းပေါင်းများစွာ သုံးခဲ့သူပါ။
ဒီနှစ်ထဲ ပြည်ပရောက် မြန်မာပြည်သားတွေ ရွေးချယ်ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ဆု ရရှိပါတယ်။ ဆုမှာ ပါဝင်တဲ့ ဒေါ်လာ ၇၀၀၀ ကိုလည်း အကျဉ်းကျ သံဃာတွေ၊ သီလရှင်တွေကို ထောက်ပံ့ရာမှာ သုံးမယ်လို့ ဒေါ်ရှုက သတင်းဌာနတွေကို ပြောပါတယ်။
လယ်သမား
မြန်မာပြည် လူဦးရေရဲ့ ၇၀ ရာနှုန်း ၀န်းကျင်ဟာ လယ်သမားတွေ ဖြစ်ပါတယ်။ “အရပ်သားအစိုးရ” လက်ထက်မှာလည်း နိုင်ငံတ၀န်း လယ်သမားတို့ရဲ့ လယ်မြေတွေ အနိုင်ကျင့် သိမ်းပိုက်ခံနေတုန်းပါပဲ။ ဒီနှစ်ထဲမှာတော့ လယ်သမားတွေရဲ့ မကျေမနပ်မှုတွေဟာ လမ်းပေါ် ထွက်လာပါတော့တယ်။
ပုသိမ်မြို့ဝန်းကျင်က လယ်သမား ၁၅၀ ကျော်ဟာ အသိမ်းခံထားရတဲ့ မြေဧက ၂၀၀၀ ကျော် အရေး ညှိနှိုင်းမှုရလိုတဲ့အတွက် စက်တင်ဘာလမှာ တိုင်း အစိုးရအဖွဲ့ ၀န်ကြီးရုံးရှိရာကို စီတန်း လမ်းလျှောက် တောင်းဆိုခဲ့ပါတယ်။
မတ်လက ကံမမြို့နယ်၊ စစ္စရံရွာက လယ်သိမ်းခံရတဲ့ လယ်သမား တချို့ ရိုက်နှက်ဖမ်းဆီးခံရ၊ ထောင် ၉ နှစ်ကျော် ချမှတ်ခံရပါတယ်။ ဒီအမှုမှာ ရှေ့နေ ဦးတင်အောင်ထွန်းက လိုက်ပါကူညီတဲ့အတွက် လယ်သမား ၅ ဦး ထောင်ဒဏ် ၃ လနဲ့ ပြန်လွတ်ပါတယ်။ ဒါပေမယ့် သူတို့ရှေ့နေကတော့ ရှေ့နေ လိုင်စင် အသိမ်းခံရပါတယ်။ လိုင်စင်သိမ်းတာဟာ တိုးတက်မှုလို့လည်း ဆိုနိုင်တယ်။ ၂၀၀၉ တုန်းက ဆိုရင် လယ်သမားကူညီတဲ့ရှေ့နေ ထောင်ထဲရောက်သွားလို့ပါပဲ။
ရန်ကုန်မြို့ပြင်က လယ်သမား ၅၀ ၀န်းကျင်လည်း လယ်မြေ ပြန်ရရေး၊ လယ်ယာမြေ ဥပဒေ တချို့ ဖျက်သိမ်းပေးရေးတို့အတွက် အောက်တိုဘာထဲမှာ ရန်ကုန်မြို့အတွင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
တချိန်က လယ်သမားအရေး လုပ်ဆောင်ခဲ့သူတို့ကိုလည်း ဒီနှစ်ထဲမှာ အမှတ်တရ အစီအစဉ်တွေ လုပ်ကြတာကိုလည်း တွေ့ခဲ့ရမှာပါ။
ကိုလိုနီခေတ် လယ်သမား ခေါင်းဆောင်ကြီး ဆရာစံ ကြိုးပေးခံရမှု နှစ် ၈၀ ပြည့်နေ့ အမှတ်တရ အစီအစဉ်ကို နိုဝင်ဘာလကုန်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဆရာစံနဲ့ လယ်သမားအရေး အသက်ပေးခဲ့ကြတဲ့ အရေးတော်ပုံ တပ်သားတွေအတွက် ဂုဏ်ပြုအစီအစဉ်တွေကို သာယာဝတီမြို့ မှာ ကျင်းပကြပါတယ်။ ဆရာစံအတွက် ယခင်က ရုပ်တု ထုလုပ်ခြင်း၊ ကျပ် ၉၀ တန် ငွေစက္ကူမှာ ရုပ်ပုံ ဖော်ပြရိုက်နှိပ်ခြင်း တို့ကလွဲလို့ ဘာအစီအစဉ်မှ မရှိခဲ့ဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြနေသည့် လယ်သမားတချို့ (ဓာတ်ပုံ – ဧရာဝတီ)
ငလျင်
မတ်လကုန်ခါနီး တမနက်ခင်းမှာ တာချီလိတ်မြို့ဝန်းကျင်မှာ ငလျင်ကြီးလှုပ်တဲ့အတွက် ကျေးရွာအများအပြားက လူတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။ တရားဝင်ထုတ်ပြန်တဲ့စာရင်းအရ အင်အား ၇ ဒသမ ၀ ရှိတဲ့ ဒီငလျင်ကြောင့် သေဆုံးသူ ၇၄ ဦး ရှိပါတယ်။
