>
ဒီဇင်ဘာ ၂၀၊ ၂၀၁၁
တရားရုံး အပြင်ဘက်တွင် မိုးရိပ်များ မှိုင်းနေသည်။
လူတွေ မစည်ကားအပ်သည့်နေရာဖြစ်သည်ဟု အဆိုရှိသော်လည်း တရားရုံး ရုံးဝန်းထဲတွင် လူတွေ ဟိုတစု သည်တစု တွေ့နေရသည်။ မနက် (၈) နာရီထိုးတော့ ရုံးဝန်းထဲတွင် လူတွေ များသည်ထက် များလာသည်။ လူတချို့က တရားရုံး အဖီစွန်းအောက်တွင် ရပ်နေသည်။ တချို့ကမူ ရုံးဝန်းထဲက သစ်ပင်များအောက် ဈေးဆိုင်တန်းဘေးတွင် ရပ်သူကရပ် ထိုင်သူကထိုင်။ တရားရုံးဝန်ထမ်းတချို့က ရုံးခန်းထဲ ဝင် လိုက်ထွက်လိုက်။
ရုံးခန်းများနှင့် တဆက်တစပ်တည်းရှိသည့် အဆောက်အဦးတခု၏ ပိတ်ထားသောအဝင်ပေါက်တွင် ကျနော်တို့လူသိုက် ရပ်လျက် စောင့် နေကြသည်။ ထိုအဆောက်အဦးမှာ ရုံးထုတ်လာသူ တရားခံများ၊ ယာယီချုပ်နှောင်ထားရှိရာ အချုပ်ခန်းဖြစ်သည်။ ဦးခင်မောင်ဝင်း၏ ဇနီး ဖြစ်သူက ရုံးဝန်းအပေါက်ဝဘက်ကို ကြည့်နေသည်။ လက်ထဲတွင် လေးဆင့် ထမင်းချိုင့်ကိုဆွဲလျက်။
ရုံးဝန်းထဲကို ခရီးသယ်တင်ကားတစ်စီးဝင်လာတော့ ကျနော်တို့လူသိုက် သစ်ပင်များရှိရာလျှောက်သွားလိုက်ကြသည်။ ကားပေါ်တွင် “ဦး ခင်မောင်ဝင်း” နှင့် ရဲသားတချို့ ပါလာသည်ကို တွေ့ရသည်။ ဦးခင်မောင်ဝင်းနှင့်အတူ ရဲသားသုံးယောက် ကားပေါ်မှ ခေါင်းငုံ့ပြီးဆင်းသည်။ ဦးခင်မောင်ဝင်းက ကျနော်တို့လူသိုက်ကို လက်ထိပ်ခတ်ထားသည့် လက်နှစ်ဖက်ကိုမြှောက်ပြနှုတ်ဆက်သည်။ သည်လိုအခြေအနေအောက် တွင်ရောက်နေသည့်တိုင် ဦးခင်မောင်ဝင်းက ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်ကိုကြည့်ကာ ကျနော့်မှာ အံ့သြလေးစားရသည်။ ကျနော်တို့အားလုံး သူ့ကို ပြန်လည်ပြုံးပြနှုတ်ဆက်ကြသည်။
“အော် ဆရာလည်းလိုက်လာတာကိုး၊ ဘယ်လိုလဲ ဆရာ့အမျိုးသမီးနေထိုင်ကောင်းရဲ့လားခင်ဗျ”
ကျနော့်ဇနီးက ကျန်းမာရေးမကောင်းသည်ကို ဦးခင်မောင်ဝင်းသိသည်။ ထို့ကြောင့် ကျနော့်ကိုတွေ့တွေ့ချင်း အခုလို နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ကျနော်က ကျနော့်ဇနီး ကျန်းမာကြောင်း ဦးခင်မောင်ဝင်းကိုလည်း ကျန်းမာရေးကောင်းစွာတွေ့ရလို့ ဝမ်းသာကြောင်း စကားပြန် ပြောရသည်။
“ဟုတ်ကဲ့ နေကောင်းအောင် နေရမှာပေါ့ဆရာရယ်။ နေမကောင်းလို့လဲမဖြစ်ဘူးလေ။ ကျနော်တို့ကို သေအောင်သတ်ချင်နေတာပဲဟာ။ ကျနော်တို့က မသေအောင်နေမှ ဖြစ်မှာပေါ့ဆရာရဲ့ဟုတ်တယ်မို့လား ”
ဦးခင်မောင်ဝင်းရဲ့ စကားလေသံကိုကြားတော့ ကျနော်ကိုယ်ချင်းစာမိသည်။ ပင်ကိုယ်အားဖြင့် ဦးခင်မောင်ဝင်းက စိတ်ခက်ထန်တတ်သူ မဟုတ်။ လက်ရှိအခြေအနေများက နဂိုလ်အားဖြင့် စိတ်ဓာတ်အေးချမ်းသူ ဦးခင်မောင်ဝင်းကို စိတ်ဓာတ်ခက်ထန်သူဖြစ်လာရအောင် တွန်းပို့ခဲ့ကြသည်ကို ကျနော်တွေးမိသည်။
ဒုလုံခြုံရေးရဲမှူးလုပ်သူက ရှေ့မှ ဦးဆောင်ကာ အချုပ်ခန်းရှိရာ လျှောက်လာကြသည်။ ဦးခင်မောင်ဝင်းကို အချုပ်ခန်းအတွင်း သွင်း လိုက်ကြသည်။ ကျနော်တို့လူသိုက်က အချုပ်ခန်းအပေါက်ဝတွင် မတ်တပ်ရပ်ရင်း ကျန်ရစ်ခဲ့ကြသည်။ ခဏအကြာတွင် ဦးခင်မောင်ဝင်းကို အချုပ်ခန်းထဲမှ အပြင်သို့ပြန်ထုတ်ပေးမည်ဟုသိရသည်။ သူ့အား လာတွေ့သူများနှင့် ဆယ်မိနစ်ခန့် တွေ့ဆုံစကားပြောခွင့်ပေးမည်ဖြစ် သည်။
စာရွက်စာတန်းတချို့ကိုင်ကာ ဒုလုံခြုံရေးရဲမှူးတဦး၊ ရုံးခန်းဖက်မှ အချုပ်ခန်းဆီပြန်ရောက်လာပြီးနောက် ဦးခင်မောင်ဝင်းကို အပြင်သို့ ထုတ်ပေး၏။ ဦးခင်မောင်ဝင်းက လက်ထိပ်တန်းလန်းနှင့်ပင် ကျနော်တို့ကို ပြုံးပြနှုတ်ဆက်သည်။ ကျနော်တို့က ဦးခင်မောင်ဝင်း၏ဇနီးကို ဦးစားပေးသည့်အနေနှင့် နောက်ဆုတ်ပေးကြသည်။ သို့သော် ဦးခင်မောင်ဝင်းက ကျနော်တို့ကိုသာ ဦးစားပေးပြီးပြုံးပြသည်။ မြို့နယ် အဖွဲ့ ချုပ်ရုံး၏နောက်ဆုံးအခြေအနေကို မေးသည်။ ရဲဘော်တစ်ဦးချင်းစီ၏အခြေအနေကို မေးသည်။ ပြီးတော့မှ သူ့ဇနီးနှင့်သူ ထမင်းချိုင့်ဘေး ချကာ စကားပြောသည်။ ဦးခင်မောင်ဝင်းတို့ဇနီးမောင်နှံနှစ်ဦး လွတ်လပ်စွာစကားပြောနိုင်ဖို့အတွက် ကျနော်တို့အားလုံး ထိုနေရာမှ ခွာ လိုက်ကြသည်။ ရုံးဝန်းထဲက သစ်ပင်များအောက် လျှောက်လာခဲ့ကြသည်။
အုတ်တွင်းမြို့ တရားရုံးအဆောက်အဦးမှာ သိပ်ပြီးမကျယ်ဝန်းလှပါ။ ဆေးနီများသုတ်ထားသဖြင့် ကျနော့်စိတ်ထဲ ဆေးရုံဟောင်းနှင့် တူနေ သည်ဟုပင် စဉ်းစားမိသည်။ တရားရုံးဝန်းအတွင်း ခရီးသည်တင် ကားတစ်စီးဝင်လာသည်။ ကားပေါ်မှ လူတချို့ဆင်းသည်။ ကျနော်တို့ကို တွေ့တော့ လက်ကိုယ်စီမြှောက်ကာ နှုတ်ဆက်သည်။ ကျနော်တို့ရှိရာ လျှောက်လာကြသည်။ ကျနော်တို့ကလည်း ပြန်လည် နှုတ်ဆက် လိုက်ကြသည်။ သူတို့က ဦးခင်မောင်ဝင်း ရုံးထုတ်နေ့တွင် လာရောက်တွေ့ဆုံအားပေးကြသည့် အဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြသည်။
တရားရုံးအဆောက်အဦးဖက်ကို လူတချို့သွားနေသည်ကိုတွေ့တော့ ကျနော်တို့သည်လည်း ရုံးဖက်ကို သွားကြသည်။ ကျနော်တို့လူသိုက် တရားရုံး ခန်းမထဲဝင်ခွင့်ရတော့ တရားသူကြီးက မရောက်လာသေး။ လူတွေ နေရာယူထိုင်ကြသည်။ မည်သူမျှ စကားကျယ်ကျယ် မပြော ကြ။ ခန်းမထဲ၌ ချောင်းဟန့်သံသည်ပင် ကျယ်လောင်စွာ ကြားရသည်။ ခဏအကြာတွင် ရုံးခန်းထဲသို့ ဦးခင်မောင်ဝင်းကို ခေါ်လာခဲ့ကြသည်။ လက်ထိပ်ခတ်လျက် ရှေ့မှဝင်လာသည့် ဦးခင်မောင်ဝင်းက ခန်းမထဲမှ လူတွေကို လက်မြှောက်ပြီး ပြုံးပြနှုတ်ဆက်သည်။ တရားခံထားရှိရာ ခြံကလေးထဲ ဝင်ထိုင်သည်။ ရဲသားနှစ်ဦးက ခြံဘေးတဘက်တချက်စီတွင် ထိုင်သည်။
တရားသူကြီးဖြစ်သူ ခန်းမထဲဝင်လာတော့ လူတွေ အားလုံး မတ်တပ်ရပ်ကြရသည်။ တရားသူကြီးက စင်မြင့်ပေါ်က ကုလားထိုင်တွင် ထိုင် သည်။ ကျနော်တို့အားလုံး ကိုယ့်နေရာကိုယ် ပြန်ထိုင်သည်။ ဦးခင်မောင်ဝင်းကမူနေရာတွင် ပြန်မထိုင်ပဲ မတ်တပ်ရပ်နေစဲ။ လူတွေက ဦးခင်မောင်ဝင်းကို လှမ်းကြည့်ကြသည်။ ဦးခင်မောင်ဝင်းက တစုံတရာပြောရန် ဟန်ပြင်သည်။ လက်ထိပ်ခတ်ထားသော လက်နှစ်ဖက်ကို မြှောက်ပြသည်။
“ကျနော့်ကို လက်ထိပ်ဖြုတ်ပေးပါ တရားသူကြီးမင်းခင်ဗျား ”
လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တရားသူကြီးက ရုတ်တရက် မည်သို့မျှ ပြန်မပြောသေး။ ဦးခင်မောင်ဝင်းကလည်း မြှောက်ထား သည့်လက်ကို ပြန်မချသေး။
ထိုနေ့က တရားရုံးခန်းမထဲက လက်ထိပ်တန်းလန်းနှင့် လက်ကိုမြှောက်ထားသည့် ဦးခင်မောင်ဝင်း၏ ရုပ်ပုံလွှာမှာ ကျနော့်မျက်စေ့ထဲ စွဲထင်နေသည်။ တရားသူကြီးက လက်ထိပ်ဖြုတ်ပေးရန်ပြောလိုက်ပြီးနောက် မည်သည့်စစ်ဆေးချက်မှမပြုလုပ်ပဲ ရမန်ကြီး နောက်တကြိမ် သတ်မှတ်ပေးလိုက်သည်ကိုပင် ကျနော် သတိမထားမိတော့။ အသားဖြူဖြူ ခန္တာကိုယ်ကြံ့ခိုင်သူ လက်ထိပ်တန်းလန်းနှင့် လက်နှစ်ဖက် မြှောက်ပြီး ရပ်နေသည့် ဦးခင်မောင်ဝင်း၏ ရုပ်ပုံလွှာသည်သာ ကျနော့်စိတ်အာရုံထဲ စွဲထင်နေလေသည်။
၁၉၈၈ ခု၊ သြဂုတ်လ၊ ၈ ရက်။ ကျွဲပွဲမြို့။
လမ်းလုံးပြည့်လျှောက်လာနေသည့် လူအုပ်၏ရှေ့တွင် ဦးခင်မောင်ဝင်းကို တွေ့ရသည်။ သူနှင့် ရင်ဘောင်တန်းလျှောက်လာနေသူက ကိုဖေ အောင်ဖြစ်သည်။ အမှန်စင်စစ် သူတို့နှစ်ယောက်နှင့်ကျနော်မှာ ထိုစဉ်က လူချင်းသိကျွမ်းသူများမဟုတ်ကြသေးပါ။ သို့သော် ကျွဲပွဲမြို့က လေးတွင် ဒီမိုကရေစီရေး သပိတ်တိုက်ပွဲ စတင်နေသည့် နှစ်ရက်အတွင်း သူတို့နှစ်ဦး၏နာမည်မှာ ရန်ကုန်မန္တလေး ကားလမ်းမတလျှောက် ကျော်ကြားစပြုလာခဲ့၏။ ထို့ကြောင့် သူတို့နှစ်ယောက်ကို အများနည်းတူ ကျနော်လည်းသိရှိလာခြင်းဖြစ်သည်။
ကျွဲပွဲမြို့ကလေးတွင် သပိတ်တိုက်ပွဲစတင်ဖြစ်ပေါ်စဉ်က အနီးအနားမြို့များဖြစ်ကြသည့် ဖြူး၊ ဇေယျဝတီ၊ ညောင်ခြေထောက်နှင့် အုတ်တွင်း မြို့တို့တွင် သပိတ်တိုက်ပွဲများ မစတင်နိုင်သေးပါ။ ကျွဲပွဲမြို့ကလေးက သပိတ်တိုက်ပွဲသတင်းမှာ နီးစပ်ရာမြို့တွေ ရွာတွေဆီသို့ တောမီးလို တဟုန်တိုးပြန့်သွားခဲ့၏။ နီးစပ်ရာ မြို့များမှ စိတ်ဓါတ်တက်ကြွသူများက ကျွဲပွဲမြို့ သပိတ်တိုက်ပွဲခေါင်းဆောင်များဖြစ်ကြသည့် ဦးခင်မောင် ဝင်းနှင့် ကိုဖေအောင်တို့ထံ တဖွဲဖွဲလာရောက်တွေ့ဆုံခဲ့ကြ၏။ ဦးခင်မောင်ဝင်းကလည်း ကုန်တင်ကား သုံးလေးစီးပေါ်တွင် ဆန္ဒပြလူ အပြည့်တင်ကာ နီးစပ်ရာ အုတ်တွင်း၊ ဖြူး၊ ညောင်ခြေထောက် အစရှိသည့် မြို့များသို့ချီတက်လျက် နယ်ခံစိတ်ဓါတ်တက်ကြွသူများကို သွားရောက်အားပေးခဲ့၏။ တနိုင်ငံလုံး တခဲနက်ဆန္ဒပြရန်သတ်မှတ်ထားသည့် ၈၊ ၈၊ ၈၈ နေ့သို့ရောက်သောအခါ ထိုမြို့တွေအားလုံး ဆန္ဒပြ ပွဲများ စုံညီစွာဖြစ်ပေါ်လာနိုင်ခဲ့တော့သည်။
