Memories

Ko Ko Gyi – Direction

လားရာ
ကိုကိုကြီး
ဒီဇင်ဘာ ၁၈၊ ၂၀၀၉ မှာ မိုးမခမှာ တင်ဆက်ခဲ့ပြီး (ပြန်လ ည်ဆန်းသစ်ခြင်း)
(ကိုကိုကြီး၏ မိခင်ကွယ်လွန်စဉ်က သူကိုယ်တိုင်ရေးခဲ့သော အမှတ်တရစာ။ ထိုစဉ်က ၎င်းကို ထောင်တွင်းမှ ခေတ္တထုတ်ပြီး မိခင်အသုဘသို့ ရှု့ခွင့်ပြုခဲ့သည်)
“ဂျိုင်း” ကနဲ တံခါးပိတ်သံ၊ မင်းတုံးထိုးသံ၊ သော့ခတ်သံ မက်တဲလစ်သံတွေ။ သံစဉ် မညီ၊ နာရီမရှိ၊ စည်းချက်မကျ၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ။ ခါတိုင်း စကား သိပ်များလေ့ရှိတဲ့ အခန်းဖေါ်က ရုတ်တရက် စူးစမ်းတဲ့အကြည့်။ ချက်ချင်း သဘောပေါက်သွားတဲ့ဟန်၊ သက်ပြင်းချ၊ တိတ်ဆိတ်။
ပြန်လာကတည်းက ဘာမှမပြောဖြစ်၊ ပြောချင်စိတ်လည်းမရှိ။ ပရိသတ်အမြင်မှာ တည်ငြိမ်ကြံ့ခိုင်သယောင်၊ တကယ်က ရုပ်နဲ့နာမ် မကပ်တာ၊ အခန်းထဲပြန်အရောက်၊ အိပ်ယာနေရာပေါ်လှဲချ။
လက်ထဲက ယပ်တောင်ကို တွေတွေကြီးငေးကြည့်နေမိ၊ ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ခတ်ပစ်လိုက်ဘို့မကြိုးစားတော့။ ကျပါစေလေ၊ လွတ်လွတ်လပ်လပ်ကြီးစီးပါစေတော့။
တိတ်ဆိတ်အခန်းငယ်ထဲ။ မြေဆွဲအားကို ဆန့်ကျင်နေတဲ့ အိမ်မြှောင်ငယ်က “စုတ်“တသတ်သတ်။ ရင်းနှီးနေကျ မျက်နှာကြက်ညစ်ထပ်ထပ်ကို မော့အကြည့်၊ တအိအိပြိုကျလာသလို။
× × ×
“မေမေ အဲဒီမှာရပ်နေ။ သားလာခဲ့မယ်”
“မှုတ်ဘူး၊ မှုတ်ဘူး ခုနနေရာကိုပြန် သွား၊ သားလာကြိုမယ်”
“သားရယ် မေမေခေါင်းပေါ်က အထုပ်ကြီးနဲ့ သားရဲ့”
“မရဘူး၊ ပြန်သွား၊ ပြန်သွား၊ သားလာကြိုမယ်လို့ ပြေနေတဲ့ဟာကို”
“ကဲ … ကဲ … သား ကျေနပ်အောင် ပြန်သွားပြီ။ ဟုတ်ပလား”
“သားကလေ မေမေကို သိပ်ဆိုးတာဘဲ၊ မောလိုက်တာသားရယ်”
ဆိုတယ်သာ ပြောတာ မေမေ့မျက်နှာက ပြုံးလို့။
ခေါင်းပေါ်က အထုပ်ကြီးကိုချ၊ သားကို ပွေ့ဖက်နမ်း၊ သားလက်ကိုဆွဲပြီးအိမ်ပြန်။
လမ်းထဲက.. ဒီသားအမိကိုကြည့်ပြီး သဘောကျ ကြ။
မေမေက ပုတက်တက်နဲ့ ဘယ်သူကိစ္စဖြစ်ဖြစ် လက်မနှေးတမ်းကူညီတက်သူ၊ လူချစ်လူခင်များတဲသူ။ ကျွန်တော်တို့အိမ်က တောင်ဥက္ကလာမှာ၊ ကတ္တရာလမ်းမကြီးတခုကနေ ချိုးဝင်ရတဲ့လမ်းသွယ်လေး၊ မေမေပြန်လာမယ့်အချိန် ညနေစောင်းဆို အိမ်ရှေ့ကနေ လမ်းချိုးလေးကို မျှော်နေတာ။ မေမေ အဝတ်ထုပ်ကြီး ရွက် ဝင်လာတာတွေ့တာနဲ့ ထွက်ကြိုနေကြ။
