>
မိုးမခနဲ့ ၂၀၁၁ခုနှစ် အစီရင်ခံစာ
(မိုးမခမိုက်ခဲ့သမျှ)
မောင်ရစ်၊ ဒီဇင်ဘာ၁၂၊ ၂၀၁၁
မိုးမခမိတ်ဆွေများ၊မိုးမခ၀ိုင်းတော်သားများနဲ့ မိုးမခက စေတနာရှင်များ လုပ်အားပေးများသို့
မိုးမခသတင်းဝက်ဆိုက်နဲ့အဖွဲ့ကိုယ်စား ကျနော်ကပဲ တနှစ်တာလှုပ်ရှားမှုများကို ပြန်လည် အစီရင်ခံပါတယ်။နှစ်စဉ် အခုလိုအစီရင်ခံနေကြမှာ ဒီတနှစ်တော့ ၀က်ဆိုက်ပေါ်မှာပါစာဖတ်ပရိသတ်တွေကိုလည်း အသိပေးတဲ့အနေနဲ့ တခါတည်း တင်ပေးလိုက်မယ် စိတ်ကူးတယ်။နောက်တခုကတော့ ကွန်မြူနီတီက အလှူရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်းအခုလိုအစီရင်ခံစာရေးရတဲ့အပြင် အမေရိကန်အစိုးရရဲ့ အခွန်တော်နဲ့စာရင်းအင်းဌာနကိုလည်း ငွေစာရင်းရှင်းတမ်း သတင်းပို့ရမှာ ဆိုတော့ တခါတည်းတချက်ခုတ် အကုန်ပြတ်အောင် ရေးလိုက်တယ်၊ စာရင်းတွေ စုလိုက်တယ်လို့သဘောထားပါခင်ဗျား။
စာမူသတင်းဆောင်းပါးနဲ့ လုပ်အားပေးများ –၂၀၁၁ နှစ်တခုလုံးမှာ ယနေ့အထိ ဆောင်းပါး၊ သတင်းနဲ့ စာမူပေါင်း ၂၆၀၀ ကျော်တင်ဆက်ခဲ့ပါတယ်။ အဲသည်တင်ဆက်ထုတ်လုပ်မှုအတွက် ၀ိုင်းတော်သားနဲ့ပင်တိုင်ဆောင်းပါးရှင်ပေါင်း လူ ၃၀ ဦးကျော်က စေတနာဝန်ထမ်းဝိုင်းဝန်းဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆရာကြီးများဖြစ်တဲ့ မောင်စွမ်းရည်၊အန်တီမာမာအေးတို့ကို သည်ကနေ ဂါရ၀ပြုလိုက်ပါတယ်။
မြန်မာပြည်ဒီမိုကရေစီရေးကူညီမှုနဲ့မိုးမခရန်ပုံငွေ အလှူ –၂၀၀၇ကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းက သပိတ်မှောက် စာနယ်ဇင်းသမားတွေ၊ သံဃာတော်တွေနဲ့အကျဉ်းကျနိုင်ငံရေးသမားနဲ့ မိသားစုတွေကို ကူညီမှု ရန်ပုံငွေလုပ်ငန်းကိုဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆိုပါရန်ပုံငွေလှူဒါန်းမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၅,၁၈၀.၀၀ ( US$ 55,180.00 ) လက်ခံရရှိခဲ့ပြီး ပြန်လည်ပေးအပ်လှူဒါန်းမှုတွေ လုပ်ခဲ့ပါတယ်။ မိုးမခရဲ့လုပ်ငန်းအတွက် နည်းပညာနဲ့ပစ္စည်းကိရိယာ သုံးစွဲမှု ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၁ သောင်း ခန့် ရှိပါတယ်။ အဲသည်ငွေ ၁ သောင်းကနေ မိုးမခထုတ်လုပ်မှုစာရိတ်ကို သုံးစွဲတာ ဖြစ်ပါတယ်။
မိုးမခမိတ်ဆွေတွေရဲ့အလှူကောက်နုတ်ချက်များ –၂၀၁၁ ခုနှစ်အတွက် “မိုးမခမိတ်ဆွေများဂုဏ်ပြုဆု” အဖြစ် အင်န်အယ်ဒီပါတီရဲ့နိုင်ငံရေးအကျဉ်းသားကူညီမှုကွန်ယက်က စာရင်းပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ဦင်္းထံ မိတ်ဆွေများအလှူအဖြစ် အမေရိကန်ဒေါ်လာ ၁ ထောင် လှူဒါန်းနိုင်ခဲ့ပါတယ်။ဆရာဦးဝင်းတင်ရဲ့ လမ်းညွန်မှုနဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ဦး (နောင် ၅၄ ဦး) ကိုအဝေးရောက်မိတ်ဆွေများအဖြစ် လစဉ် တဦးကို မြန်မာငွေ ကျပ် ၁သောင်းစီလှူဒါန်းမှုလုပ်ငန်းက တနှစ်တာအတွင်း ဒေါ်လာ ၉ ထောင်ခန့် ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ အလှူခံဖြတ်ပိုင်းမှာစေတနာရှင်များအလှူလို့ ရေးထိုးပြီး လှူတာဖြစ်ပါတယ်။
မိုးမခ၏ အီးဘုတ်နဲ့ပုံနှိပ်စာအုပ် ထုတ်ဝေမှုများ – ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး ပထမဦးဆုံးလူထုနှင်အတူ ဆင်နွှဲရတဲ့ ၆၆ နှစ်မြောက်မွေးနေ့ ဂုဏ်ပြု မိုးမခ၀ိုင်းတော်သားများဝိုင်းဝန်းရေးသားကြတဲ့ မွေးနေ့လက်ဆောင် စာမူစုစည်းချက်စာအုပ်၊ ကဗျာဆရာကြီးဦးတင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်း၊ စာရေးဆရာမောင်မောင်ဝမ်းရဲ့ ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ၊ ဆိုတဲ့ စာအုပ် ၃ အုပ်ကို အီးဘုတ်အဖြစ်အခမဲ့ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ နယူးယောက်အခြေစိုက် သာသနမောဠိသံဃာ့အဖွဲ့ကြီးကစီစဉ်တဲ့ သံတိုင်နောက်ကမှတ်တမ်းများ အမည်ရှိတဲ့ အကျဉ်းကျသံဃာတော်များရဲ့ကိုယ်တွေ့မှတ်တမ်းစာအုပ်ကိုလည်း ကူညီစီစဉ်ပေးနိုင်ခဲ့ပါတယ်။
မိုးမခမီဒီယာကိုယ်တိုင်လုပ်အားပေးဆင်နွှဲတဲ့ ကွန်မြူနီတီလှုပ်ရှားမှုများ – မိုးမခမီဒီယာက ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာအခြေချတာဆိုတော့ အဲသည်က မြန်မာ့အရေး လှုပ်ရှားသူမိတ်ဆွေတွေရဲ့ သာရေး၊ နာရေး၊လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးပွဲတွေမှာ ပြန်ကြားရေးအလုပ်၊ ရွာဆော်အလုပ်တွေဝင်လုပ်ပေးလေ့ရှိပါတယ်။ အဲသည်က ကွန်မြူနီတီပွဲတွေဖြစ်တဲ့ ဇန်န၀ါရီလ -ပြည်သူ့ဂုဏ်ရည် (ဆန်ဖရန်) ဈေးရောင်းပွဲ၊ ဧပြီလ – ဒေါ်စုနဲ့အတူရပ်တည်သည့်လက်မှတ်ရေးထိုး လှုပ်ရှားမှု၊ သြဂုတ်လ – ၈လေးလုံး ၂၃ နှစ်ပြည့်အခမ်းအနား၊ အောက်တိုဘာလ – ဘေးဧရိယာမြန်မာစာပေဟောပြောပွဲနဲ့စာစီစာကုံး၊ကဗျာပြိုင်ပွဲ၊ နိုဝင်ဘာလ – Save Irrawaddy SFကွန်မြူနီတီဆွေးနွေးပွဲ၊ ဒီဇင်ဘာလ – ကချင်ဒုက္ခသည်များကူညီရေးရန်ပုံငွေဈေးရောင်းပွဲ (လာမယ့် ဒီဇင်ဘာ ၁၇) တွေမှာ ၀င်ရောက်ဆင်နွှဲခဲ့ပါတယ်။အဲသည်အတွက် မိုးမခမိတ်ဆွေ ဘေးဧရိယာကမြန်မာကွန်မြူနီတီရဲ့ အခမ်းကဏ္ဍကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မိုးမခမီဒီယာမှာတင်ဆက်ခဲ့သမျှ အမှတ်တရများ – မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ထင်ဟတ်တဲ့အင်တာဗျူးတွေအဖြစ် ဦးဝင်းတင်နဲ့ မေးခွန်းများကဏ္ဍကို ၂၀၁၀ ခုနှစ်ကစတင်ပြီး ၂၀၁၁ တလျောက်လုံးတင်ဆက်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများအကြောင်း၊အကျဉ်းကျသံဃာတော်များအကြောင်း ရုပ်ပုံလွှာတွေကို တင်ဆက်နိုင်ခဲ့ပါတယ်။ရွှေဘိုမြို့ ရွှေခြင်္သေကျောင်းတိုက်က ဆရာ၊ ဒကာတွေရဲ့ရွှေခြင်္သေ့အဖွဲ့ကူညီစောင့်ရှောက်မှုပေးနေတဲ့ HIV/ AIDS ဝေဒနာရှင်များရဲ့ဘ၀ဖြတ်သန်းမှု ခံစားချက်စာစုများကိုလည်း အခမ်းဆက် တင်ဆက်နိုင်ခဲ့ပါတယ်။နာရေးကူညီမှုအသင်းက ကိုကျော်သူရဲ့ သတင်းဆောင်းပါးတွေကလည်းပင်တိုင်တင်ဆက်နိုင်ခဲ့ပါတယ်။
သတင်းတွေ ဆောင်းပါးတွေအပြင်မြန်မာစာဖတ်ပရိသတ်အတွက် ရသဖြစ်စေတဲ့ ကဗျာ၊ အက်ဆေး၊ အတွေးအမြင်စာမူတွေကိုပါအစဉ်မပြတ် တင်ဆက်ပေးနိုင်ခဲ့တာကိုလည်း ၀မ်းမြောက်မိပါတယ်။
၂၀၁၁ ရဲ့ ထူးခြားဖြစ်စဉ်ဖြစ်တဲ့မြန်မာပြည်ရဲ့ ဧရာဝတီအရေး လူထုလှုပ်ရှားမှုကြီးမှာ မိုးမခရဲ့ ပြည်တွင်း၊ ပြည်ပက၀ိုင်းတော်သားတွေရဲ့ ဧရာဝတီအရေး စုဆောင်းတင်ဆက်မှုတွေနဲ့ မိုးမခမိတ်ဆွေကိုအောင်ဒင်နဲ့ ကိုမင်းဇင်တို့ရဲ့ စာမူတွေ၊ ဆွေးနွေးချက်တွေကိုလည်း ဒီမှာမှတ်တမ်းတင်ပါတယ်။
မိုးမခရဲ့ ရေဒီယိုအစီအစဉ်အဖြစ်အပတ်စဉ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကနေဦးပန်တျာနဲ့ရေဒီယိုဝိုင်းတော်သားတွေရဲ့ ကြိုးပမ်းတင်ဆက်မှုတွေကိုလည်းအမှတ်တရပြုလိုက်ပါတယ်။
နောက်အရေးပါတဲ့ ကဏ္ဍကတော့Uncensored Burma Daily News အီးမေးသတင်းလွှာကဏ္ဍပဲ ဖြစ်ပါတယ်။ အင်တာနှေးဒေသ၊အင်တာပိတ်ဒေသက မြန်မာစာဖတ်သူတွေအတွက် အင်တာနက်ပေါ်က မြန်မာသတင်းတွေကို စုစည်းပြီးစာဖိုင်ဖွဲ့ အီးမေးနဲ့ နေ့စဉ်အရောက် အီးမေးစာတိုက်ပုံးထဲ ပေးပို့တဲ့ကြီးတော်နွားကျောင်းတဲ့ စေတနာဝန်ထမ်းအလုပ်ကိုယ်တိုင်လည်း သည်နှစ်ထဲမှာအတော်ခရီးရောက်တယ်လို့ ဆိုချင်ပါတယ်။
ပရိသတ်အသစ်၊၀ိုင်းတော်သားအသစ်များ၊ မိုးမခအသစ်အဟောင်းများ – မိုးမခက ဘလော့ဂ်နဲ့ ၀က်ဆိုက်ဆိုပြီး မူရင်းနဲ့မူပွားဖြန့်ကျက်ပြီး တင်ဆက်နေရာကနေ ၂၀၁၁ အတွင်းမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်းမိုးမခစာမျက်နှာကို တွဲပြီး တင်ဆက်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ကို မူပွားတဲ့အချိန်မှာယခင်တုန်းက ကော်ပီအဖြစ်တင်ဆက်နေခဲ့တဲ့ မိုးမခဝေါ့ဒ်ပရက်စ်ကိုတော့ရပ်နားခဲ့ရပါတယ်။ အဲသည်ကပရိသတ်ရဲ့ အားပေးမှုကိုလည်း ကျေးဇူးမှတ်တမ်းပြုလိုပါတယ်။မြန်မာ(စစ်)အစိုးရက အင်တာနက်တံခါးကို ဟပေးထားလို့ မြန်မာပြည်တွင်းက ပရိသတ်တွေတိုက်ရိုက်လာအားပေးနေတာကိုလည်း တွေ့ရလို့ ၀မ်းသာမိပါတယ်။ ဒီနှစ်ထဲမှာမိုးမခ၀က်ဆိုက်ကို ဂျွန်းလားဝက်ခြံကနေ ၀ဒ်ပရက်စ်ဝက်ခြံထဲပြောင်းလိုက်တာကလည်းပြောင်းလဲမှုတခု ဖြစ်ပါတယ်။ မိုးမခအင်္ဂလိပ်ပိုင်း ၀က်ဆိုက်ကို ခုထက်ထိမိုးပျံအောင် မလုပ်နိုင်သေးတာက မိုးမခအားနည်းချက်၊ ညံ့ချက်ဖြစ်ပါတယ်။မိုးမခရုပ်သံအစီအစဉ်တွေကိုတော့ သီးခြားဝက်ဆိုက်အစား YouTube/MoeMaKa မှာပဲဆက်လက် သိမ်းဆည်း တင်ဆက်သွားမယ်လို့ စဉ်းစားထားပါတယ်။
၂၀၁၁ အတွင်း ၀ိုင်းတော်သားအသစ်တွေ၊ပင်တိုင်အသစ်တွေကို သည်နေရာကနေ ကြိုဆိုပါကြောင်း ထပ်လောင်းပြောလိုပါတယ်။အရှင်ပညာနန္ဒ၊ အောင်ထက်၊ တူမောင်ညို၊ မောင်လွမ်းဏီ၊ ငြိမ်းဝေ၊ ကမာပုလဲ၊သန်းဝင်းလှိုင်၊ ကူမိုးကြိုး၊ ဂျော်ဒီး၊ ကိုတင်အေးနဲ့ သူရိန်ထက် တို့တတွေက ၂၀၁၁ခုနှစ်အတွင်း မိုးမခကို ၀ိုင်းရံပေးသူ ၀ိုင်းတော်သားအသစ်တွေအဖြစ်မှတ်တမ်းတင်ပါတယ်။
လုပ်အားပေးများ၊စေတနာရှင်များ၊ အလှူရှင်များသို့ – မိုးမခမီဒီယာက အမေရိကန်ပြည်မှာ တရားဝင်မှတ်ပုံတင်ပြီးဖွဲ့စည်းထားတာဖြစ်တဲ့အတွက် နှစ်စဉ် ရငွေ၊ သုံးငွေကို သက်ဆိုင်ရာထံတင်ပြစာရင်းရှင်းရပါတယ်။ အလှူရှင်များထံကိုလည်း အလှူခံဖြတ်ပိုင်းများ ပေးပို့စာရင်းပြုစုထားရပါတယ်။ အလှူရှင်များကိုယ်တိုင်ကလည်း 501 (c) 3 အဖြစ်မှတ်ပုံတင်ထားတဲ့ မိုးမခမှာငွေလှူတဲ့အတွက် ၀င်ငွေခွန်ကနေ အလှူငွေကို နှုတ်ပယ်ခွင့် (သက်သာခွင့်) ဥပဒေနဲ့အညီရရှိပါတယ်။
လုပ်အားပေးများ၊ စေတနာရှင်များကလည်းမိုးမခမီဒီယာကို စေတနာ့ဝန်ထမ်း ကူညီအားပေးတဲ့အတွက် မိုးမခမီဒီယာကနေပြီးတော့ကျောင်းသားများအတွက် Volunteer Hour နဲ့ Volunteer Credit ရနိုင်အောင်စီစဉ်ပေးရပါတယ်။ မိုးမခရဲ့ မီဒီယာထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ကူညီတဲ့မှတ်တမ်းကို ရယူနိုင်ပါတယ်။
ဒါ့အပြင် လူငယ်များ၊ပညာရှင်များ၊ စေတနာရှင်များအနေနဲ့ကလည်း မိုးမခမီဒီယာလုပ်ငန်းမှာ စေတနာ့ဝန်ထမ်းအချိန်ပိုင်းကူညီနေတဲ့အတွက် မိမိတို့ရဲ့ အလုပ်အကိုင်မှတ်တမ်း (Resume) မှာဖြစ်စေ၊အလုပ်နဲ့ ကွန်မြူနီတီဆောင်ရွက်မှုရည်ညွှန်းချက် (Recommendation) စာမျက်နှာများမှာဖြစ်စေထညိ့သွင်းဖော်ပြခွင့်ရှိပါတယ်။
မိုးမခမီဒီယာ ရဲ့ လည်ပတ်မှုနဲ့အလှူငွေက တနှစ်ကို အမေရိကန်ဒေါ်လာ ၅ သောင်း ကျော်မျှ ဆိုတော့မောင်ရစ်တို့အိမ်နီးချင်း ကွန်ပျူတာဟိုပြင်ဒီပြင်လုပ်သူတဦးရဲ့ အနည်းဆုံးတနှစ်စာ ပျမ်းမျှဝင်ငွေလောက်ပဲ ရှိတာမို့ အခြားသတင်းဌာနကြီးများ၊ အဖွဲ့အစည်းကြီးများနဲ့ယှဉ်လိုက်ရင် လူရယ်စရာပါ။ ဒါပေမယ့် ဒီက အများရဲ့အလှူငွေနဲ့ ဒီက လုပ်အားပေးစေတနာရှင်တွေနဲ့မြန်မာပြည်တွင်းနဲ့ မြန်မာပြည်ပက စာဖတ်သူတွေအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ စေတနာ့ဝန်ထမ်းသတင်းဌာန၊ ကွန်မြူနီတီဇရပ်တခုအဖြစ် ထမ်းဆောင်နိုင်တာဝမ်းမြောက်စရာပါ။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ရိုင်းပင်းကူညီပြီးသတင်းစကားများ မျှဝေတဲ့နေရာ၊ ယုံကြည်စိတ်ချမှုရှိတဲ့ အချက်အလက်များ ရရှိနိုင်တဲ့မိုးမခမီဒီယာဆိုတဲ့ အမည်ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တခုပါ။
အနည်းဆုံးတော့ မိုးမခမီဒီယာမှာတယောက်တလက် ကူညီကြရတာ ဂုဏ်ယူစရာပါ။
အဲသည်လို ယုံကြည်မှု၊မျှော်လင့်မှုနဲ့ ကျနော်တို့ ၂၀၁၂ ကို ဆက်လက်ချီတက်ကြပါမယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
(စာကြွင်း – အော် ဒါနဲ့စကားမစပ်၊ ၂၀၁၂ အတွက် မိုးမခမိတ်ဆွေများဆုအဖြစ် မြန်မာပြည်က မည်သို့သောစွန့်လွှတ်စွန့်စားသူကို ပေးရင်ကောင်းမလဲ၊ စဉ်းစားမိတာရှိရင်စာရေးသားပေးပို့နိုင်ပါတယ်)