ငလျင်လှုပ်မယ် ဆိုတာ ကြိုမသိနိုင်၊ ရှောင်လွှဲ မရနိုင်ဘူး၊ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ခြင်းဟာ အကောင်းဆုံး ကာကွယ်ခြင်းပဲ လို့ တာလေဒေသကို သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ ငလျင်ကော်မတီရဲ့ ဇွန်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရမှာပါ။
ရေ
တာင်ကျချောင်းရေကြောင့် ကျိုးသွားတဲ့ ပခုက္ကူမြို့ ရွှေချောင်းတံတား (ဓာတ်ပုံ – Getty Images)
မိုးအဆက်မပြတ်ရွာတဲ့အတွက် နိုင်ငံအနှံ့ ရေကြီးခဲ့ပါတယ်။ ဖားကန့်၊ မိုးကုတ်၊ ပဲခူး၊ ဖားအံ၊ ရန်ကုန် စသဖြင့် နေရာအနှံ့ပါပဲ။ တောင်ပေါ်မြို့ဖြစ်တဲ့ တောင်ကြီးမှာတောင် ရပ်ကွက်တွေထဲ ရေ၀င်ခဲ့တဲ့နှစ်ပါ။ စပါးခင်းတွေပျက်စီးမှု ဧက အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ အစိုးရက ထုတ်ပြန်ထားတာ မရှိပါဘူး။
အဆိုးဝါးဆုံးရေကြီးမှုထဲမှာ မကွေးတိုင်းဒေသ ပါဝင်ပါတယ်။ မုန်တိုင်းမိ၊ မိုးသည်းပြီးနောက် တောင်ကျချောင်းရေကြောင့် ပခုက္ကူမြို့ ရွှေချောင်းတံတား ကျိုးသွားတဲ့အထိ ရေကြီးခဲ့ပါတယ်။ လူအသေအပျောက် တရာကျော် ရှိခဲ့ပါတယ်။
အင်းလေးကန်ထဲ ရေနည်းသွားရတာဟာလည်း ရေဘေးသတင်းဆိုးတခုပါပဲ။ ဒီပြဿနာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကျယ်ကျယ်လောင်လောင် ပြောဆို၊ ဆွေးနွေးတာကို ဒီနှစ်ထဲ တွေ့ခဲ့ရပါတယ်။
၂၀၁၁ ထဲက မီး
ဒီနှစ်ထဲမှာ ထူးထူးခြားခြား မီးဘေးသင့်မှု ၁၀ ခုထက် မနည်း ကြုံတွေ့ရပါတယ်။ မန္တလေးက မီးသတ်စခန်းရှေ့ကနေ အစပြု တွေ့ရတာ နှစ်ကုန်ဖို့ ရက်ပိုင်းအလို ရန်ကုန်မြို့ထဲက ၁၇ ဦး သေဆုံးရတဲ့ မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုအထိပါပဲ။
ဒီသေဆုံးမှုထဲမှာ မီးသတ်ဝန်ထမ်း ၆ ဦး ပါဝင်ပါတယ်။
ဇန်န၀ါရီ
မြောက်ဥက္ကလာ၊ အိမ် ၃ လုံး၊ လူ ၃ ဦး သေဆုံး
မန္တလေး၊ ထန်းကိုးပင် မီးသတ်စခန်းရှေ့ ဈေးဆိုင် ၁၀ ခန်း ၀န်းကျင်ဖေဖော်ဝါရီ
အမရပူရမြို့၊ စံပြဈေး ဆိုင်ခန်းပေါင်း ၁၀၀ ၀န်းကျင်
မကွေးမြို့၊ ဆူးပစ်စမ်းကျေးရွာ အိမ် ၁၀၀ ကျော်
သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ သီတာရေစင်လမ်း၊ အိမ်ခြေ ၁၀ လုံးကျော်မတ်
ကျောက်တော်မြို့နယ် တောင်ထဟာကျေးရွာ – အိမ်ခြေ ၂၀၀ နီးပါး
မုံရွာ၊ အောင်ဇေရုံ ရပ်ကွက် အိမ် ၉၀ ကျော်
ဧပြီ
ရေစကြိုမြို့ အိမ်ခြေ ၈၀
စက်တင်ဘာ
ပုသိမ်မြို့၊ ဗဟိုဈေး အနီး ရဟန်းရှင်လူ ၇ ဦး ဒဏ်ရာရ၊ အဆောက်အအုံ ၁၃ လုံး
နိုဝင်ဘာ
မင်းပြားမြို့၊ ဆိုင်ခန်းပေါင်း ၆၀၀ နီးပါး
ဒီဇင်ဘာ
ပေါင်မြို့နယ် ဇင်းကျိုက်ရွာ၊ အိမ် ၁၂၄ လုံး
ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက် အိမ် ၉ လုံး (ကလေး ၂ ဦးသေ)
မင်္ဂလာတောင်ညွန့် (၁၇ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ)
ဆင်
ဒီနှစ်ထဲ မြန်မာပြည်မှာ ဆင်တွေက လူတွေကို ဒုက္ခပေးသလို လူတွေကလည်း ဆင်တွေကို အပြန်အလှန် ဒုက္ခပေးခဲ့ကြပါတယ်။
ကျေးလက်ဒေသ လူနေအိမ်တွေကို တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီးတယ် ဆိုတဲ့ သတင်းတွေကို ရန်ကုန်မြို့ထုတ် ဂျာနယ်များမှာ မကြာခဏဆိုသလို ဖတ်ခဲ့ကြရပါတယ်။
တောတွေပြုန်းပြီး ဆင်တွေရဲ့ နယ်မြေ ကျဉ်းလာတာကြောင့် လူတွေရဲ့ ဒေသထဲ မတော်တဆ နယ်ကျွံလာကြတာဖြစ်တယ်လို့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးသမားတို့က ဆိုကြပါတယ်။
နယ်ကျွံလာတဲ့ဆင်တွေရော၊ သူ့နယ်မှာပဲ သူနေတဲ့ ဆင်တွေကိုရော အနယ်နယ်က အစွယ်လိုသူဆင်မုဆိုးများက ချမ်းသာမပေးခဲ့ပါဘူး။
သေချာပေါက် အလိုက်ခံရတာကတော့ ဆင်ဖြူတွေပါပဲ။
ဒီနှစ်ထဲ ဆင်ဖြူ ၂ စီးနောက်ကို တကောက်ကောက်လိုက်ဖမ်းမှုတွေဟာ နောက်ဆုံးမှာ အောင်ပွဲရပြီး အဲဒီ ဆင်ဖြူ ၂ စီး နေပြည်တော်ကို ပင့်ဆောင်ခံရပါတယ်။
ဆင်ဖြူဖြူကို လူတွေ ဦးထိပ်ထားသလို ဆင်များကလည်း ဆရာတင်၊ ကိုးကွယ်တဲ့သဘောရှိပုံကို ဆင်ဖြူကြိုဆိုရေးအဖွဲ့ဝင်လူကြီးတယောက်က ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ကို ပြောပြပါတယ်။
“၂၀၀၆ ကတည်းက တွေ့ခဲ့ပေမယ့် ဖမ်းရခက်တယ်၊ မေ့ဆေးသေနတ် မတိုးဘူး၊ တခြားဆင်တွေက ဆင်ဖြူမကို ရွှံ့နဲ့ပက်ပြီး ကိုယ်ရောင်ဖျောက်ပေးတယ်” ဆိုတဲ့ ဆင်ဖြူကြိုဆိုသူတဦးရဲ့ အတွေ့အကြုံကို 7Day သတင်းဂျာနယ် နဲ့ တခြား ဂျာနယ်များမှာ ဖော်ပြထားပါတယ်။
၂၀၀၀ – ၁ စီး
၂၀၀၂ – ၂ စီး
၂၀၁၀ – ၂ စီး
၂၀၁၁ – ၂ စီး အသီးသီး ဖမ်းမိခဲ့တဲ့အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ ဒီနှစ်ထဲမှာ ဆင်ဖြူတော် ၇ စီး အပိုင်စားရခဲ့ရာကနေ နှစ်ကုန်ဖို့ တလ အလိုမှာ ဆင်ဖြူ ၈ စီး ပိုင်တဲ့ နိုင်ငံတော် ဖြစ်လာပါတယ်။ အကြောင်းရင်းကတော့ မောင်တောမြို့မှာ ၂ နှစ်အတွင်း သီးခြားစီ အဖမ်းခံရတဲ့ ဆင်ထီးဖြူ နဲ့ ဆင်မဖြူ နေပြည်တော်မှာ ဖူးစာဆုံပြီး နိုဝင်ဘာ ၂၇ မှာ ကလေးမွေးလိုက်တဲ့အတွက်ကြောင့်ပါပဲ။
ဆင်ဖြူ ၆ စီးကို ရခိုင်ပြည်နယ်မှာ ဖမ်းမိပြီး နောက် ၁ စီးကိုတော့ ဧရာဝတီတိုင်းမှာ ဖမ်းမိပါတယ်။
ပင်စင်
(ဓာတ်ပုံ – ပေါ်ပြူလာဂျာနယ်)
အစိုးရသစ် တက်ပြီး ရက် ၁ဝဝ အတွင်း ပင်စင်လစာ တိုးမြှင့်ပေးတာ ခေတ်ဟောင်းပင်စင်စားများအတွက် အထူးသတင်းကြီး ဖြစ်ခဲ့ပါတယ်။
ဒီလို မတိုးပေးခင်ကတော့ မုန့်ဟင်းခါးတပွဲ ၀ယ်စားလို့ရတဲ့ မြန်မာပြည်ဝန်ထမ်းဟောင်းများရဲ့ ပင်စင်လစာဟာ ကမ္ဘာ့အံ့ဖွယ်သုတ စာရင်း ၀င်ခဲ့မှာ အသေအချာပါပဲ။ ဒီအပြောင်းအလဲဟာ ဦးသိန်းစိန်အစိုးရကို လူထု ထောက်ခံမှု အနည်းနဲ့အများ ရစေတဲ့ မဟာ အရွေ့ကြီး ဖြစ်ပါတယ်။
ဝက်နားရွက်ပြာ
ဝက်နားရွက်ပြာ ရောဂါဟာ ဖေဖော်ဝါရီလဆန်းမှာ မန္တလေးကနေ အစပြုတယ်လို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဆိုပါတယ်။ ဖြစ်ဖြစ်ချင်း ၀က်ကောင်ရေ ၆၀၀ ကျော် သေဆုံးတယ်၊ နောက် ၂ လ အကြာမှာတော့ မကွေးတိုင်းမှာ ကောင်ရေ ၁၂၀ ခန့် သေဆုံးတယ်လို့ ဆိုပါတယ်။ နေပြည်တော် နဲ့ မြေလတ်ဒေသတွေကိုလည်း ကူးသွားပါတယ်။
ရောဂါဖြစ်တဲ့ မြို့မှာ ၀က်ဈေးကျတော့ တခြားမြို့တွေမှာ သွားရောင်းရင်းနဲ့ အဆင့်ဆင့် ကူးစက်ခြင်းဖြစ်တယ်လို့ ကျန်းမာရေးဌာန အရာရှိတွေက ဆိုပါတယ်။
ဝက်နားရွက်ပြာ အစပြုတဲ့ ဒေသက ၀က်တွေကို ရန်ကုန် မရောက်ဖို့ အထူး ကြပ်မတ် တားဆီးပြီး နောက်ပိုင်းမှာတော့ ဒီရောဂါအကြောင်း သတင်းတွေ ငြိမ်သက်သွားပါတယ်။ ဇူလိုင်လထဲမှာ ၀က်သားရောင်းချမှု၊ စားသုံးမှု ပုံမှန်ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။
အမေရိကန်သံရုံး ကြေးနန်းစာ
မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ထူးခြားချက်မှန်သမျှကို ထောက်လှမ်းရေးလုပ်တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အစီရင်ခံစာတွေဟာ ဒီနှစ်ထဲမှာတော့ အားလုံးသိတဲ့ လျှို့ဝှက်ချက် ဖြစ်သွားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန အတွင်းရေးကို နှိုက်ထုတ်ခဲ့တဲ့ ၀ီကီလိ ၀က်ဆိုက်က လျှို့ဝှက်ကြေးနန်းစာ ၂ သိန်းခွဲထက် မနည်းကို စက်တင်ဘာလမှာ အများပြည်သူ ဖတ်နိုင်ဖို့ အင်တာနက်တွင် ဖွင့်ချလိုက်လို့ပါပဲ။
ရန်ကုန်က ပေးပို့တဲ့ ထောက်လှမ်းရေး အစီရင်ခံစာ ရာထောင်ချီကို သတင်းဌာနများ ကုန်စင်အောင် ဖတ်ရှုနိုင်ခဲ့ပုံမရပါဘူး။
မိုးမခကလည်း အဲဒီထဲက အနည်းငယ်ကိုသာ ဖတ်ရှုပြီး သတင်း ၃ ပုဒ် ရေးသားခဲ့ပါတယ်။
ဝီကီလိဝက်ဆိုက်က အကုန်ဖွင့်ချလိုက်ပြီ၊ မြန်မာပြည်အကြောင်း အများအပြား ပါဝင်
မြန်မာပြည်မှာ တာလီဘန် အချိတ်အဆက် ရှိနေပြီလား
အောဘစ် လေယာဉ်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
မန်းငြိမ်းမောင်
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ထင်ရှားတဲ့နိုင်ငံရေးသမား ပဒိုမန်းငြိမ်းမောင်ဟာ တရုတ်နိုင်ငံကို လေကြောင်းနဲ့ သွားရောက်စဉ် လမ်းမှာ ပျောက်ဆုံးသွားပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ သူ့ကို ရန်ကုန်မြို့မှာ ထိန်းသိမ်းပြီး ထောင် ၁၇ နှစ် ချလိုက်တယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။
အာဏာပိုင်တို့ကတော့ ဒီသတင်းကို ထုတ်ပြန်ခြင်း မရှိပါဘူး။
မန်းငြိမ်းမောင် တရုတ်ပြည်ကို ရောက်ရှိစဉ် ပြည်ဝင်ခွင့်ဗီဇာ မပါတဲ့အတွက် မြန်မာပြည်ကို ပို့ဆောင်ခံရတာဖြစ်တယ်လို့ KNU သတင်းရပ်ကွက်က ဆိုပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ ယခင်အစိုးရများလက်ထက်ကလည်း ထိန်းသိမ်းခံရဖူးသူပါ။ ကိုကိုးကျွန်းကို အပို့ခံရပါတယ်။ နောက်ပိုင်း ကိုကိုးကျွန်းအကျဉ်းစခန်းကနေ ပင်လယ်ပြင်ကိုဖြတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ကမ်းခြေက ရွာတရွာမှာ အဖမ်းခံခဲ့ရပါတယ်။ ထောင်ကလွတ်ပြီး KNU မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပါတယ်။
ဘောလုံးပရိသတ်
ဇူလိုင်လတုန်းက ရန်ကုန် သုဝဏ္ဏကွင်း ဘောလုံးပွဲတပွဲဟာ ပရိသတ်ဆီက ကျလာတဲ့ ထီး၊ ဖိနပ်၊ ကျောက်ခဲတွေကြောင့် ပွဲပျက်သွားပါတယ်။
၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲအတွက် ကန်တဲ့ ဒီပွဲမှာ အိမ်ရှင် မြန်မာအသင်းက အိုမန်နိုင်ငံအသင်းကို ၂ ဂိုး ရှုံးနေတုန်း ဖြစ်ခဲ့တာပါ။
ပစ်ပေါက်မှုတွေကြောင့် အိုမန်အသင်းဘက်က အနည်းဆုံး တယောက် ထိခိုက်သွားပါတယ်။
ရိုးရိုးတန်း ပွဲကြည့်စင်တွေကို အခမဲ့ဝင်ခွင့်ပြုတဲ့အတွက် လူပေါင်းစုံဝင်ရောက်တာကြောင့် ဒီလို ပွဲပျက်တာလို့ ဝေဖန်သံတွေ ထွက်လာပါတယ်။
စာရေးဆရာ မင်းလူက ဒီလို ဝေဖန်ချက်ကို သဘောမတူပါ။ အိုမန်အသင်းဘက်က တယောက်ကို အထိနာအောင် ပစ်လိုက်တာဟာ အခမဲ့ဝင်ကြည့်သူတွေပြွတ်သိပ်နေတဲ့ ရိုးရိုးတန်းတွေဘက်က မဟုတ်ဘူး၊ အဲဒီ အသံတိတ်လက်နက်ဟာ အထူးတန်းပွဲကြည့်စင်ဘက်က ပစ်လိုက်တာဖြစ်တယ်လို့ ဂျာနယ်တစောင်မှာ ဆောင်းပါးရေးခဲ့ပါတယ်။
ဘယ်သူက ဘာကြောင့် ပစ်သည်ဖြစ်စေ ပွဲကတော့ ပျက်သွားပါတယ်။
စက်တင်ဘာမှာတော့ ဖီဖာက မြန်မာဘောလုံးအသင်းကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေ ဒေါ်လာသုံးသောင်း ၀န်းကျင် ချလိုက်ပါတယ်။
ဦးသိန်းစိန်
ဒီပဲယင်းလူသတ်ပွဲ မတိုင်မီ NLD ခေါင်းဆောင်တွေ နဲ့ ဗိုလ်ချုပ်ကြီးတွေ တွေ့ဆုံတုန်းက ဦးသိန်းစိန် (ဗိုလ်ချုပ်သိန်းစိန်) လည်း ပါဝင်ပါတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်သိန်းစိန်ဟာ မျိုးချစ်ရဲဘော်ဟောင်း NLD ခေါင်းဆောင်တွေနဲ့ တပ်ထဲက ရှေးဟောင်းနှောင်းဖြစ်တချို့ကို တရင်းတနှီး ပြောလာတယ် လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးရှေ့မှာတင် အဲဒီလိုပြောဆိုတာမို့ NLD ခေါင်းဆောင်တွေရဲ့ အမြင်မှာတော့ ဦးသိန်းစိန်ဟာ ထူးခြားနေပါတယ်။
ဦးသိန်းစိန် သမ္မတဖြစ်လာပြီးမကြာမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကြာ တွေ့ပြီး စကားပြောပါတယ်။ ဒေါ်စုကလည်း ဦးသိန်းစိန်ကို ယုံကြည်တယ်လို့ လေသံထွက်လာပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လက်တွဲ ဆောင်ရွက်ဖို့အရေးမှာ ဦးသိန်းစိန်နဲ့ ဆိုရင်တော့ အလုပ်ဖြစ်နိုင်တယ်လို့ NLD ခေါင်းဆောင်တချို့ အထူးသဖြင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ယူဆနေပါတယ်။
အကဲခတ်အများအပြားကလည်း လက်ရှိ ကြံ့ခိုင်ရေးအစိုးရ ခေါင်းဆောင်တွေထဲမှာ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးသမားပဲ ဆိုပြီး ယူဆကြပါတယ်။
ဒီလို ယူဆခံရသူ ဦးသိန်းစိန်ဟာ ဘယ်လောက်အထိ အာဏာရှိပါသလဲ။ KIA ကို ထိုးစစ်ဆင်နေတာတွေကို ရပ်လိုက်ဖို့ ကာကွယ်ရေးဦးစီးချုပ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တိုင်းသိပြည်သိ ညွှန်ကြားခဲ့ပေမယ့် ထိုးစစ်တွေဟာ ဒီနှစ်ကုန်တဲ့အထိ ရပ်မသွားတာကို တွေ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသား
ဒီနှစ်ထဲ ထောင်က ပြန်လွတ်လာတဲ့ လူရွှင်တော် ဇာဂနာက နိုင်ငံရေးအကျဉ်းသားတွေဟာ ဓားစာခံတွေလိုပါပဲလို့ မှတ်ချက်ပြုခဲ့ပါတယ်။
“ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်” တဲ့။ ထောင်ကထွက်တဲ့နေ့မှာပဲ မဇ္ဈိမ သတင်းဌာနနဲ့ အင်တာဗျူးမှာ အဲဒီလို ပြောလိုက်တာပါ။
ဗိုလ်ချုပ်ကြီးတွေ နှစ်ပေါင်းများစွာ လုပ်ခဲ့သလိုပဲ ကြံ့ဖွံ့အစိုးရက ဒီလို လုပ်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံရေးသမားတွေ လွှတ်ပေးမယ်လို့ နိုင်ငံတကာလှည့်ပတ်ပြီး အော်ချက်ထုတ်ခဲ့တဲ့ အစိုးရက မေလမှာ ဇေယျာသော်၊ နော်အုန်းလှ စသဖြင့် လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ပါတယ်။ အောက်တိုဘာမှာ ထပ်လွှတ်တော့ လွတ်ရက်စေ့တော့မယ့်သူတွေ၊ ထင်ရှားသူတွေ စသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပါပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအတွက် ၀မ်းနည်းစရာကောင်းတာက အရပ်ဝတ်လဲဗိုလ်ချုပ်ကြီးတွေက သူတို့ကို ဓားစာခံလို ဆက်လက် သဘောထားနေပြီး ထောင်အပြင်ဘက်ရှိနေသူ အများအပြားကလည်း ထောင်ထဲက သူတို့ကို ဆက်လက် မေ့လျော့နေတဲ့အချက်ပါပဲ။
သူတို့ကို စိတ်ပိုင်းဆိုင်ရာ အားပေးတဲ့သူတွေထဲမှာတော့ ဇာဂနာက ထိပ်ဆုံးက ပါပါတယ်။ ထောင်ထဲကျန်နေသူတွေကို ထောင်ဝင်စာပို့ရေးအတွက် ဇာဂနာက သူ့မိတ်ဆွေတွေကို စည်းရုံး လှုပ်ရှားခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ – KIA
နိုဝင်ဘာလက မြစ်ကြီးနားမြို့ မိဘမဲ့ကလေးများ နေထိုင်တဲ့ နေအိမ်မှာ ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်နေပုံ။ ဒီဖြစ်ရပ်ကြောင့် ကလေး ၁၀ ဦး သေဆုံးပြီး၊ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ် (ဓာတ်ပုံ-YPI facebook)
၁၉၆ဝ ၀န်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ KIA ဟာ ကချင်တိုင်းရင်းသားများ နေထိုင်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ အခြေစိုက် လှုပ်ရှားပါတယ်။
၁၉၉၄ မှာ ငြိမ်းချမ်းရေးယူခဲ့တဲ့အတွက် KIA နယ်မြေတွေဟာ နှစ်ပေါင်းများစွာ သေနတ်သံတိတ်ခဲ့ရာကနေ ဒီနှစ်လယ်ပိုင်းမှာတော့ ပြန်ပြီး တိုက်ကြခိုက်ကြပါတော့တယ်။ စစ်ပွဲတွေကို ကြိုတင်ပြင်ဆင်ထားပြီးမှ တိုက်ကြတာလို့ အကဲခတ်တချို့က ယူဆကြပေမယ့် အများအမြင်မှာတော့ ရုတ်တရက် ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေပါပဲ။
အစိုးရထိုးစစ်ကြောင့် သူ့နယ်မြေထဲ ပြေးဝင်ခိုလှုံတဲ့ ထောင်သောင်းချီ ဒုက္ခသည်တွေကို လက်ခံခဲ့ပါတယ်။
အစိုးရနဲ့ စတင် စကားပြောချိန်မှာ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ KIA က တောင်းဆိုခဲ့တာပါ။
အစိုးရစစ်တပ်နဲ့ အင်အား အဆမတန်ကွာခြားတယ်ဆိုတာကို KIA သဘောပေါက်ပေမယ့် အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေးအရ အဖြေရှာရေးကိုပဲ ဦးစားပေး ပြောဆိုနေပါတယ်။
အစိုးရက ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို အဆက်မပြတ်သုံးနေပေမယ့် ၂၀၁၁ ရဲ့ နောင်းပိုင်း ၆ လတာ တလျှောက်လုံး KIA ကိုပဲ သည်းကြီးမည်းကြီး ထိုးစစ်ဆင်နေခဲ့ပါတယ်။
စစ်ပြေးဒုက္ခသည်များ
နှစ်လယ်ပိုင်း ကချင်ဒေသ စစ်ပွဲကြီးတွေကြောင့် ထောင်သောင်းချီတဲ့ ဒေသခံတွေ ကိုယ့်အိမ် ကိုယ့်ယာကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာပါတယ်။ အစိုးရကတော့ သူတို့ကို ပဋိပက္ခကြောင့် ယာယီရှောင်တိမ်းရသူများလို့ ခေါ်ပါတယ်။
ရန်ကုန်အခြေစိုက် ကုလသမဂအဖွဲ့များ၊ NGO များရဲ့ ထင်သာမြင်သာရှိတဲ့ ကူညီဆောင်ရွက်မှုတွေကို
ကချင်ဒေသမှာ မတွေ့ရပါဘူး။ အာဏာရှင်စနစ်နဲ့ နှစ် ၅၀ ကြာ အသားကျခဲ့တဲ့ အာဏာပိုင်အဖွဲ့အဆင့်ဆင့်ရဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့်လည်း ကချင်ဒေသ စစ်ပြေးဒုက္ခသည်တွေ အခက်အခဲ ပိုတွေ့ကြရတာပါ။
ထိုင်းမြန်မာနယ်စပ်တလျှောက်မှာလည်း ဒုက္ခသည်တွေ အများအပြား ရှိပါတယ်။ ဆယ်စုနှစ်နဲ့ ချီပြီး နေရပ်စွန့်ခွာရတဲ့ သူတို့အရေးနဲ့ ပတ်သက်ပြီး အစိုးရသစ်က ဒီနှစ်ထဲမှာ ဘာမှ လေသံမပစ်ခဲ့ပါ။
ကွန်ရက်များ
၂ဝ၁၁ အတွင်း ရန်ကုန်ကို အခြေပြုတဲ့ ကွန်ရက်တွေ အများအပြား အရှိန်အဟုန်နဲ့ လှုပ်ရှားနေပါတယ်။
ပထမဆုံး ကွန်ရက်ကတော့ လူငယ်ကွန်ရက်ဖြစ်ပြီး ဒီလို ဆက်သွယ် ဆောင်ရွက်ဖို့ကို ၂ဝ၁ဝ နိုဝင်ဘာမှာ အထိန်းသိမ်းခံရာက လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အစပြု အကောင်အထည် ဖော်ခဲ့တာပါ။
ဒါတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မဖြူဖြူသင်းတို့ HIV/AIDS လူနာ ကွန်ရက်ရဲ့ အလုပ်ဖြစ်မှုကနေ မြစ်ဖျားခံလာတာ ဖြစ်ဖွယ်ရှိပါတယ်။
ရှေ့နေကွန်ရက်က အမှုဆင်ခံရတဲ့၊ ထောင်ထဲပို့ခံရတဲ့ နိုင်ငံရေးသမားတွေကို အကူအညီပေးပါတယ်။ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်ကလည်း အရှိန်ရနေဟန်ရှိပါတယ်။
ပညာရေးကွန်ရက်ရဲ့ လှုပ်ရှားမှုတွေမှာ အထင်ရှားဆုံးကတော့ သင်တန်းကျောင်းတွေပါပဲ။ နာမည်သိပ်မထွက်တဲ့ ကွန်ရက်တွေလည်း မနည်းမနောပါပဲ။ ကွန်ရက်အများစုက NLD ရဲ့ လက်တံတွေ ဖြစ်နေတာကို တွေ့ကြရမှာပါ။
ပြည်တော်ပြန်
ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရနဲ့ သဘောထားခြင်း မတိုက်ဆိုင်သူတွေ ပြန်လာကြပါ ဆိုတဲ့ စကားကို သမ္မတဦးသိန်းစိန်က ပြောခဲ့တာပါ။ ယုံကြည်စိတ်ချရတဲ့ ကြေညာချက် မဟုတ်တဲ့အတွက် အခုချိန်အထိ ပြည်တော်ပြန်သူအရေအတွက်က လက်ချိုးရေနိုင်တဲ့ ပမာဏပဲ ရှိပါသေးတယ်။ သီးလေးသီး အငြိမ့် ၀ိုင်းတော်သားတွေ နေရပ်ရင်း ပြန်လည်နေထိုင်ကြပါတယ်။ ပြည်ပက မြန်မာသံရုံးတွေကို ဆက်သွယ်ပြီး ပြည်တော်ပြန်သူတွေ ဘယ်လောက်များတယ် ဆိုတာကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဦးဟန်ညောင်ဝေ၊ သတင်းစာဆရာ ဦးသန်းလွင်ထွန်းနဲ့ တင်မောင်သန်း၊ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး၊ နိုင်ငံရေးသမား ဦးပီတာလင်းပင်တို့ရဲ့ ယာယီပြည်တော်ပြန်ခရီးများ အကြောင်းကတော့ မီဒီယာတွေကတဆင့် သိရှိပြီးဖြစ်ကြမှာပါ။
အရောင်ပြောင်းခံရတဲ့ ကောင်းမှုတော်
စစ်ကိုင်းက ကောင်းမှုတော်စေတီဟာ သက်တမ်း ၄၀၀ ပြည့်ခါနီးမှာ အဖြူရောင်ကနေ ရွှေရောင်ကို ပြောင်းလဲသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားမယူခင် စီစဉ်သွားတဲ့ အပြောင်းအလဲတခု ဖြစ်တယ်လို့ ဆိုပါတယ်။
ရှေးဟောင်းဘုရား တစ်ဆူဟာ ထုံးစေတီကနေ ရွှေရောင် စေတီဖြစ်သွားရင် သာသနာ အတွက် ပိုမကောင်းပေဘူးလား ဟု ဦးဥတ္တမသာရ ( ကောင်းမှုတော်စေတီ ဩ၀ါဒါ ဆရာ တော် ၁၀ ပါးတွင် ပါဝင်သူ)က မြန်မာတိုင်းမ်ဂျာနယ်ကို မိန့်ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းမှုတော် အပြောင်းအလဲကို ပညာရှင်အများအပြား၊ ဗုဒ္ဓဘာသာဝင် အများအပြားက ကန့်ကွက်ခဲ့ကြတာကို တွေ့ရပါတယ်။
(တုံ့ပြန်ချက်တွေထဲက အများအပြားကို မိုးမခက ဖော်ပြပြီးပါပြီ။ http://moemaka.blogspot.com/search/label/Quotable%20Quotes?updated-max=2011-03-30T17:58:00-07:00&max-results=20 မှာ ဖတ်နိုင်ပါတယ်)
ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ
သမ္မတဦးသိန်းစိန်ရုံးခန်းအတွင်း ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်းပုံ
ဒီနှစ်ဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်တွေ အများအပြား ထွက်ရှိသလို အင်မတန်ရောင်းရတဲ့နှစ်လည်း ဖြစ်ပါတယ်။ ဆိုင်တွေမှာ အရောင်း သွက်လွန်းတဲ့အပြင် မြို့ကြီးပြကြီး လက်ပွေ့ဈေးသည်တွေလက်ထဲမှာလည်း ဗိုလ်ချုပ်စာအုပ်တွေ ရှိနေတာကို နှစ်လယ်ပိုင်းမှာ သတိထားမိပါတယ်။
နှစ်ကုန်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ပိုစတာတွေ၊ ဗီနိုင်းတွေဟာ နိုင်ငံအနှံ့ပိုစတာဆိုင်တွေမှာ ရောက်နေပါပြီ။ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုစတာများလည်း ထိုနည်းလည်းကောင်းပါပဲ။ တီရှပ်ပေါ်မှာလည်း ဒီပုံတွေကို တွေ့ကြရမှာပါ။
ရထား၊ ကား၊ သင်္ဘော ဘာနဲ့ပဲ ခရီးသွားသွား ခရီးသည်တွေဆီကို ဈေးသည်တွေ ရောက်လာပြီး ဒီပိုစတာတွေ၊ စာအုပ်တွေ ရောင်းချတာဟာ ၂၀၁၁ ရဲ့ ထူးခြားမှုတခုဖြစ်လာပါတော့တယ်။





