>2 Leaders from different milestones die before 2012 new year

>

 နှစ်သစ်မကူးမီ ခေါင်းဆောင်၂ ဦး ကွယ်လွန်
ကင်ဂျုံးအီ (၆၉နှစ်)၊ဗားကလပ်ဟားဗဲ (၇၅နှစ်)
မိုးမခ၊ ဒီဇင်ဘာ ၁၉၊၂၀၁၁
ဒီဇင်ဘာ ၁၇၊ ညနေက မြောက်ကိုရီးယားအာဏာရှင်ကင်ဂျုံးအီ (၆၉ နှစ်) တိုင်းခမ်းလှည့်လည်ဖို့ ရထားခရီးမထွက်ခင်မှာ နှလုံးလေရပ်ပြီးကွယ်လွန်ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ကြေငြာလိုက်ပါတယ်။  တိုင်းပြည်ကို အာဏာရှင်အဖြစ် ၁၇ နှစ်တာ အုပ်ချုပ်ခဲ့တဲ့အာဏာရှင်ဟာ ယခင်အာဏာရှင်၊ သူ့ဖခင် ကင်ဂျုံးဆွန်းကဲ့သို့ အလုပ်အလွန်အမင်းလုပ်ကိုင်လွန်းလို့သက်တမ်းတိုရရှာတယ်လို့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။
သူ့လက်ထက်မှာ တိုင်းပြည်ဟာ နယူစစ်လက်နက်နဲ့တာဝေးပစ်ဒုံကျည်များ တပ်ဆင်ခြင်း၊ အမေရိကန်နှင့်တကွ အိမ်နီးချင်း တောင်ကိုရီးယားနဲ့အခြားနိုင်ငံများကို ခြိမ်းခြောက်ခြင်းတွေလုပ်ခဲ့ပါတယ်။ တိုင်းပြည်က ပြည်သူတွေကတော့ဆင်းရဲငတ်မွတ်ခြင်းဒဏ်နဲ့ နှစ်စဉ်ပျမ်းမျှ သိန်းချီပြီး သေဆုံးနေရတယ်လို့ အနောက်အုပ်စုကစွတ်စွဲခဲ့ပါတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ စစ်အာဏာရှင်နိုင်ငံအဖြစ် ကျန်ရစ်ခဲ့တာကြောင့်တောင်ကိုရီးယားနိုင်ငံကတော့ စစ်ရေးအမြင့်ဆုံးလှန့်ထားပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈၊ နေ့မှာ ချက်ကိုစလိုဗက်ကစာရေးဆရာ၊ ၁၉၈၉ ငြိမ်းချမ်းသော ကတ္တီပါတော်လှန်ရေးခေါင်းဆောင် နဲ့ သမ္မတဟောင်း ဗားကလပ်ဟားဗဲ(၇၅ နှစ်)ဟာ ကင်ဆာရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းပြည်ရဲ့ လူ့အခွင့်အရေးခေါင်းဆောင်၊နိုင်ငံတကာက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အားပေးထောက်ခံမှု ပြသခဲ့သူ ဖြစ်ပါတယ်။ငြိမ်းချမ်းတဲ့ အကြမ်းမဖက်တဲ့ လူထုအုံကြွမှုနဲ့ အာဏာရှင် ကွန်မြူနစ်အစိုးရကို ဖြုတ်ချခဲ့တဲ့ကတ္တီပါတော်လှန်ရေးခေါင်းဆောင် စာရေးဆရာဟာ ချက်သမ္မတအဖြစ် လူထုရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။
 ၁၉၉၃ ခုနှစ်မှာ ချက်က ခွဲထွက်လိုတဲ့ ဆလိုဗက်တို့နဲ့အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာပြီး ချက်နဲ့ ဆလိုဗက် ၂ နိုင်ငံထူထောင်ပေးခဲ့ပါတယ်။နိုင်ငံတကာက သူကွယ်လွန်တဲ့အတွက် ၀မ်းနည်းကြေကွဲကြောင်း အကြောင်းကြားစာများ၊ ထုတ်ပြန်မှုများပြုခဲ့ကြပါတယ်။
၂၀၁၂ နှစ်သစ်မကူးခင်မှာ မတူညီတဲ့ နောက်ခံသမိုင်းမော်ကွန်း၂ ခုနဲ့ ကွယ်လွန်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင် ၂ ဦးဖြစ်ပါတယ်။