>military operation in KIA area

>

ကချင် စစ်မြေပြင် အခြေအနေ
အင်တာဗျူး
ဒီဇင်ဘာ ၁၁၊ ၂ဝ၁၁


(ဓာတ်ပုံများ – Khin Maung Soe / RFA)

စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရဘက်က တပ်အင်အား တိုးချဲ့မှုတွေ ရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။
ဒေသတွင်းမှာ ရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကိုပါ အစိုးရတပ်ဘက်က စစ်ကူခေါ်တာတွေ ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ KIO ပြောခွင့်ရ ဦးလာနန်းကို ဒေါ်ရင်ရင်မေ (BBC) က ဆက်သွယ် မေးကြည့်တဲ့ အခါမှာတော့ –

KIA – သူတို့ဘက်က အင်အား အလုံးအရင်း တိုးလာတာ ရှိတယ်။ မြစ်ကြီးနားကို ရထားနဲ့ တပ်တွေ ထပ်ပို့တာမျိုး နေ့စဉ်နဲ့အမျှ လုပ်နေကြတယ်။
မနေ့ညကတော့ ည ၈ နာရီလောက်မှာ နမ့်ခမ်းမြို့ကို ကား အစီး ၆၀ လောက် ရောက်လာကြတယ်။ တပ်ရင်း ၈ ရင်းလောက်၊ ခန့်မှန်းလို့ ရတယ်။
တပ်ရင်း ၈ ရင်း ဆိုတော့ အနည်းဆုံး အင်အား ၆၀၀ ဖြစ်ပါလိမ့်မယ်။

BBC – သူတို့က ဘယ်နေရာမှာ တိုက်ပွဲ ပြင်ဆင်ဖို့ အနေအထား ရှိသလဲ။

KIA – အခု အဓိက ထိုးစစ်လုပ်နေတဲ့ ဒေသက တပ်မဟာ ၃ ခွင်။ အခု နမ့်ခမ်းဘက် ၀င်လာတဲ့ တပ်တွေက တပ်မဟာ ၃ ခွင်ထဲမှာ သူတို့ စစ်ဆင်ရေး လုပ်ဖို့ပါပဲ။

BBC – ဒါဆိုရင် အခု တိုက်ပွဲ အခြေအနေက ဘယ်လိုများ ရှိပါသလဲ။

KIA – ဒီဇင်ဘာလ တပတ်အတောအတွင်း မနေ့ညက အထိ ဆိုရင် မှတ်တမ်းတင်နိုင်တဲ့ တိုက်ပွဲက ၁၁ ခု ရှိသွားပြီခင်ဗျ။

BBC – စစ်တပ်ဘက်ကနေ NDA တဖြစ်လဲ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ၊ KDA တပ်တွေလည်း ပါတယ် လို့လည်း ကြားနေရတယ်ရှင့်။

KIA – ကျနော်တို့ဘက်မှာ သက်သေ အထောက်အထား ဘာမှ မရှိပါဘူးခင်ဗျ။ အဲဒီလို သက်သေ အထောက်အထား မရှိတဲ့ နေရာမှာ ပြည်သူ့စစ်တွေ အပါအ၀င် ကူပြီးတော့ တိုက်နေကြတယ်လို့ ပြောလိုက်တဲ့အခါ အမှားအယွင်း ဖြစ်သွားနိုင်တယ်။
နောက်တခုကလည်း အစိုးရတပ်ထဲမှာ တပ်သားတွေထဲမှာ ကချင်တွေ ပါဝင်သလို တခြား ချင်းတို့လည်း အများကြီး ပါနေတာ တွေ့ရတယ်။
သူတို့ရဲ့ စစ်ကြောင်းမှာ ပြည်သူ့စစ်အဖွဲ့တွေက တိုက်ရိုက်ပါဝင်တယ် ဆိုတာ လောလောဆယ်အထိ ပြောဆိုဖို့တော့ သက်သေ အထောက်အထား မရသေးပါဘူး။

