>
ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည်အပြီးအပြတ်အတည်ဖြစ်စေရမည်
တူမောင်ညို
ဒီဇင်ဘာ ၁၃ ၊ ၂၀၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ထိုစဉ်က သိန်းစိုးကော်မရှင်)က ကြံ့ဖွံ့ပါတီကို နိုင်ငံရေးပါတီ “တည်ထောင်ခွင့်”ပြုတာ ၄ ရက်ပဲကြာတယ်။ “ မှတ်ပုံတင်ခွင့်”ပြုတာလည်း ၆ ရက်ပဲကြာတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ“တည်ထောင်ခွင့်” လျှောက်ထား ပါတယ်။ (၃၀ ဧပြီ ၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၆ )
၂၀၁၀ မေလ ၄ ရက်နေ့မှာ ကော်မရှင် “တည်ထောင်ခွင့်” ပြုပါတယ်။(၅ မေ၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၂၀)
၂၀၁၀ ဇွန်လ ၁ ရက်နေ့မှာ ကြံ့ဖွံ့ပါတီက “မှတ်ပုံတင်ခွင့်”လျှောက်ထားပါတယ်။(၂ဇွန်၊ မြန်မာ့အလင်းသတင်းစာ၊ရှေ့ဖုံး)
၂၀၁၀ ဇွန်လ ၈ ရက်နေ့မှာ ကြံ့ဖွံ့ပါတီကို ကော်မရှင်က“မှတ်ပုံတင်ခွင့်” ပြုပါတယ်။ မှတ်ပုံတင်အမှတ် (၃၂) ဖြစ်ပါတယ်။
(၉ ဇွန်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ၂၀)
အခြားပါတီတွေကတော့ အနည်းဆုံး ရက် ၂၀ ကနေ ၂ လနီးပါးအထိ ကြာမြင့်တယ်။
(NLD) က ဦးတင်ဦး အပါအဝင် ပုဂ္ဂိုလ် ၂၁ ဦးက “တည်ထောင်ခွင့်”လျှောက်ထားတာနိုဝင်ဘာလ ၂၅ ရက်နေ့ကဖြစ်ပါတယ်။ ဒီဆောင်းပါးရေးတဲ့ (၁၂ ဒီဇင်ဘာ) မှာ တည်ထောင်ခွင့်ပြုလိုက်ပါတယ်။(၁၇ရက်ကြာပါတယ်)
ဒါ့အပြင်အဲဒီ ၂၁ ဦးထဲပါတဲ့ မကွေးတိုင်းက ဒေါ်ခင်စောဋ္ဌေး အိမ်ကို စသုံးလုံးနဲ့ ရဲအထူးသတင်းတပ်ဖွဲ့ဝင်တွေကလာရောက်စစ်ဆေးမေးမြန်းတဲ့သတင်းတွေကြားရတယ်။
အဓိကစစ်တဲ့၊ မေးတဲ့မေးခွန်းတွေက
– ကိုယ်ရေးရာဇဝင်
– နိုင်ငံခြားအထောက်အပံ့ခံသလား
– မူးယစ်ဆေးဝါးနဲ့ ကင်းသလား
– NGO တွေနဲ့ဆက်သွယ်သလား
– ဘာသင်တန်းတွေတက်သလဲဆိုတာတွေဖြစ်တယ်လို့ကြားရတယ်။
ဒါတွေဟာ“တည်ဆဲဥပဒေအရ၊ တရားဥပဒေစိုးမိုးမှုအတွက်” လုပ်တာလား။
ဒီလိုဆိုရင် စသုံးလုံးနဲ့ရဲအထူးသတင်းတပ်ဖွဲ့ဝင်တွေကမကွေးတိုင်းထဲက ဒေါ်ခင်စောဋ္ဌေးတစ်ယောက်ထဲကိုပဲ ကွက်ပြီး စစ် ဆေးတာတော့ မဟုတ်တန်ရာပါဘူး။ကျန်တဲ့ ပုဂ္ဂိုလ် ၂၀ ထံကိုလည်း အလားတူမေးခွန်းတွေနဲ့ သွားရောက်စစ်ဆေးမေးမြန်းလိမ့်ဦးမယ်လို့ထင်ရတာပါပဲ။ တည်ဆဲဥပဒေတို့ တရားဥပဒေစိုးမိုးရေးတို့ဆိုတာ မကွေးတိုင်းနဲ့ ဒေါ်ခင်စောဋ္ဌေးအတွက်ပဲသီးသန့်မှမဟုတ်တာ။
ကြံ့ဖွံ့ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်တုန်းကလည်း ဦးသိန်းစိန်အပါအဝင် ပုဂ္ဂိုလ် ၂၇ ဦး ထံကိုအလားတူပဲ စသုံးလုံး နဲ့ ရဲအထူးသတင်းတပ်ဖွဲ့ဝင်တွေက အလားတူမေးခွန်းတွေနဲ့ သွားရောက်စစ်ဆေးမေးမြန်းကြသလားတော့မသိပါဘူး။
တရားဥပဒေရှေ့မှောက်မှာ အားလုံးဟာ တန်းတူညီတူရှိရမယ်မဟုတ်လား။တရားဥပဒေက ကျောသားရင်သားခွဲခြားလို့ ဘယ်ဖြစ်မှာလဲ၊ မျက်နှာလိုက်လို့၊ ဘက်လိုက်လို့ဘယ်ဖြစ်မှာလဲ။
စစ်တစ်ပိုင်းအစိုးရလက်ထက်မှာ “တည်ထောင်ခွင့်/မှတ်ပုံတင်ခွင့်”လျှောက်ထားတဲ့ (NLD) အပါအဝင် နိုင်ငံရေးပါတီ စုစု ပေါင်း ၉ ပါတီရှိပါတယ်။ အဲဒီအထဲကပါတီ ၄ ခုကို တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ပါတယ်။ ကျန်တဲ့ ၅ ပါတီအနက်မှာလည်း၂ ပါတီက “တည်ထောင်ခွင့်” ရပြီးဖြစ်ပါတယ်။ ၃ ပါတီက “တည်ထောင်ခွင့်”မရသေးပါဘူး။ တည်ထောင်ခွင့်ရထားတဲ့၂ ပါတီကလည်း ဘယ်နေ့မှာတည်ထောင်ခွင့်လျှောက်ထားတယ်ဆိုတဲ့နေ့စွဲဖေါ်ပြခြင်းမရှိပါဘူး။ယခင်ပါတီတွေကို ဖေါ်ပြစဉ်က တည်ထောင်ခွင့်လျှောက် ထားတဲ့နေ့ရက်ကို ဖေါ်ပြခဲ့ပေမယ့် အဲဒီ၂ ပါတီကိုတော့ တည်ထောင်ခွင့်လျှောက်ထားတဲ့နေ့စွဲကို ဖေါ်ပြခြင်းမရှိပါဘူး။
အဲဒီ ၂ ပါတီ က တော့-
ဒီဇင်ဘာလ ၆ ရက်နေ့ကတည်ထောင်ခွင့်ပြုတဲ့ “မြန်မာ့လူ့ဘောင်သစ်ပါတီ”နဲ့
ဒီဇင်ဘာလ ၈ ရက်နေ့က တည်ထောင်ခွင့် ပြုတဲ့ “၈၈ – ပြည်သူ့အင်အားစုပါတီ”တို့ပဲဖြစ်ပါတယ်။နာမည်ကြည့်တာနဲ့ ဒီပါတီတွေဟာ “စပွန်ဆာပါတီ”တွေမှန်းသိသာပါတယ်။
မြန်မာ့လူ့ဘောင်သစ်ပါတီဟာ “၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ”မတိုင်ခင်က ပါတီမှတ်ပုံတင်အမှတ် (၂၀) ဖြင့် ရွေးကောက်ပွဲကော်မရှင်(သိန်းစိုးကော်မရှင်)ကနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ဒါပေမယ့်အဲဒီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉၇/၂၀၁၀) ဖြင့် မဲဆန္ဒနယ်၃ နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်တဲ့အတွက် “မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ပါတီကိုလည်းဖျက်သိမ်းကြောင်း” ၂၀၁၀ ပြည့်နှစ်၊ စက်တင် ဘာလ ၁၄ ရက်နေ့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။
အဲဒီ ဖျက်သိမ်းပြီးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(တင်အေး ကော်မရှင်) က ထပ်မံပြီး တည်ထောင်ခွင့်ပြုခြင်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ မတိုင်ခင်ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ နိုင်ငံရေးပါတီစုစုပေါင်းက ၄၂ ပါတီဖြစ်ပါတယ်။ အဲဒီအထဲက ၅ ပါတီကို ကော်မရှင်ကြေညာချက်အမှတ်(၉၇/၂၀၁၀) အရ ဖျက်သိမ်းခဲ့ ပါတယ်။
သို့အတွက် မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ စုစုပေါင်း၃၇ ပါတီဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရလက်ထက် ၂၀၁၁ ခုနှစ်မေလ မှ ဒီဇင်ဘာလ အတွင်း နိုင်ငံရေးပါတီ၉ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်/မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြတယ်။
အဲဒီ ၉ ပါတီထဲကနေ နိုင်ငံရေးပါတီ ၄ ခုကို မှတ်ပုံတင်ခွင့်ပြုခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီးနိုင်ငံရေး ပါတီ စုစုပေါင်း ၄၁ ပါတီရှိနေပြီဖြစ်ပါတယ်။ ကျန်တဲ့ တည်ထောင်ခွင့်လျှောက်ထားတဲ့၅ ပါတီထဲမှာလည်း ပါတီ ၂ ခုက တည်ထောင်ခွင့်ရရှိ ထားပါတယ်။ (ဇယားကိုကြည့်ပါ)
ပါတီ၂ ခု ကတော့ တည်ထောင်ခွင့်မရရှိသေးပါဘူး။
နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တရားဝင်ရပ်တည်ဖို့ အဆင့်၂ ဆင့်ဖြတ်သန်းရတယ်။
ပထမအဆင့်က နိုင်ငံရေးပါတီ တည်ထောင်ခွင့်ဆိုတဲ့အဆင့်ဖြစ်တယ်။
ဒုတိယအဆင့်က တည်ထောင်ခွင့်ရတဲ့ နိုင်ငံရေးပါတီက မှတ်ပုံတင်ခွင့်လျှောက်ထားရတဲ့အဆင့်ဖြစ်တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုမှသာ နိုင်ငံရေးပါတီအဖြစ်တရားဝင်ရပ်တည်နိုင်တာဖြစ်တယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (တင်အေးကော်မရှင်)ဆိုတာ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများနဲ့ သက်ဆိုင်တဲ့ ကိစ္စ တွေမှာ “အပြီးအပြတ်အတည်”(final & conclusive) စီရင်ပိုင်ခွင့်အာဏာရရှိထားတဲ့(Quasi judicial) ကော်မရှင်ဖြစ်ပါတယ်။ ဒါဟာ တရားစီရင်ရေးစနစ်အပေါ် လွှမ်းမိုးထားတာပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ထဲမှာ အခုလိုပြဋ္ဌာန်းထားတယ်။
ပုဒ်မ ၄၀၂။ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည်အပြီးအပြတ်အတည်ဖြစ်စေရမည် –
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့်ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စများ။
ပိုပြီးသေချာစေဖို့အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊အခန်း (၅) အထွေထွေ၊ ပုဒ်မ (၂၀) တွင် ယခုထည့်သွင်း ရေးသားထားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ အခန်း (၅)အထွေထွေ၊ ပုဒ်မ (၂၀) ဤဥပဒေပါ ပြဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍
(က) ကော်မရှင်၏ ဆုံးဖြတ်ချက်သည်အပြီးအပြတ်ဖြစ်စေရမည်၊
(ခ) မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့်မရှိစေရ၊
အထက်ပါ ပြဌာန်းချက်တွေအရဆိုလျှင်ပုဒ်မ(၄၀၂)ပါကိစ္စများနှင့်ပတ်သက်ပြီး “ကော်မရှင် ဆုံးဖြတ်သမျှကို ခေါင်းငုံ့ခံရမယ်”ဆိုတဲ့သဘောဖြစ်ပါတယ်။
ညွန်း
– ကြေညာချက်အမှတ်(၉၇/၂၀၁၀) – ၁၅ စက်တင်ဘာ၂၀၁၀၊ မြန်မာ့အလင်းသတင်းစာ၊ ကျောဖုံး
– ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)
– နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ
|
စဉ်
|
လျှောက်ထားသည့်ရက်
|
သတင်းစာဖေါ်ပြရက်
|
ပါတီအမည်
|
မှတ်ချက်
|
|
၁။
|
မေလ ၂၄
|
ဇွန်လ ၂
|
မြန်မာအမျိုးသားကွန်ဂရက်
(Myanmar National Congress)
– ဦးကောင်းမြတ်ထွဋ် အပါအဝင် ပုဂ္ဂိုလ် ၁၆ ဦး
|
တည်ထောင်ခွင့်ပင်မရရှိသေးပါ။
|
|
၂။
|
ဇွန်လ ၁၃
|
ဇွန်လ ၁၆
|
ပြည်သူ့ဒီမိုကရေစီပါတီ
(People Democracy Party)
ဒေါက်တာသန်းထိုက်ဦး အပါအဝင်ပုဂ္ဂိုလ် ၁၆ ဦး
|
၂၀၁၁ ဇူလိုင် ၂၀ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
၂၀၁၁ စက်တင်ဘာ ၂၃ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြု/မှတ်ပုံတင်အမှတ် (၄၃)
|
|
၃။
|
ဇူလိုင်လ ၎
|
ဇူလိုင်လ ၉
|
အမျိုးသားဒီမိုကရေစီပါတီသစ်
(New National Democracy Party )
– ဦးကျော် အပါအဝင် ပုဂ္ဂိုလ် ၂၀ ဦး
|
၂၀၁၁ သြဂုတ် ၂၃ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
၂၀၁၁ အောက်တိုဘာ ၄ ရက်နေ့တွင် မှတ်ပုံ တင်ခွင့်ပြု/မှတ်ပုံတင်အမှတ် (၄၄)
|
|
၎
|
ဇူလိုင် ၁၂
|
ဇူလိုင်လ ၂၆
|
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
(Party for Unity and Peace)
– ဦးအုန်းလွင်အပါအဝင် ပုဂ္ဂိုလ် ၁၆ ဦး
|
၂၀၁၁ စက်တင်ဘာ၂ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
၂၀၁၁ အောက်တိုဘာ ၁၄ ရက်နေ့တွင် မှတ်ပုံ တင်ခွင့်ပြု/မှတ်ပုံတင်အမှတ် (၄၆)
|
|
၅။
|
သြဂုတ် ၁၀
|
သြဂုတ် ၁၁
|
ဒီမိုကရက်တစ်မဟာမိတ်ပါတီ
(Democratic Alliance Party)
– ဒေါက်တာစိုးလင်း အပါအဝင် ပုဂ္ဂိုလ် ၁၇ ဦး
|
၂၀၁၁ သြဂုတ် ၂၆ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
၂၀၁၁ အောက်တိုဘာ ၁၄ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြု/မှတ်ပုံတင်အမှတ် (၄၅)
|
|
၆။
|
နိုဝင်ဘာ ၂၅
|
နိုဝင်ဘာ ၂၆
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ
(National League for Democracy)
-ဦးတင်ဦး အပါအဝင် ပုဂ္ဂိုလ် ၂၁ ဦး
|
၂၀၁၁ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
|
|
၇။
|
နိုဝင်ဘာ ၂၈
|
နိုဝင်ဘာ ၂၉
|
ကရင်ဒီမိုကရက်တစ်ပါတီ
-ဦးစောသန်းကျော်ဦး အပါအဝင် ပုဂ္ဂိုလ် ၁၆ ဦး
(ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း)
|
|
|
၈။
|
လျှောက်ထားရက် ဖေါ်ပြခြင်းမရှိ
|
၆ ဒီဇင်ဘာ
|
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
– ဦးဇင်အောင် ပါ (၁၈) ဦး
|
၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
|
|
၉။
|
လျှောက်ထားရက် ဖေါ်ပြခြင်းမရ
|
၈ ဒီဇင်ဘာ
|
၈၈- ပြည်သူ့အင်အားစုပါတီ
– ဦးညွန့်ဦး ပါ (၁၉) ဦး
|
၂၀၁၁ ဒီဇင်ဘာ ၈ ရက်နေ့တွင် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု
|
စစ်တစ်ပိုင်းအစိုးရလက်ထက် တည်ထောင်ခွင့်/မှတ်ပုတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီများ
(၂၀၁၁ ခုနှစ် ၊ မေ)