အဝေးကနေ အော်ပြီးပြေးကြိုတာ၊ ရောက်တဲ့နေရာမှာ ရပ်နေမှ၊ ကိုယ်တိုင် လာကြိုမယ်ပေါ့။
မေမေကလဲ သားလာကြိုတာတွေ့ လို့ ဆက်လျှောက်လာရင် …
မရဘူး။ လာကြိုမယ်လို့ … အော်ထားတုံးကနေရာ ပြန်သွား…။ အဲဒီနေရာမှာပဲ လာကြိုမယ်။ ဒါဆို ဒါမှ ဇွတ်…။
အဲဒီတုံးက မေမေနှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာ ခွဲစိတ် ကုသပြီး ပြန်ကောင်းလာတဲ့အချိန်၊ မေမေ့ပေါင်ပေါ် ခေါင်းတင်ရင်း အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည်ဘူးတယ်။ ရင်သားအောက်မှာ တစ်ပေလောက် ကင်းခြေများကြီး တကောင် ကန့်လန့်ဖြတ်ကပ်နေသလိုကြီး။
တရုတ်ဗမာအရေးအခင်းဖြစ်နေတဲ့အချိန်၊ ဆေးရုံပေါ်မှာချည်း ခြောက်လလောက်ကြာတယ်။ ညီလေးက အခါလည် မရှိတရှိ၊ နို့ဘူးတိုက်ပြီးအဘွားနဲ့ ထားခဲ့ရတာ။ နှလုံးခွဲစိတ်မှုက ခေတ်ဦး၊ အဖိတ်အစင်တွေကလဲရှိ၊ ကံကောင်းထောက်မစွာဘဲ မေမေတယောက် လူကောင်းလို ပြန်ပြီး လုပ်နိုင်ကိုင်နိုင်လာတယ်။
ဖေဖေက လက်နှိပ်စက် စာရေး၊ ခွဲစိတ်ပြီးကောင်းလာတာနဲ့ မိသားစုဝင်ငွေ အတွက်တဘက်တလမ်းက ရှာရတော့တာ၊ (၃၈) လမ်း ဈေးက မေမေအကြီးဆိုင်မှာ ပါတိတ်အဆင် ဒီဇိုင်းမျိုးစုံလက်ခံ။ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ ပါတိတ်ခုံတွေမှာ ဒီဇိုင်းစုံမယ့်နံပါတ်တွေနဲ့ လိုက်အပ်။ အဲဒီအချိန်ကပေါ်ပလင်၊ အနားပြာပိတ်အဖြူတွေကို ပါတိတ်ဆေးရိုက်ပြီး လုံချည်၊ အင်္ကျီ ချုပ်ဝတ်ကြတာ။ ခုခေတ်လို နိုင်ငံခြားက မဝင်ဘူး။
အဲဒီအပ်ထည်တွေကို အပေါ်အဝမှာ ရှုံ့ ကြိုးတတ်ထားတဲ့ အဝတ်အိတ် အစိမ်းကြီးထဲထည့်၊ ပါတိတ်ရုံတွေမှာ ပိတ်စနဲ့ အပ်ထားတဲ့ ဒီဇိုင်းနံပါတ်တွဲပြီး အပ်၊ ပြီးတာတွေ ပြန်ထည့်၊ အဲဒီအဝတ်ရှုံ့အိတ် အစိမ်းကြီးရွက်ပြီး ညနေစောင်း အိမ်ပြန်လာတဲ့ မေမေ့ကို …
“မေမေ… အဲဒီမှာရပ်နေ။ သားလာခဲ့မယ်”
× × ×
“သား … ရော့ … အောက်က ခေါင်းမု (ခေါင်းခု) လေး ခံပြီး ရွက်သွားနှင့်။ မေမေလိုက်ခဲ့မယ်”
ပုဆိုးဟောင်းတထည်ကို ကရွတ်ခွေပြီး ခေါင်းခုလေးလုပ်ပေးတယ်၊ ပြီးတော့.. ချဉ်ဖတ်ဇလုံ ခေါင်းပေါ်တင်၊ ဘောက်ဆတ်ဘောက်ဆတ်နဲ့ မနက်စောစော နန္ဒဝန်ဈေးမှာ ဆိုင်ဖွင့်ဘို့၊ မေမေကလဲ ဇလုံတလုံးရွက်လို့ နောက်က လိုက်လာ၊ နှစ်ခေါက်.. သုံးခေါက်။