ကေအိုင်အေ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကေအိုင်အို တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလနန်

BBC – ဒါဆိုရင် ရွှေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ပိုင်းမှာရော နောက်ထပ် ငြိမ်းချမ်းရေး အခြေအနေရော ဆက်ပြီး ဆွေးနွေးဖို့ အခြေအနေ ရှိပါသလား။

KIA – ရွှေလီ တွေ့ဆုံမှုကတော့ ကျနော်တို့ KIO ရဲ့ သဘောထားက ကျနော်တို့ KIO ဥက္ကဋ္ဌကနေပြီးတော့ တရားဝင် ပြောဆိုပြီးပါပြီ။
သူတို့ဘက်က ဒီကိစ္စကို သမ္မတကို တင်ပြထားတယ်လို့ ပြောဆိုထားတာ ရှိတယ်။ အခုထက်ထိတော့ သမ္မတက ဘယ်လို မှတ်ချက်ပြုတယ် ဆိုပြီးတော့ အကြောင်းကြားလာတာ မရှိဘူး။ KIO အဖွဲ့အစည်းကတော့ ဒီငြိမ်းချမ်းရေးကိစ္စကို တွေ့ဆုံ ဖြေရှင်းပြီးမှပဲ ပြဿနာကို ပြေလည်နိုင်မယ် ဆိုတာ တထစ်ချ ခံယူထားတယ်ခင်ဗျ။
အစိုးရကနေ တရားဝင်လမ်းကြောင်းကနေ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမယ် ဆိုရင် ကျနော်တို့ဘက်က တွေ့ဆုံ ဆွေးနွေးဖို့ အဆင်သင့်ပါပဲခင်ဗျ။

BBC – ကချင်စစ်ပြေးဒုက္ခသည်တွေ တရုတ်နယ်စပ်ဘက်မှ ပိုများတယ်လို့ ကြားရတယ်ရှင့်။

KIA – အထူးသဖြင့် ဒုက္ခသည်တွေက တပ်မဟာ ၃ ခွင်၊ နောက်ပြီးတော့ ရှမ်းပြည် မြောက်ပိုင်း တပ်ရင်း ၃ ဧရိယာ ဘက်မှာ များလာတယ်။
နောက်ဆုံး ၀င်လာတဲ့ ဒုက္ခသည်တွေက အများအားဖြင့်တော့ တရုတ်နယ်စပ်ကို ၀င်သွားတဲ့ဟာတွေ ရှိတယ်။
တရုတ် အစိုးရကလည်း အဲဒီ အဖွဲ့တွေကို လက်မခံဘူး။ အားလုံး ပြန်ပြီးတော့ မောင်းထုတ်နေတယ် ဆိုတဲ့ သတင်းတွေ ရတယ်ခင်ဗျ။
ဒါကြောင့်မို့ ဆောင်းတွင်း ရောက်လာတဲ့ အချိန်မှာ ကျနော်တို့ ကချင် ဒေသတွေမှာ ရေခဲအမှတ်အောက် အထိ ကျတဲ့ နေရာတွေ အများကြီး ရှိတယ်။
အဲဒါကြောင့် ဒုက္ခသည်တွေက နေရေးထိုင်ရေး၊ အ၀တ်အထည်တွေ အများကြီး ဒုက္ခ ရောက်နေတယ်။
ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ စာရင်းအရ ဒုက္ခသည် သုံးသောင်း ငါးထောင် ရှိတယ်။ အဲဒီ စာရင်းထဲမှာ တရုတ်ပြည် ၀င်သွားတဲ့ ဒုက္ခသည်တွေ မပါသေးဘူး။

မူရင်း – BBC မြန်မာဌာန၏ ဒီဇင်ဘာ ၁၁၊ တနင်္ဂနွေနေ့ နံနက်ခင်း ထုတ်လွှင့်ချက်