>The news stories you read or missed in 2012

>

၂၀၁၁ အတွင်း ဖတ်ခဲ့ရတဲ့ သို့မဟုတ် မဖတ်လိုက်ရတဲ့ သတင်းများ
မျိုးဇော် နှင့် ညွန့်ထွေး
ဇန်န၀ါရီ ၁၊ ၂၀၁၂


ဒီနှစ်ထဲမှာ ဖတ်ဖြစ်ခဲ့တဲ့ သို့မဟုတ် မဖတ်ရသေးတဲ့ သတင်းတချို့ပါ။ နှစ်သစ်ကူးကာလမှာ အမှတ်တရ ပြန်လည် ဖော်ထုတ် ရေးသားလိုက်ပါတယ်။

အမရပူရ ဒေါ်မြကြည်

ဒေါ်မြကြည် (ဓာတ်ပုံ – ဖြိုးဝေကျော်/မြန်မာတိုင်းမ်ဂျာနယ်)
“အမရ” ဟာ မသေခြင်း၊ “ပူရ” ဆိုတာ မြို့
လို့ အဓိပ္ပာယ်ရတာကြောင့် အမရပူရဟာ အသက်ရှည်တဲ့သဘော သက်ရောက်ပါတယ်။ အမရပူရမှာ အသက်ရှည်ရှည် နေထိုင်နေသူကတော့ ဒေါ်မြကြည် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ ဘွားဘွားရဲ့ အသက် ၁၂၀ ပြည့်ခဲ့ပါပြီ။ မြန်မာတွေ ဇာတာတွေထဲ ရေးသားကြတဲ့ အသက် ၁၂၀ ရှည်စေသော် ဆိုတဲ့ ၀ါကျဟာ အလွန်အကျူးမဟုတ်ကြောင်း၊ မဖြစ်နိုင်တာကို ရေးထားတာ မဟုတ်ကြောင်း သိရပြီပေါ့။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာစာနယ်ဇင်းသမား အများအပြား ရောက်ခဲ့တဲ့ အိမ်ခြေ ၃၀ ကျော်ပဲ ရှိတဲ့ ပေါက်ချိုင်ကုန်းရွာ ရွာဦးဘုန်းကြီးကျောင်းဝင်းထဲကို သွားရင် ဘွားဘွားကို တွေ့ရမှာပါ။
အမည်အရင်းက ဒေါ်မြကြီး ဖြစ်ပေမယ့် လ၀က ဌာနက မှတ်ပုံတင်ပေါ်မှာ ပြောင်းလဲ ရေးခဲ့မိလို့ ဒေါ်မြကြည် ဖြစ်လာတယ်၊ ဆေးလိပ်သောက်တယ်၊ ငါးမစား အသားမစား၊ ငယ်ကတည်း သက်သတ်လွတ်စားတယ်၊ အခု အကြားအာရုံ အားနည်းချက်ရှိတယ်လို့ သတင်းတွေက ဆိုတယ်။
မြန်မာပြည်မှာ ဘွားဘွားထက် အသက်ပိုကြီးသူကတော့ ကသာမြို့နယ်က ရာဇဂြိုလ်ဆရာတော် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ သက်တော် ၁၂၄ နှစ်အရွယ်မှာ မော်တော်ကား မတော်တဆမှုတခုကြောင့် ဒဏ်ရာရသွားပြီး ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

လဲ့ရတီမင်း
Sixteen-month-old Lei Yadi Min
(ဓာတ်ပုံ – AP)
လက်ဖ၀ါး တဖက်မှာ လက်ချောင်း ဘယ်နှစ်ချောင်း ရှိမလဲ၊ ရန်ကုန်မြို့က လဲ့ရတီမင်းမှာတော့ ၆ ချောင်း ရှိပါတယ်။
ခြေချောင်းက ပိုများနေပါသေးတယ်။ ၇ ချောင်း ရှိပါတယ်။ ဒီတော့ စုစုပေါင်း ၂၆ ချောင်း ရှိတဲ့ ဒီကလေးရဲ့ သတင်းကို ဖေဖော်ဝါရီလ တုန်းက နိုင်ငံတကာ သတင်းဌာနပေါင်း ၁၀၀ ကျော်က ရေးသား ထုတ်လွှင့်ခဲ့ကြပါတယ်။ ရန်ကုန်အခြေစိုက် ဂျာနယ်များမှာ ဖော်ပြပြီး ကာလအတော်လေးကြာမှ ထုတ်လွှင့်ကြတာပါ။
ကလေးဖခင် ကိုညီညီထွန်းက စင်္ကာပူမှာ ရှိနေပြီး အလုပ်အကိုင် စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ၂၀၁၂ ဧပြီလ ကျော်မှ အိမ်ပြန်မယ်လို့ AP သတင်းတပုဒ်က ဆိုပါတယ်။