ထိုစဉ်က ကျနော်က ကျွဲပွဲမြို့ကလေးနှင့် နီးသည့် စစ်တောင်းမြစ်ကမ်း သောင်ပုရွာတွင် နေထိုင်သူဖြစ်သည်။ တောင်ငူတွင် ဆန္ဒပြပွဲဖြစ်ပွား စဉ်ကတည်းက တောင်ငူရွှေဆံတော်ကုန်း ဆန္ဒပြခေါင်းဆောင်များထဲက လူတချို့နှင့် အဆက်အသွယ်ယူထားခဲ့၏။ သို့သော် ကျွဲပွဲမြို့ဆန္ဒပြ ခေါင်းဆောင်များနှင့်မူ အကြောင်းကြောင်းကြောင့် ရုတ်တရက် အဆက်အသွယ်မလုပ်နိုင်သေး။
ဆန္ဒပြချီတက်လာသည့် လူအုပ်ကြီးကိုငေးမောနေစဉ် လူအုပ်ကြီးမှာ ကျနော့်ရှေ့သို့ ရောက်လာနေပြီဖြစ်သည်။ ကျနော်သည်လည်း လူ အုပ်ထဲသို့ ရောဝင်လိုက်ပါလာခဲ့၏။ လူအုပ်ထဲတွင် ကျနော်နှင့် မျက်မှန်းတန်းမိသူများ ပါလာခဲ့သည်။ အများစုကိုမူ ကျနော် မသိ။ ကျနော် တို့ဆန္ဒပြလူစုမှာ လမ်းဆုံကိုရောက်တော့ လူပင်လယ်ကြီးဖြစ်လာခဲ့သည်။ ကျနော်တို့နှင့် မျက်နှာချင်းဆိုင်ဖက်မှ တခြားလူအုပ်ကြီး ချီတက် လာနေသည်ကိုလည်း တွေ့ရသည်။ ကျနော်တို့၏ဘယ်ဖက် မြို့ထဲဖက်ဆီကလည်း လူအုပ်ကြီးချီတက်လာနေသည်ကို တွေ့ရသည်။
ကျနော်တို့လူအုပ်က မြို့ထဲဖက်ကလာသည့် လမ်းနှင့် ရန်ကုန်မန္တလေး ကားလမ်းဆုံရာ လမ်းဆုံတွင် ရပ်နေကြသည်။ လူတချို့က ဘယ်က ဆွဲယူသယ်လာမှန်းမသိ၊ စားပွဲတလုံးကို လမ်းဆုံတွင် ချထားလိုက်သည်။ ဦးခင်မောင်ဝင်းက စားပွဲခုံပေါ်တက်သည်။ စကားပြောခွက်ကို လက်ကကိုင်သည်။ လော်စပီကာထဲကထွက်ပေါ်လာသည့် သူ့အသံက ပတ်ဝန်းကျင်ကို လွှမ်းသွားသည်။
“ကျွဲပွဲမြို့ ပြည်သူလူထုအပေါင်းတို့ခင်ဗျား … ဒီကနေ့ဟာ ကျနော်တို့တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆို ဆန္ဒပြကြတဲ့နေ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့် ရှစ်ရက်နေ့ ဖြစ်ပါတယ်။ ရှစ်လေးလုံးနေ့ဖြစ်ပါတယ်။ သမိုင်းဝင်နေ့ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ကျနော်တို့ ကျွဲပွဲမြို့လူထုဟာလည်း ဒီဆန္ဒပြသပိတ်တိုက်ပွဲကြီးမှာ အခုလို အောင်အောင်မြင်မြင်ပါဝင်တိုက်ပွဲဝင်လာကြတာကိုတွေ့ရတဲ့အတွက် ကျနော်တို့သပိတ်တိုက်ပွဲ ကော်မီတီအနေနဲ့ ဂုဏ်ယူမိတဲ့အကြောင်း ကျနော် ပထမဦးဆုံးပြောလိုပါတယ်…”
စားပွဲတလုံးပေါ်မှတဆင့် မတ်တပ်ရပ်စကားပြောနေသည့် ဦးခင်မောင်ဝင်း၏ အသံကို လူတွေအားလုံး ငြိမ်သက်စွာနားထောင်နေကြသည်။ လူအုပ်ကြီးက လမ်းလုံးပြည့်နေရာယူထားသဖြင့် လမ်းမကြီးပေါ်က ကားတချို့မှာ လမ်းဘေးသို့ချကာ ခေတ္တရပ်ပေးထားကြရ၏။ အလံတွေ နေရာအနှံ့ လွှင့်ထူထားသဖြင့် လူတွေ ပိုပြီး စိတ်ဓါတ်တက်ကြွနေကြသည်။ ကျနော်က စားပွဲနှင့်ပိုပြီးနီးစေရန် လူအုပ်ကိုတိုးခွေ့ပြီး ရှေ့ကို တိုးလာခဲ့သည်။
“ဆန္ဒပြချီတက်လာကြတဲ့ တိုက်ပွဲဝင် ရဲဘော်အပေါင်းတို့ခင်ဗျား၊ ဒီလိုနေ့မျိုးမှာ ကျနော်မှတ်မှတ်ရရ စကားတခွန်းတော့ ပြောလိုက်ချင်ပါသေး တယ်။ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ့်တစ်နှစ်က ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဟောဒီလမ်းဆုံမှာပဲ ကျနော်တို့ ကျွဲပွဲမြို့လူထုကို လွတ်လပ်ရေးတရား လာဟောသွားခဲ့ဖူးပါတယ်။ ဒါကိုအောက်မေ့ပြီး ကျနော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီး မျိုးဆက်သစ်များပီပီ ကျနော်တို့ရဲ့ဒီမိုကရေးတိုက်ပွဲကို အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လိုပါတယ်။ ကျနော် တို့ သပိတ်တိုက်ပွဲကော်မီတီအနေနဲ့ကလည်း ဒီအရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ကျွဲပွဲမြို့လူထုကြီးရဲ့ရှေ့က မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အကြောင်း ကတိပေးအပ်ပါတယ်ခင်ဗျား..”
စကားပြောပြီးနောက် ဦးခင်မောင်ဝင်းက စားပွဲခုံပေါ်က ဆင်းသည်။ လူတချို့က ဦးခင်မောင်ဝင်းကို လက်ဆွဲနှုတ်ဆက်နေကြ၏။ ကျနော် သည်လည်း ရှေ့ကိုတိုးလာလိုက်သည်။ ဦးခင်မောင်ဝင်းကို လက်ဆွဲနှုတ်ဆက်သည်။ ဦးခင်မောင်ဝင်းက ကျနော့်ကို ရုတ်တရက် လက်ပြန် ရုတ်မပေးသေးပဲ ခတ်တင်းတင်း ဆုပ်ထားနေသေးသည်။ ပြီးတော့မှ ကျနော့်ကို စေ့စေ့ကြည့်ကာ စကားတခွန်းပြောသည်။
“အေးဗျာ ဆရာ့ကို ကျနော်မျှော်နေတာ၊ အခုမှပဲ တွေ့ရတော့တယ်။ ကျနော်တို့အတူတွဲပြီး အလုပ်လုပ်ကြတာပေါ့ဆရာရေ့”
ထိုနေ့က ကျွဲပွဲမြို့ဆန္ဒပြပွဲတွင် ကျနော် ကြာကြာမနေပါ။ မနက် (၁၀) နာရီခန့်တွင် ကျနော် ရွာကိုပြန်လာခဲ့သည်။ မြို့ဆိုးစက်လှေဂိတ်တွင် ဓါတ်စက်တလုံး စက်လှေပေါ်တင်ကာ စစ်တောင်းမြစ်ကမ်းတလျှောက် ဆန္ဒပြပွဲစတင်ပြီဖြစ်ကြောင်း လိုက်လံနှိုးဆော်ရန် ရွာကိုပြန်လာ ခဲ့ခြင်းဖြစ်သည်။
စက်လှေပေါ် ရောက်လို့ စကားပြောခွက်ကိုလက်ကကိုင်ထားစဉ် ကျွဲပွဲမြို့ဆန္ဒပြပွဲတွင် စားပွဲတလုံးပေါ်တက်ပြီး စကားပြောနေသည့် ဦးခင် မောင်ဝင်းကို ကျနော့်မျက်စေ့ထဲ ပြန်လည်မြင်ယောင်နေမိသေး၏။
ခန်းမအတွင်း တရားသူကြီး ဝင်ရောက်လာသည့်တွက် လူတွေ ထိုင်ရာမှထပြီး အရိုအသေပေးကြရသည်။ ထိုအခါ ကျနော့်အတွေးများမှာ ရုတ်တရက် ပြတ်တောက်သွားရ၏။ လွန်ခဲ့သောတနှစ်က ဦးခင်မောင်ဝင်းနှင့်ကျနော် စတင်သိကျွမ်းရပုံများ၊ ဦးခင်မောင်ဝင်းနှင့် အလုပ် အတူတွဲ လုပ်ခဲ့ကြသည်များကို ကျနော်တွေးနေခဲ့မိခြင်းဖြစ်သည်။
အမှန်စင်စစ် ဦးခင်မောင်ဝင်းကို ကျနော်က လူချင်းမသိရှိခင်ကတည်းက သူ့အကြောင်းများကို ကျနော် ကြားနေသိနေခဲ့ပြီးဖြစ်သည်။ ထိုနည်းတူစွာ ဦးခင်မောင်ဝင်းကလည်း ကျနော့်ကို လူချင်းမသိခင်ကတည်းက သိနေနှင့်ပြီး ဖြစ်သည်ဟု ပြောပြခဲ့၏။ သူက ဆန္ဒပြပွဲများကို ဦးစီးဦးဆောင် ပြုလုပ်မည်ရှိစဉ်က နယ်ခံ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်း တက်ကြွသူများကို ကြိုတင်လေ့လာ မှတ်သားနေခဲ့သည်ဟု ဆိုပါ သည်။ ထိုစဉ်က စစ်တောင်းမြစ်ကမ်းကျေးရွာတချို့တွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူဟု ယူဆရသူ ကျောင်းဆရာဟောင်း ကျနော့်ကို သူက ဆန္ဒပြပွဲ မတိုင်ခင်ကတည်းက ဆက်သွယ်ညှိနှိုင်းဖို့ ကြိုးစားခဲ့၏။ သို့သော် ဆန္ဒပြပွဲတွေ မဖြစ်ပေါ်စဉ်ကတည်းက ကျနော်က တောင် ငူမြို့ကိုတက်ကာ နိုင်ငံရေးတက်ကြွသူ လူငယ်တချို့နှင့် အလုပ်လုပ်နေနှင့်ခဲ့သဖြင့် သူနှင့်ကျနော် ရုတ်တရက်မဆက်သွယ်နိုင်ခဲ့။
နောင်အခါ ဦးခင်မောင်ဝင်းနှင့်ကျနော် အလုပ်တွေ တွဲလုပ်လာခဲ့ကြသည်။ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မြို့နယ်စည်း ရုံးရေးကော်မီတီတွင် သူကဥက္ကဌအဖြစ်ဆောင်ရွက်တော့ ကျနော်က ပြန်ကြားရေးနှင့်သုတေသန တာဝန်ခံလုပ်သည်။ ကျနော်တို့အတူ တွဲပြီး ကျေးရွာတွေဆင်းကြသည်။ စည်းရုံးရေးအခမ်းအနားတွေ လုပ်ခဲ့ကြသည်။ အမှန်စင်စစ် ကျနော့်ကို နိုင်ငံရေးကိစ္စများ အချိန်ပြည့် လုပ်ကိုင်နိုင်အောင် ကျနော့်မိသားစုစားဝတ်နေရေးကိစ္စကိုပါ ဦးခင်မောင်ဝင်းက မကြာခဏဆိုသလို ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့ရ၏။ အုတ်တွင်းမြို့နယ် အဖွဲ့ချုပ်ရုံး ဖွဲ့စည်းနိုင်ရေးကအစ၊ တည်တန့်ခိုင်မြဲရေးကိစ္စများကို ဦးခင်မောင်ဝင်းသည် တစ်ဦးတည်းဒိုင်ခံပြီး ငွေအား လူအား စိုက်ထုတ်ခဲ့၏။
ပါတီစုံ အထွေထွေရွေးကောက်ပွဲများ ပြီးသောအခါ ဦးခင်မောင်ဝင်းတို့မိသားစုမှာ စီးပွားရေးကြပ်တည်းစပြုတော့သည်။ နိုင်ငံရေးကိစ္စများ မှာလည်း ပိုမိုရှုပ်ထွေး ခက်ခဲလာခဲ့သည်။ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ အခြားမြို့နယ်များနည်းတူ စိန်ခေါ်မှုပေါင်း စုံကို ကြုံကြရသည်။ ထိုစိန်ခေါ်မှုဟူသမျှကို ဦးခင်မောင်ဝင်းသည် တချက်ကလေးမျှ မငိုင်မတွေပဲ အစဉ်အမြဲ တက်တက်ကြွကြွ ရှေ့ဆုံးမှ ဦးဆောင်ဖြေရှင်းသည်။ တခါတရံ သူ့ကို ကျနော်က ဘေးမှကြည့်ကာ ရင်မောနေခဲ့ရဖူးသည်။
အခုတော့ အုတ်တွင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မီတီဥက္ကဌလည်းဖြစ်၊ အုတ်တွင်းမြို့ မဲဆန္ဒနယ်အမှတ် (၂) ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှာ တရားရုံးတက်ကာ အမှုရင်ဆိုင်နေရသည်။ စွဲဆိုထားသည့်အမှုက နိုင်ငံရေးပုဒ်မမဟုတ်။ လောင်းကစားမှုဖြစ်သည်။
လွန်ခဲ့သည့် (၂) လက၊ ရဲနှင့်ရပ်ကွက်လူကြီးတချို့ ဦးခင်မောင်ဝင်းအိမ်ကို ရောက်လာကြသည်။ ဦးခင်မောင်ဝင်းအား ပုဒ်မ (၅) နှင့် ဖမ်းဆီး အရေးယူရမည်ဟု ဆိုသည်။ အာဇာနည်နေ့အခမ်းအနားကိုမကျင်းပရန် မြို့နယ်အာဏာပိုင်များကတားမြစ်ထားသည်ကို လွန်ဆန်ပြီး အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့သောကြောင့်ဖြစ်သည်ဟုဆိုသည်။ ထိုနေ့က မြို့နယ်ခေါင်းဆောင်များအားလုံး ပါဝင်ပတ်သက်ခဲ့သော် လည်း ဦးခင်မောင်ဝင်းတစ်ဦးတည်းကိုသာ ကွက်ပြီးဖမ်းဆီးရန် ရောက်လာကြခြင်းဖြစ်သည်။
ဖမ်းဆီးရန်ရောက်လာသူများက အိမ်ပေါ်မှအဆင်းတွင် ကလေးများဆော့ကစားထားသည့် ချဲလက်မှတ်စာအုပ်အဟောင်းတစ်အုပ်ကို တွေ့ သွားကြသည်။ မည်သည့်ကလေးများ ဆော့ကစားထားခဲ့ကြသည်ကို ဦးခင်မောင်ဝင်းမိသားစုသည်ပင်မသိ။ သို့သော် ယင်း ဆုတ်ပြဲ လျက်ရှိသည့် ချဲစာအုပ်အဟောင်းကိုပင် ရှာဖွေပုံစံတွင်ဖြည့်ကာ သိမ်းဆည်းခဲ့ကြသည်။ ထို့နောက် ဦးခင်မောင်ဝင်းကို ပုဒ်မ (၅) နှင့် တရား မစွဲပဲ လောင်းကစားမှုဖြင့် သတင်းစာတွင်ကြေညာကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကျနော့်အတွေးများက တရားသူကြီး၏စကားပြောသံကြောင့် ရပ်တန့်ပြတ်တောက်သွားရပြန်သည်။
ရုံးခန်းထဲတွင် လူတွေ ငြိမ်သက်စွာ နားထောင်နေကြသည်။ ရုံးခန်းထဲတွင် လူတွေပြည့်နေသည့်တိုင် ရုံးခန်းတခုလုံး တိတ်ဆိတ်နေသည်။ စင်မြင့်ပေါ်ကတဆင့် ပြောနေသည့် တရားသူကြီး၏ စကားသံကို အတိုင်းသားကြားနေရ၏။ ဦးခင်မောင်ဝင်း၏ဇနီးမှာ ကျန်းမာရေးသိပ် မကောင်းသဖြင့် တန်းလျားပေါ်တွင် အားအင်ချိနဲ့စွာ ထိုင်နေသည်။ ဦခင်မောင်ဝင်းက တရားခံများထားရှိရာ ခြံကလေးထဲတွင် ခေါင်းကို မတ်မတ်ထားပြီး နားထောင်သည်။ တရားသူကြီးက စကားကိုရှည်ရှည်မပြောပဲ နိဂုံးချုပ်လိုက်သည်။ ဦးခင်မောင်ဝင်းအား နောက်ထပ် ရမန်ကြီးတပတ် ချိန်းဆိုကြောင်း ပြောလိုက်သည်။ တရားသူကြီး၏စကားဆုံးတော့ ထိုင်နေသည့်ရဲများက ထိုင်ရာကထရပ်သည်။ လူတွေ ထိုင်ရာမှ ထရန်ဟန်ပြင်သည်။ ထိုစဉ်မှာပင် ဦးခင်မောင်ဝင်းထံမှ စကားပြောသံထွက်ပေါ်လာခဲ့၏။
“တရားသူကြီးမင်းခင်ဗျား၊ အခုဆိုရင် ကျနော့်အမှုကို စစ်ဆေးနေတာ ပြီးနေပါပြီ၊ ထပ်ပြီးစစ်ဆေးစရာလည်း မရှိတော့ဘူးဆိုတာ တရား သူကြီးမင်းလည်း အသိဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြုလို့စီရင်ချက်မချပဲ ရမန်ကြီးရက်ပဲ ထပ်ကာတလဲလဲ ချိန်းပေးနေတာလဲခင်ဗျား၊ ဒီက နေ့ဆိုရင်လဲ ကျနော့်အမှုနဲ့ပတ်သက်ပြီး ဘာတခုမှ နောက်ထပ် စစ်ဆေးမေးမြန်းတာတွေ မလုပ်ပဲ ရမန်ကြီးရက်ပဲ ချိန်းပေးလိုက်တာဆိုတော့ တရားသူကြီးမင်းကို ကျနော် တခုတော့မေးချင်ပါတယ်..မေးခွင့်ပြုပါခင်ဗျား…”
ထိုင်ရာမှထမည်ပြုနေသော တရားသူကြီးက မဝေခွဲတတ်သောမျက်လုံးများနှင့် ဦးခင်မောင်ဝင်းကို ပြန်ကြည့်နေသည်။ ကုလားထိုင်တွင်ပြန် ထိုင်လိုက်၏။ ရုံးခန်းထဲက လူတွေအားလုံး ဦးခင်မောင်ဝင်းဆီကိုသာ လှမ်းကြည့်ကြသည်။
ဦးခင်မောင်ဝင်းက စကားကို ရုတ်တရက် ဆက်မပြောသေးပဲ နေရာတွင်ပင် မြဲမြဲရပ်သည်။ လက်ထိပ်ဖြုတ်ထားသဖြင့် လက်နှစ်ဖက်ကို ခြံကလေးပေါ်တင်သည်။ စင်မြင့်ပေါ် တည့်တည့်ကြည့်သည်။
“တရားသူကြီးမင်းခင်ဗျား၊ ကျနော့်အမှုမှာ ဆက်ပြီးစစ်ဆေးဖို့ မလိုတော့သည့်တိုင်အောင် ဘာပြုလို့ ရမန်ကြီးရက်တွေပဲ ချိန်ပေးနေရတာ လဲခင်ဗျား၊ ဘာပြုလို့များလဲ။ ကျနော့်ကို ဘယ်နှစ်နှစ်ချလိုက်ဆိုတဲ့ အထက်ကအမိန့်က မရောက်လာသေးလို့ စောင့်နေတာများလားခင်ဗျား…”
ရုံးခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားရသည်။ တရားသူကြီးသည်လည်း ထိုင်ရမလို ထရမလို ဖြစ်သွားသည်။ ချက်ချင်းဆိုသလို တရားသူ ကြီးက လက်တစ်ဖက်ကိုမြှောက်ကာ ဦးခင်မောင်ဝင်းကို တားမြစ်သည်။ ရုံးတော်ကို မထေမဲ့မြင်စကား မပြောဖို့ပြောသည်။ ထို့နောက် ရဲသားများက ဦးခင်မောင်ဝင်းကို လက်ထိပ်အမြန်ခတ်ကြသည်။ ရုံးခန်းထဲမှ ခေါ်ထုတ်သွားကြသည်။
ရုံးခန်းပေါက်ဝကိုရောက်တော့ ဦးခင်မောင်ဝင်းက ကျနော်တို့ဖက်သို့လှည့်ကြည့်သည်။ စကားတခွန်းပြောလိုက်သည်။
“ရဲဘော်တို့ အလုပ်တွေ ဆက်လုပ်ကြပါ ”
ရုံးခန်းထဲက အပြင်ကိုရောက်တော့ ကျနော်တို့လူသိုက် မည်သူမျှစကားမပြောနိုင်ကြ။ ဦးခင်မောင်ဝင်း၏ဇနီးမှာ မျက်ရည်များဝဲလျက်။ ကားဆိပ်ကို ကျနော်တို့လျှောက်လာခဲ့ကြသည်။ အုတ်တွင်းမြို့ လမ်းဆုံ ကားဂိတ်တွင် လူတွေ ကားစောင့်နေကြသည်။ ကျနော်တို့က ကွမ်း ယာဆိုင်ဘေးတနေရာ နေရိပ်တွင် ကျွဲပွဲမြို့သို့ထွက်မည့် ခရီးသည်တင်ကားကို စောင့်ကြသည်။
ကားလမ်းဆုံတွင် ကားစောင့်နေစဉ် တချိန်က ဦးခင်မောင်ဝင်းပြောဆိုခဲ့ဖူးသည့် စကားတချို့ကို မှတ်မှတ်ရရ ကျနော်ပြန်တွေးနေမိသည်။ သူက စာဖတ်ဝါသနာပါသူကျနော့်ကို ကမ္ဘာ့တော်လှန်ရေးခေါင်းဆောင်တချို့အကြောင်း ပြောပြခဲ့ဖူးသောစကားဖြစ်သည်။
“ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကပ်စထရိုနဲ့ ဂျာမာန်တော်လှန်ရေးခေါင်းဆောင် ဒီမီထရော့တို့က မတရားအုပ်စိုးသူ အစိုးရရဲ့တရားရုံး တွေကို ပြည်သူ့တရားရုံးဖြစ်အောင် အသုံးချသွားနိုင်ခဲ့ကြတယ်ဗျ ”
ထိုနေ့က အုတ်တွင်းမြို့ကလေး၏ကားဆိပ်တွင် ကျနော်တို့လူသိုက် ထူးထူးခြားခြား တိတ်ဆိတ်စွာ အတွေးကိုယ်စီနှင့် ရပ်နေခဲ့ကြ၏။
(အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှာ ထောင် (၁၀) နှစ်နှင့် (၁၅) ရက် ကျခံခဲ့ရပြီး ထောင်မှလွတ်ပြီး တနှစ်ခွဲအကြာတွင် ထပ်မံဖမ်းဆီးခံရပြန်ကာ နောက်ထပ် နှစ် (၂၀) အကျဉ်းချခံရသူ ဖြစ်ပါသည်။ ယခုအထိလည်း အကျဉ်းချခံထားရဆဲ ဖြစ်ပါသည်။)