ဇလုံတွေ သူ့နေရာနဲ့သူ ချ၊ ခင်ကျင်းပြီး အိမ်ပြန် ရေမိုးချိုး။ ပြီးမှ ကျောင်းတက်ရတာ၊ မှုလတန်းကျောင်းက အိမ်နဲ့ဈေးကြား၊ အိမ်နဲ့ နှစ်လမ်းဘဲ ခြားတယ်၊
အထက်တန်းကျောင်းရောက်တော့လဲ လမ်းထိပ်တင်၊ အော်ခေါ်ရင် ကြားရတဲ့နေရာ၊ ချဉ်ဖတ်က အရင်က အဘွား ရောင်းတာ၊ ခြေထောက် သံဆူးလို့ မေမေက ခဏ ဆိုင်ကူထွက်ပေးရင်းနဲ့ ချဉ်ဖတ်သည်ဖြစ်ကရော … ဆိုပါတော့။
သူငယ်ချင်းတွေက နောက်တယ်… ။
“ချဉ်ဖတ်” တဲ့။
ဘာဖြစ်သေးလဲ “ချဉ်ဖတ်“ ပေါ့။
ဖေဖေကလဲ တောင်ဥက္ကလာအိမ်ကနေ အလုံသစ်လုပ်ငန်းဌာနကို တခါတလေ စက်ဘီးနဲ့ ရုံးတက်တယ်၊ အပြန်စက်ဘီးနဲ့ ဟင်းဂလာရွက်တွေ ပုဆိုးနဲ့ထုတ်ပြီး တင်လာတာ။ ပုဆိုးတထည်ကို အောက်က စုချည်၊ ပြောင်းပြန်လှန် ဟင်းကလာ အချိန် တဆယ်ထည့်၊ ထိပ်ကနေချည်၊ စက်ဘီးနောက်ခုံပေါ် ကြိုးနဲ့ သေချာတုတ်ပြီး နင်းလာရတာ။
အဲဒီတုံးက အလုံအမှိုက်ပုံပေါ်မှာ ဟင်းဂလာစိုက်ရောင်းတဲ့ သူတွေရှိတယ်။ မြေသြဇာကေ ကာင်းတော့ သန်မှသန်။ ဟင်းဂလာ ချဉ်ဖတ်ကလဲ လူကြိုက်များမှများ။ ချဉ်ဖတ်ကလဲ အစုံ။ ပဲပင်ပေါက်၊ မုန်လာဥသတ်သတ်၊ အပင်နဲ့ဥ တွဲရက်၊ ငှက်ပျောအူ၊ ငှက်ပျောဖူး၊ ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး၊ သရက်ကင်း၊ ကတက်၊ သရက်သီးဆားစိမ်၊ ပိုးတီ … အို … စုံတကာကို စေ့လို့။
ပင်ပမ်းတာကတော့ တကယ့်ကို။ ဒါပေမဲ့ မိသားစု လက်ရည် တပြင်တည်းလေ။
အဲဒီဘဝလေး ခုပြန်တွေးတာတောင် ပျော်တုန်း။
နောက်တော့ …
ချဉ်ဖတ်ကနေ မေမေ လက်ငုတ် အထည်ဆိုင် ပြန်ဖွင့်တယ်။ ဒါးစက်လိုက်တယ်၊ ဘီတင်ပန်း လိုက်တယ်၊ မိန်းမဝတ်၊ ကလေးဝတ်၊ လက်ခံတယ်၊ ချုပ်ရောင်းတယ်။ စက်ချုပ်ဆိုင်တွေက ကိုယ်ပိုင်ဒါးစက်၊ ဘီတင်စက် မထားကြသေးဘူး၊ အငှားလိုက်ရတာ။
ဖေဖေ အလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်။ တော်ရုံ စက်ပျက်ရင် ဖေဖေပဲ ပြင်တာ။ ညီလေးလဲ အရွယ်ရောက်ပြီ။ ကြုံတဲ့သူ ဒါးစက်ဝင်လိုက်၊ ဘီတင်ဝင်လိုက်၊ စက်ချုပ်ပစ္စည်းမျိုးစုံရောင်း။ မိသားစု စည်းစည်းလုံးလုံး၊ တခရီးတည်း ဦးတည်ရာ တခုတည်း။
မေမေနဲ့အတူ ဆိုင်ဖွင့်၊ မေမေနဲ့အတူ ဆိုင်သိမ်း။
× × ×
“သားရယ်.. အစစအရာရာ ဂရုစိုက်နော်”
မေမေကတော့ စိတ်ပူတာပဲ။ သားအတွက် စိုးရိမ်တာပဲသိတယ်။ တကယ်လဲ မေမေက ဘာမှ သိပ်နားလည်တာမဟုတ်၊ သူ့သားလုပ်နေတာတွေကို နားမလည်ရိုးအမှန်၊ အကြောင်းကိစ္စရှိလို့ စာရွက်ပေါ်လက်မှတ် ထိုးဆိုမှ …
“ဝင်းကြည်”
လို့ တွန့်တွန့် တွန့်တွန့်လောက်ပဲ ထိုးတက်တဲ့အမေ။
သူ့သားကို သူယုံတာ တခုပဲ ရှိတယ်။ သူ့သားဟာ ငယ်ငယ်ထဲက မဟုတ်တာမလုပ်ဘူး၊ သူ့သားလုပ်တာဆိုရင် ဟုတ်တာပဲ ဖြစ်ရမယ်။ မေမေသိတာ ဒါပဲ၊ ဒါဆိုလုံလောက်ပြီလေ။ စိတ်ထဲက မိခင်တယောက်ရဲ့မေတ္တာ၊ သည်းသည်းကိုလှုပ်လို့။ တလောကလုံး ကိစ္စထက်၊ သူ့သားကို ချစ်တာက သူ့အရေး၊ သူ့ကိစ္စဘဲလေ။
ဖေဖေကတော့ သိတယ်။ သူ့သားကို ယုံလဲ ယုံတယ်၊ ထောက်လဲ ထောက်ခံတယ်။ အဲဒီတုန်းက ဖေဖေ သစ်ကုမ္ပဏီမှာ လုပ်နေတဲ့အချိန်၊ ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်၊ သားတွေအတွက် မျှော်လင်ချက်တံခါးလေးတချပ် ပွင့်လာနိုး စိတ်ရှည်သည်းခံမှု အပြည့်နဲ့ လုပ်နေတာ။
အဲဒီတံခါးချပ်လေးအပွင့် …
ဖေဖေကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ညီလေးက ဟိုး အဝေးမှာ၊ ပြန်လာရင် မိသားစုအနာဂါတ်တွေ တပွေတပိုက်နဲ့ ။ ကျွန်တော့်မှာလဲ မျှော်လင့်ချက်တွေ တလှေကြီး။
မေမေက သူ့သားအလုပ်ကို ဂဃနဏမသိပေမဲ့ ကြားဘူးနားဝတော့ ရှိတာပေါ့။ သူလဲ သူ့အသက်အရွယ်၊ သူ့ဖြတ်သန်းမှု နည်းမှတ်လို့။ သူ့တစ်သက်မှာ ဒီအလုပ်သဘာဝမျိုးက သူ့အနီးအပါးက၊ တချို့ခပ်လှမ်းလှမ်းက ဖြတ်သွား တိုးသွားတာတွေ ရှိမှာပေါ့။
ခြေမကိုင်မိ၊ လက်မကိုမိ၊ တဖက်က အတန်းပညာ မရှိပေမဲ့ ဘယ်ဟာက မှားတယ်၊ ဘယ်ဟာက မှန်တယ် ဆိုတာလောက်တော့ အရိုးခံနဲ့ကို သိသပေါ့။ စိုးရိမ်တာကတော့ တဖက်၊ တားရမှာက အခက်၊ တားဖို့ကလဲ မလွယ်။
ရင်ကဖြစ်တဲ့ သား၊ ဘယ်အရွယ် ရောက်ရောက် ရင်ခွင်ပိုက်ကလေးလိုပဲ မြင်နေတဲ့သား …
အဲဒီသားကလဲ ဒါဆို ဒါမှ ဇွတ်။
ပျောက်သွားလိုက်တာ …
ပြောက်ကျားပြောက်ကျား အသံတော့ ကြားနေရသား။
မိုးသံလေသံတွေကလဲ ညံလို့၊ တော်ပါသေးရဲ့ သားငယ်ပြန်ရောက်လာပေလို့ လို့ စိတ်ကိုဖြေ။ ရှိတာမှ သားနှစ်ယောက်၊ သားအမိ သားအဖလေးယောက်။ ညီလေးက ငယ်ငယ်ထဲက အိမ်နဲ့ကျောင်းဈေး၊ ဒီလောက်ပဲ သွားသွားလာလာရှိတာ၊ ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ဒါ နယ်ကုန်ဘဲ။ အမျိုးတွေအိမ်၊ ဖေဖေရုံး၊ ဒါ သူသွားတက်တဲ့နေရာတွေပေါ့။