မော်လမြိုင်သားလေး

(ဓာတ်ပုံ – Venus သတင်းဂျာနယ်)
မမ လဲ့ရတီမင်း …. မမကို မောင်လေး နိုင်သွားပြီ လို့ ပြောလိုက်သူကတော့ မော်လမြိုင်သားလေး မင်းခန့်ထူးအောင် ဖြစ်ပါလိမ့်မယ်။
သူ မွေးဖွားစဉ် ကတည်းက လက်ချောင်း ခြေချောင်း စုစုပေါင်း ၂၇ ချောင်း ရှိနေလို့ပါပဲ။
မင်းခန့်ထူးအောင်ရဲ့ ညာခြေမှာ ခြေချောင်း ၈ ချောင်း ရှိပါတယ်။ ဒီကလေးက မော်လမြိုင်၊ ငန်းတေး ကျေးရွာ ဦးမင်းအောင်ဝင်း၊ ဒေါ်စန်းစန်းရီတို့၏ သားဦး ဖြစ်ပါတယ် တဲ့။

မော်လမြိုင်က သရီးအင်ဝမ်းမင်္ဂလာ

မော်လမြိုင်က မောင်နှမသုံးဦး သူတို့ရဲ့ လက်ထပ်ပွဲတွေကို မေလ တုန်းက တပြိုင်တည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒိုင်းဝန်ကွင်းက ဦးမင်းမြင့်သန်း၊ နော်စေးမူတို့ရဲ့ သားသမီးများရဲ့ သရီးအင်ဝမ်း မင်္ဂလာဧည့်ခံပွဲ ဖြစ်ပါတယ်။
သားမောင်ကောင်းစံ နဲ့ နော်ထူး
သမီးလတ် နန်းကလျာမွန် နဲ့ စောအယ်ကော်ကဲ
သမီးငယ် နော်အေးသန္တာ နဲ့ စောဆဲဂေမူး တို့ တချိန်တည်း ဧည့်ခံပွဲ လုပ်ကြတာပါ။ ဟိုတယ်ခန်းမငှားရမ်းခ နဲ့ အထွေထွေကုန်ကျစရိတ်ကို ချွေတာရာ ရောက်တဲ့ ဒီပွဲရဲ့ နောက်ထပ် ထူးခြားမှုကတော့ သတို့သားအားလုံး သင်္ဘောသားတွေ ဖြစ်နေခြင်းပါပဲ လို့ ပြည်မြန်မာ ဂျာနယ် ဇွန် ၁၆ ရက်နေ့ထုတ်မှာ ရေးထားပါတယ်။

သန်မာတဲ့လက်ချောင်းပျော့

ကိုအောင်ချမ်းဦး (ဓာတ်ပုံ – ပြည်မြန်မာ)
ကြက်ဥကို လက်နဲ့ ညစ်ပြီး ခွဲမယ် ဆိုရင် တမိနစ်ကို ၁၄ လုံးအထိ ခွဲနိုင်မလား။ မုံရွာမြို့က အသက် ၂၄ နှစ်အရွယ် ကိုအောင်ချမ်းဦးကတော့ ခွဲနိုင်ပါတယ်။ ကြက်ဥကို လက်ဖ၀ါးထဲ ထည့်ခွဲတာ မဟုတ်ဘူးနော်။ လူတိုင်းနဲ့ပြောင်းပြန် ခွဲတယ်၊ သူ့လက်ချောင်းတွေနဲ့ လက်ဖမိုးခုံကြားထဲ ထည့်ခွဲတယ် တဲ့။
ကဲ – ကဲ – သူ့လို ကြက်ဥခွဲကြည့်ဖို့ စဉ်းစားမနေပါနဲ့။ ၂၀၀၈ မုံရွာတက္ကသိုလ် ဥပဒေဘွဲ့ရ ကိုအောင်ချမ်းဦးက ငယ်စဉ်ကတည်းက လက်ချောင်းတွေ အံ့ဖွယ်အတိ ပျော့ပျောင်းလာသူပါ။ တနှစ်ထက်တနှစ် ပိုပို သိသာလာတယ် တဲ့။
ဇွန် ၁၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်မှာ ဒီသတင်း ဖော်ပြခဲ့ပါတယ်။

