>Daw Suu to cooperate with 88 Generation

>

၈၈ မျိုးဆက်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ထွန်းနေအောင်(မြစ်မခ)
ဒီဇင်ဘာ ၂၁၊ ၂၀၁၁



ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်ဆဲရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ စသည့်ကိစ္စရပ်များတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မည့် ဖြစ်ကြောင်းကို ဒီဇင်ဘာလ-၂၁ရက်နေ့ နံနက်(၁၁း၀၀)နာရီတွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အေင်ဆန်းစုကြည်၏ နေအိမ်တွင် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်မှ ၈၈ မျိုးဆက် ကျောင်းသား (၁၀)ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

“ကျောင်းသားဆိုပြီး လုပ်နေလို့မဖြစ်ဘူး၊ ရွေ့လျားနေရမယ်၊ ပြောင်းလဲနေရမယ်၊ ပါတီအတွင်းအပြင်လုပ်ခြင်းကို ကန့်ကွက်ရန်မရှိပါဘူး၊ ၁၉၉၀ရွေးကောက်ပွဲမှာ မဲထည့်ပေးခဲ့လို့ ဒီနေ့အထိရပ်တည်နိုင်ခဲ့တာပါ။ ၁၉၉၀မတိုင် ခင်ကထက် အခုလုပ်ပိုင်ခွင့်တွေရလာပါပြီ” ဟု အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ နိုင်ငံရေး ဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

“တိုင်းပြည်အတွက်အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ့်အရာဆိုရင် အမြဲတမ်း နောက်ကျ ကျန်မနေပဲနဲ့ အဆင်သင့် ရှိပါတယ်လို့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးခဲ့ပါတယ်” ဟု (၈၈)မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။

တွေ့ဆုံပွဲအပြီးတွင် (၈၈)မျိုးဆက်ကျောင်းသားများမှ စာနယ်ဇင်းသမားများအား ကိုကိုကြီး(စမ်းချောင်း)၏ နေအိမ်တွင် ညနေ(၃း၃၀)အချိန်က ပြန်လည် တွေ့ဆုံ၍ မီဒီယာသမားများ သိလိုသည်များကို ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံနှင့်သတင်း – မြစ်မခ