ရပ်ဝေး ဘယ်မှ မသွားဖူးဘူး၊ မိသားစုအနာဂတ်အတွက်၊ ပင်လယ်ရပ်ခြားခရီး ဆိုတာ တကယ့်အိပ်မက်ပဲ စွန့်စားခန်းပဲ။ ခုလို ဥဒဟို သွားနေကြတဲ့ခေတ်မှ မဟုတ်တာ။ ဒီကြားထဲ အလုပ်မှာ လက်ကို မီးဟပ်သွားတယ်ကြားတော့၊ မေမေ မသိအောင်ဖုံးဖိပြီး သားအဖနှစ်ယောက် တိတ်တိတ်လေး စိတ်ပူခဲ့ကြရတာ။ ညီလေးအနေနဲ့ တစိမ်းသက်သက် ပတ်ဝန်းကျင်သစ် အတွေ့အကြုံသစ်မှာ ဘယ်လောက်ရုန်းကန်ခဲ့ရမယ်ဆိုတာ တွေးကြည့်ယုံနဲ့သိလောက်ပါတယ်။
ခုလဲ ဆက်နေရင် အခွင့်အလမ်းတွေ အများကြီးရှိရက်နဲ့ မိသားစုအခြေအနေ ကြားလို့ ပြန်လာတာ။ အဓိက ကျွန်တော့ကြောင့်ပါပဲ။ ဒါတောင် ညီလေး ရှာလာသလောက်ကလဲ မိသားစုကို တစ်ဆစ်ချိုး ပြောင်းစေလောက်တဲ့ ပမာဏပါ၊ တော်တော့ကို ခြိုးခြံစုခဲ့တာကိုး။
တလှေထဲစီး၊ တခရီးထဲလှော်ခဲ့၊ ခတ်ခဲရတာတွေ။ ကမ်းခြေဖွေးဖွေး၊ လေနုအေးလေးတော့ ကြုံရချေသေးရဲလို့ တွေးရင်း၊ သားကြီးကို မျှော်နေမှာတော့ အသေအချာပါ။
သားငယ်ရောက်လာလို့ သားကြီးကို အစားထိုးတယ်ဆိုပေမဲ့၊ မတူပါဘူး။ သားငယ်ကို ချစ်တာက ချစ်တာ၊ သားကြီးကိုချစ်တာက ချစ်တာဘဲလေ၊ တူမှ မတူတာ။ ပိုလို့တောင် သတိရသေး၊ မျှော်သေး၊ တလျှောက်လုံး ပင်ပမ်းကြီးစွာ ရုန်းခဲ့ကြရတာမဟုတ်လား။
မေမေ အမျှော်ကြီးမျှော်နေတုန်း ညီလေးပြန်ရောက်တာကြားလို့။ “ဗြုန်း” ဆို အိမ်ပြန်ရောက်လာတော့ ။ မေမေလေ အံ့လဲသြ၊ ဝမ်းလဲသာ၊ တုန်လို့၊ ဆို့နင့်လို့ …။
ခဏတဖြုတ် မေမေနဲ့ အတူနေ၊ စားသောက်။ မေမေကလဲ မျက်စိအောက်က ပျောက်သွားမှာစိုးနေတဲ့အချိန်၊ ဘာတက်နိုင်မှာလဲ မေမေရယ်၊ ခွဲခဲ့ရဦးတော့မယ်၊ ချန်ထားခဲ့ရဦးမယ်။
ခလေးဘဝထဲက ကျောင်းပြီးရင် ကျောင်းတက်၊ မိဘကူ၊ လုပ်လာလိုက်တာ၊ မိသားစုစိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ်အချိန်၊ ကြီးဒေါ်နွားက ကျောင်းမှ ဖြစ်မှာမို့၊ တားမရမယ့် သားကို …
“ခွင့်လွှတ်ပါ မေမေရယ်။ အေးအေးဆေးဆေး တနေ့ … မကြာတော့ပါဘူး” … ရယ်လို့။ လေးတွဲ့တွဲ့ခြေလှမ်းတွေနဲ့။ … ဝေး၍ … ဝေး၍ … ဝေးရာ … ဝေးရာ …။

“သြော်.. မေမေရယ်။ ခုချိန်ထိ သားကို စောင့်နေတုန်းပါလား”… တွေးရင်း အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။

“ကိုကိုလာမှ မေမေကို ထုတ်မယ်ဆိုပြီး စောင့်နေတာ။ ရောက်မှ လာပါမလားလို့ စိတ်ပူရင်းနဲ့ပဲ စောင့်နေတာ”
လို့ တည်တည်ငြိမ်ငြိမ်ဟန်နဲ့ နှုတ်ဆက်နေတဲ့ညီလေးကို ငေးကြည်နေရင်း …
အိမ်မှာအငယ်ဆုံး၊ ကလေးလိုပဲ ထင်ပြီး ဆူလိုက်၊ ငေါက်လိုက်လုပ်ခဲ့တာတွေဆီ ပြန်ရောက်သွားတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်။ ဖေဖေဈာပန။
အခု ဒီညီလေးတစ်ယောက်ထဲ မေမေ့ဈာပနကို ဦးစီးနေတာ … တကယ့်လူကြီးတစ်ယောက်လို။
ဖေဖေရယ်၊ မေမေရယ် မရှိတော့တဲ့နောက် နှစ်ကောင်ကြွက်။
တယောက် တနေရာစီ။ တဘဝစီ။ တကောင်ကြွက်စီ၊
တကောင်ကြွက်ညီလေးက အိမ်ရှင်၊ တကောင်ကြွက်အစ်ကိုက ဧည့်သည်။
ဧည့်သည်မှ “ဘွား”ကနဲ ကိုယ်ထင်ပြလာတဲ့ ဧည့်သည်။
အတွေးတွေ လက်စပ်ရင်း အအေးတိုက်ထဲကနေ၊ မေမေ့ကို ထုတ်၊ အလောင်းစင်မှာပြင်။ မေမေ့မျက်နှာကို တစိမ့်စိမ့်ကြည်နေမိတယ်၊ နှလုံးရောဂါသည် မေမေ…။ ခွဲစိတ်ပြီး ပြန်ကောင်းလာတယ်ဆိုပေမဲ့ စိတ်ပူစရာရှိရင် သူများတကာထက် ပူတက်တဲ့မေမေ။ သားအတွက် စိုးရိမ်စိတ်တွေ တထိတ်ထိတ်နဲ့ မျှော်နေရှာမယ့်မေမေ။ မျှော်ဦး ..မျှော်ရိပ်တွေ.. ခုထိ ထင်းနေတုန်း။ မေမေ့နောက်ဆုံးခံစားချက်၊ နောက်ဆုံးအတွေးတွေကို အေးခဲပြီးသိမ်းထားတာထင်ရဲ့။
ကျွန်တော့်ကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ဝမ်းကွဲအမတွေ၊ ညီမတွေ။
ခပ်လှမ်းလှမ်းကနေ အသံတိတ် စိတ်ထိခိုက်နေကြ၊ ဂရုဏာသက်နေကြသူတစ်ချို့။
ကျွန်တော် ငိုရမလား၊ ငိုနေသလား။ တစ်ခုခုစဉ်းစားနေတာလား၊ မျက်ရည်မကျဘူး။ တည်ငြိမ် ရင့်ကျက်နေတာလား၊ တရားသံဝေဂ ယူနေတာလား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။
ငိုလို့မရတာ၊ ငိုရမယ်ဆိုတာ မေ့နေတာ၊ ဝိဥာဉ်မဲ့နေတာ၊ ရုပ်နဲ့နာမ်မကပ်တာ … ဗျ။
စိတ်ထဲမှာ ကြိတ်ပြီး အသံတိတ် ပူဆွေးနေတာ … သောက၊
ရှိုက်ကြီးတငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာ … ပရိဒေဝ၊
ငိုလို့ မရတော့လောက်အောင် လောင်ကျွမ်းပြီး မင်သက်ကြောင်တက်နေတာ … ဥပါယာသ … တဲ့။
လက်မောင်းကို လာကိုင်ပြီး