မျက်မမြင်သူတွေကို ကူညီတဲ့ ကိုအောင်လွင်ဦး

ကိုအောင်လွင်ဦး (ဓာတ်ပုံ – ပေါ်ပြူလာဂျာနယ်)

မြန်မာစာကို မျက်မမြင်တွေ ဖတ်ရှုရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ပရိုဂရမ်ကို မတ်လလယ်မှာ တီထွင်နိုင်ခဲ့ပါတယ်။ မထူးဆန်းဘူးလား။ ပိုပြီး ထူးခြားတာက တီထွင်သူဟာ မျက်မမြင်တဦး ဖြစ်နေတာပါပဲ။ သူကတော့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက ကိုအောင်လွင်ဦး ဖြစ်ပါတယ်။ အသက် ၃၀ ၀န်းကျင် ရှိပါပြီ။ အသက် ၉ နှစ် အရွယ်မှာ ဆော့ကစားရင်း မျက်စိတဖက် ၀ါးချွန်နဲ့ ထိုးမိရာက နောက်ပိုင်းမှာ မျက်စိနှစ်ဘက်လုံး ကွယ်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ် အထက်တန်းအောင်ချိန်က စပြီး ကွန်ပျူတာပညာ လေ့လာတယ်။ ကျောင်းကကွန်ပျူတာဆိုရင် ၃ လုံးလောက် ပျက်သွားဖူးတယ်လို့ သူက ရန်ကုန်တိုင်းမ်ဂျာနယ်နဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

မျက်မမြင်တွေသုံးခဲ့ကြ သုံးနေကြတာက အင်္ဂလိပ် ပရိုဂရမ်တွေပါ။ မြန်မာလို မပြောင်းပေးနိုင်ပါဘူး။ ကိုအောင်လွင်ဦးက မြန်မာလို ပြောင်းပေးတာကို လိုချင်တဲ့အတွက် အချိန်ယူ တီထွင်ခဲ့တာပါ တဲ့။ အခုဆိုရင် မျက်မမြင်ကျောင်းသားလေးတွေဟာ မြန်မာလို စာရိုက်နိုင်ပြီ။ ဆရာတွေအနေနဲ့လည်း အရင်က မျက်မမြင်တွေ အသုံပြုနေတဲ့ ဆော့ဝဲက မြန်မာလို မပြောင်းနိုင်တော့ စာစစ်တဲ့နေရာနဲ့ စာရိုက်တဲ့ နေရာမှာ အချိန် ကြန့်ကြာမှုတွေ ရှိခဲ့တယ်၊ ခုတော့ အဆင်ပြေပြီ အချိန်ကုန် သက်သာပြီ တဲ့။
ကိုအောင်လွင်ဦးက ကုမဏီတခုက အလုပ်အပ်တဲ့အတွက် Webpage ဒီဇိုင်းဆွဲပေးခဲ့ဖူးတယ်၊ အခု ကွန်ပျူတာတွေ လိုက်ပြင်နေတယ်၊ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ပို့ချပေးနေတယ် လို့ ဆိုတယ်။

လူ ၂၀၀ ဆေးရုံရောက်တဲ့ အစာအဆိပ်သင့်မှု

(ဓာတ်ပုံ – mandalay voice)

အောက်တိုဘာလဆန်းပိုင်းက အမရပူရမြို့နယ် အလှူတခုမှာ အပျော့စားအစာအဆိပ်သင့်မှုကြောင့် လူပေါင်း ၂ဝဝ ဝန်းကျင် ဆေးရုံရောက်သွားပါတယ်။ ကံအားလျော်စွာနဲ့ သေဆုံးသူ မရှိဘဲ အဲဒီနေ့မှာပဲ ဆေးရုံက ဆင်းနိုင်ခဲ့ကြပါတယ်။

ကျန်းမာရေးဌာနက နောက် ၁၀ ရက်အကြာမှာ ဖော်ထုတ်တွေ့ရှိချက်အရ ချက်ပြုတ်သူတွေ တကိုယ်ရေ သန့်ရှင်းမှုမရှိတဲ့အတွက် အစာထဲ ဗိုင်းရပ်စ်ပိုး ၀င်ပြီး ဒီလို ဖြစ်သွားရတာလို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts