>News & Media

>

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ပြုကြောင်း ကော်မရှင်မှ သတင်းထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၁
မိုးယံမခ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုခဲ့ကြောင်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၆ တွင် ဖော်ပြချက်အရ သိရသည်။

မြန်မာ့အလင်း သတင်းစာ ဖော်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“နိုင်ငံရေးပါတီတည်ထောင်ခွင့်များ စိစစစ်ခွင့်ပြုပေးလျှက်ရှိ
နေပြည်တော် ဒီဇင်ဘာ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်များကို စိစစ်ခွင့်ပြုပေးလျှက်ရှိရာ ဦးဇင်အောင် ပါ ၁၈ ဦး တို့ကလျှောက်ထားသည့် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွှတ်ကြောင်းတွေ့ရှိရသဖြင့် ကော်မရှင်က ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားသည်။

“သတင်းစာမှာပါတဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရေစီပါတီတည်ထောင်ခွင့်လျှောက်ထားတာ ဘယ်နေ့က ဆိုတာ မပါဘူး။ တည်ထောင်ခွင့် လျှောက်ထားပြီးရင် ကော်မရှင်က သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီ လှမ်းမေးပြီး ညှိနှိုင်းရသေးတယ်။ အဓိကကတော့ ပြည်ထဲရေး မေးရမှာပေါ့။ NLD ဆိုရင် နိုဝင်ဘာ ၂၅ ရက်က ပါတီတည်ထောင်ခွင့်လျှောက်ထားတာ အခုထိ ခွင့်ပြုချက်ရကြောင်း သတင်းမကြားရသေးဘူး။ ဒီပါတီထူထောင်ခွင့်ရတာ မြန်တယ်လို့ ဆိုရမှာပေါ့” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက သုံးသပ်သည်။

နိုင်ငံရေးကို စိတ်ပါဝင်စားသော ရှေ့နေတဦးကလည်း တည်ထောင်ခွင့်လျှောက်ထားခြင်း၊ မှတ်ပုံတင်ခြင်း၊ ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း စသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ယခုလို သုံးသပ်ပြောဆိုသည်။

“မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ အခန်း (၃)၊ အပုဒ် (၁၆) အရ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ခံထားရတဲ့ ပါတီဖြစ်တယ်။ အဲဒီလို ပယ်ဖျက်ခံထားရတဲ့ ပါတီအမည်နဲ့ထပ်တူ၊ ပါတီထူထောင်သူ လူနာမည်များလည်း အတူတူနဲ့ ပါတီတည်ထောင်ခွင့် ပြုတယ်ဆိုတာ ကော်မရှင်ရဲ့ ဘယ်ဥပဒေအရဆိုပြီး ဖော်ပြထားတာ မတွေ့ရဘူး”

ယင်းရှေ့နေကပင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့် ပတ်သက်လျှင် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပေဒပုဒ်မှ ၁၂ (က) (၁) မှာ ဖြည့်စွက်ထားတဲ့ ရှင်းလင်းချက်ရဲ့သဘောက အထွေထွေရွေးကောက်ပွဲကြီးကျင်းပပြီး နောက်ပိုင်းမှာ မှတ်ပုံတင်ခွင့်ရတဲ့ ပါတီတွေက အဲဒီလွှတ်တော်သက်တမ်းအတွင်းကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် သုံးနယ်မှာ ၀င်မရွေးလည်း ပါတီအနေနဲ့ ရပ်တည်ခွင့်ရှိတယ်လို့ဆိုထားတာပါ။ အခု လွှတ်တော်သက်တမ်းအတွက် ပယ်ဖျက်ခံထားရတဲ့ ပါတီတခုဟာ ဒီသက်တမ်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်မှတ်ပုံတင်ခွင့်ရှိတယ်ဆိုရင် အရင်က မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၆ မှာဆိုထားတဲ့ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဆိုတာ အလိုအလျောက်ပျက်ပြယ်သွားတဲ့ သဘောဖြစ်နေတယ်” ဟု ပြောကြား ပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယအင်အားအကြီးမားဆုံးသော လူငယ်ပါတီတရပ်ဖြစ်သည်။ ထိုကဲ့သို့ အစဉ်အလာကြီးမားသော လူငယ်ပါတီတရပ်၏အ မည်ကို ဆင်ဆူရိုးမှားပြုလုပ်၍ ယခင် လူ့ဘောင်သစ်လူငယ်ပါတီမျိုးပေါ်ပေါက်လာမှာစိုးသည့်အတွက် လက်ရှိအစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင်သည် ပါတီထောင်ခွင့် အလျင်အမြန် ခွင့်ပြုခဲ့တာဖြစ်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြောင်း သတင်းရရှိသည်။