“ကိုကို..ကန်တော့ကြရအောင်” လို့ ညီလေးကပြောမှ ညီအစ်ကိုနှစ်ယောက် လက်အုပ်ချီပြီး မေမေ့ အလောင်းကို ကန်တော့။
“ခွင်လွှတ်ပါ..မေမေရယ်… သားကို ခွင့်လွှတ်ပါ”
အားပေးနှစ်သိမ့် နှုတ်ဆက်သူတချို့ကို အသိအမှတ်ပြုရုံ၊ ပြန်ပြုံးပြရမယ်ဆိုတဲ့ ဗီဇအသိနဲ့ အသိမဲ့ တုံ့ပြန်နေတုန်း …
“ပြန်ကြရအောင်” လို့ လက်မောင်းကို ကိုင်ထားရင်း သတိပေးတဲ့ အသံတစ်သံ။
ဟုတ်တယ်၊ ပြန်ရဦးမယ်လေ၊ သူတို့သဘော၊ ကိုယ်က ဆောင်နေရတာကိုး။
တော်ကြာဆို၊ မီးသင်္ဂြိုလ်တဲ့အခန်းထဲ မေမေ့ကို ထည့်ကြတော့မယ်။ ချစ်သူ၊ ခင်သူတွေနဲ့ ဘဝ ခြားသွားတော့မယ့်အသံ။ “ဂျိုင်း” ကနဲ ဆိုတဲ့ အသံ။ မကြားရက်တော့၊ မကြားဝံ့တော့၊ မကြားလိုတော့။
ဒီနေရာကို မလာခင်၊ ဒီနေရာကို မရောက်ခင်၊ မေမေဟာာ မေမေ့မိသားစု၊ မေမေ့ပတ်ဝန်းကျင်လေးကို စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ၊ …ပိုအရေးကြီးတာက မေမေဟာ ရှင်သန်နေတဲ့အခိုက်၊ ဘယ်သူ့ကိုမှ မျက်ရည် ကြီးငယ် မကျစေခဲ့ဘူးလေ။ ဒါပါဘဲ …
သားလဲ စွတ်စိုနေတဲ့ မျက်ရည်တွေကို သုတ်ပေးဖို့၊ မျက်ဝန်းတွေကို လင်းလက်စေဖို့၊ ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံနေကြတာပါ။
မေမေ.. မေမေရယ်.. ဘဝတလျှောက်လုံး တောက်တက် ဖားလျား ရုန်းကန် ကျွေးမွေးခဲ့တဲ့ မေမေ။ ခုတော့ … တဘဝ အမောတွေ ရပ်သွားပြီပေါ့၊
ဒီခရီးဟာ အားလုံးသွားရမယ့်ခရီး၊
ဒီနေရာဟာ သားလဲလာရမယ့်နေရာ၊
“မေမေ … အဲဒီမှာ ရပ်နေ …
သား လာခဲ့မယ်” လို့ အော်ရင်း…
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား၊ ပျော်ပျော်ပါးပါး အတူသွားနေကြရာက ခွဲထွက်သွားတဲ့သား။
ခု.. မေမေ ရပ်သွားပြီလေ။ မေမေ ရပ်နေပြီ။
“သား … သွားနှင့်၊
မေမေ လိုက်ခဲ့မယ်”…. ဆိုတဲ့ မေမေရေ
“သွားနှင့်တော့ … သွားနှင့်လေဦးတော့ … မေမေရေ။
သား လိုက် လာ ခဲ့ မှာ ပါ … … … … … … … … … …” ။ ။
(ဓာတ်ပုံ – ကိုကိုကြီးနှင့် မိသားစုကို ၎င်းမိခင်ဈာပနတွင် တွေ့ရစဉ်)
(ကျေးဇူးစကား – စာမူများကို ပေးပို့ ပြင်ဆင်ပေးသူ ကိုဘိုကြည်နဲ့ အေအေပီပီအဖွဲ့သားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုမိတ်ဆွေများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts