>Aung Din – Sparrow Hunter and the Fighting Peacock

>

စာဖမ်းသမား
အောင်ဒင်
ဒီဇင်ဘာ ၇၊ ၂၀၁၁
မိတ်ဆွေများ ခင်ဗျား၊
၂၀၁၁ ဒီဇင်ဘာလထုတ် ကလျာမဂ္ဂဇင်း ကိုဖတ်ရင်းကဗျာတပုဒ်က ရင်တွင်းကို စူးစူးရှရှ ထွင်းဖောက်ဝင်ရောက်လာပါတယ်၊ ရေးသူကကျနော်တို့ရဲ့ နောင်တော်ကြီး ဆရာ မောင်သင်းပန် ပါ၊ ကဗျာ ခေါင်းစဉ်က”စာကလေးများရဲ့ ပြန်ကြားချက်” တဲ့၊ စာမျက်နှာ ၇ မှာဖော်ပြထားတဲ့အဖွင့်ကဗျာတပုဒ်ပါ၊ ကျနော်တို့ နိုင်ငံက ဖြစ်ရပ်မှန် ဘဝပြဇာတ်တပုဒ်ကိုစာလုံးများနဲ့ သရုတ်ဖော်ပြလိုက်တာပါပဲ၊
ဘုရား ရင်ပြင်တော်ပေါ်မှာ၊ ဘုရား စောင်းတန်းမှာ၊မြို့လယ်ခေါင်မှာ၊ ဈေးတွေမှာ၊ လှောင်ချိုင့်ထဲ ထည့်ထားတဲ့ စာငှက်ကလေးများကိုသယ်ထမ်းရင်း “စာကုသိုလ်၊ စာကုသိုလ်” လို့ တကြော်ကြော်အော်ရင်းအများပြည်သူကို ဇီဝိတဒါန စာငှက်ကလေးတွေကို လွတ်လပ်ခွင့်ပေးကြဖို့ စာကလေးတွေရဲ့လွတ်လပ်ခွင့်ကို အခကြေးငွေနဲ့ ရောင်းချနေကြသူတွေကို မိတ်ဆွေများတွေ့ဘူးကြမှာပါ၊ တွေ့ဘူးရုံတင်မက အကျဉ်းကျနေတဲ့ ချစ်သူ၊ ခင်သူ၊ဆွေမျိုးသားချင်းများလွတ်မြောက်ရေးအတွက် ရည်စူးပြီး၊ ဒါမှမဟုတ်လဲ အဆင်မပြေလှတဲ့ကိုယ့်ဘဝအတွက် ကံကြမ္မာတွေ ကောင်းမွန်လာဖို့ မျှော်လင့်ပြီး၊ စာဖမ်းသမားကိုသူတောင်းဆိုသမျှ အခကြေးငွေပေးပြီး စာကလေးတွေကို လွတ်လပ်ခွင့်ပေးပြီးကြည်နူးခဲ့ဘူးကြမှာပါ၊
နောင်တော်ကြီး ကိုသင်းပန် က ဒီကဗျာကို စာကလေးများကသူတို့ကို စာဖမ်းသမားဆီက ဝယ်ယူပြီး လွတ်လပ်ခွင့်ပေးမည့်သူကို ပြောတဲ့ အနေနဲ့ ရေးဖွဲ့ပါတယ်၊ကျနော်တို့ကို ကောင်းကင်မှာ၊ မြေပြင်မှာ ပိုက်တွေပြင်ပြီး ထောင်ချောက်ဆင်ဖမ်းတာလဲ သူပါပဲ၊ ကျနော်တို့ကို လှောင်ချိုင့်ထဲထည့်ပြီးစာကလေးတွေလွှတ်ပြီး ဇီဝိတဒါန အသက်ကယ်ကြပါဗျို့လို့ ဟစ်အော်ပြီး မြို့လှည့်၊ နိုင်ငံလှည့်ရောင်းချတာလဲ သူပါပဲ၊ ကုသိုလ်ရှင်တွေက ပိုက်ဆံပေးပြီး ကျနော်တို့ကို လွှတ်ပေးတော့ ပိုက်ဆံတွေကိုရေတွက်ရင်း ကျနော်တို့ ပျံသန်းသွားကြတာကို ပြုံးပြုံးကြီးကြည့်ပြီး ကျေနပ်နေတာလဲ သူပါပဲ၊အတောင်ချိုးထား၊အမွှေးဖြတ်ထားလို့ ဝေးဝေးလံလံ မြင့်မြင့်မားမား မပျံနိုင်ကြတော့တဲ့ ကျနော်တို့ကိုဘယ်နှစ်ကြိမ်မြောက်ရယ်မသိ၊ ထောင်ချောက်ဆင်ပြန်ဖမ်းဦးမှာလဲ သူပါပဲ တဲ့၊ ဒါပေမည့် စာကလေးများကစိတ်ကောင်းရှိကြပါတယ်၊ သူတို့ စာမုဆိုးရဲ့ အဖမ်းခံရဦးမှာကို သိနေပေမည့် သူတို့အတွက်ယာယီလွတ်မြောက်ခွင့်ဆောင်ကျဉ်းပေးသူကို “ကျနော်တို့ အသက်တခါလွှတ်၊ ခင်ဗျား ဆယ်ခါလွတ်ပါစေ” တဲ့၊ ဆုတောင်းပေးနေပြန်ပါသေးတယ်၊ ကဗျာလေးကို ဖတ်ကြည့်ကြပါဦး၊
“စာကလေးများရဲ့ ပြန်ကြားချက်”
# ကျနော်တို့ကို
ကောင်းကင်ပိုက် မြေပြင်ပိုက်ဆင်ပြီး ထည့်တာလဲ
သူပါပဲ၊
# ကျနော်တို့ကို

“စာကုသိုလ်” “စာကုသိုလ်” ဆိုပြီး မြို့ထဲလှည့်ရောင်းတာလဲ
သူပါပဲ၊
# ကျနော်တို့ကို
ခင်ဗျားဝယ်ပြီး လွှတ်တော့လဲ
ပြုံးပြုံးကြီးကြည့်နေတာ
သူပါပဲ၊
# ကျနော်တို့ကို
နောက်တခါ ထပ်ရှာဦးမှာလဲ
သူပါပဲ၊
#ကျနော်တို့ အသက်တစ်ခါလွှတ်
ခင်ဗျား ဆယ်ခါလွတ်ပါစေ။
မောင်သင်းပန်၊ ကလျာမဂ္ဂဇင်း၊ ၂၀၁၁ ဒီဇင်ဘာ၊စာမျက်နှာ ၇၊
ဒီကဗျာကို ဖတ်ရင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကလက်တွေ့ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ် တွေးမြင်မိပါတယ်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်နေတဲ့ ရဟန်း ရှင်လူ၊အမျိုးသား အမျိုးသမီး သူရဲကောင်းတွေ၊ အယူအဆမတူညီတာကို အကြမ်းဖက် သတ်ဖြတ် ထောင်ချတဲ့နည်းလမ်းနဲ့တုန့်ပြန်တတ်တဲ့ စစ်အာဏာရှင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်းဆိုနေကြတဲ့နိုင်ငံတကာအစိုးရတွေ၊  တကယ် တော့ စစ်အာဏာရှင်တွေဟာ ကိုသင်းပန်ရဲ့ ကဗျာထဲက စာဖမ်းသမားပါပဲ၊
ကျနော်တို့ရဲ့ ရဲဘော်တွေ ကို အဓမ္မဖမ်းဆီးထောင်ချ၊ပြီးတော့ နိုင်ငံတကာကို မျက်နှာမူပြီး ကုသိုလ်ယူကြမလားဗျို့လို့ ကြွေးကျော်ပြီး သူလိုတဲ့ဈေးခေါ်နေသူပါ၊ လိုတဲ့ ဆုလာဘ် ရတဲ့အခါမှာ တချို့တဝက်ကို လွှတ်ပေးလိုက်ပြီး အချိန်တခုမှာပြန်ဖမ်းလိုက်တာပါပဲ၊ ဒီလိုနဲ့ သူ့လှောင်ချိုင့်ထဲမှာ နိုင်ငံတကာက ကုသိုလ်ယူချင်သူတွေကိုဖျားယောင်းဖို့ ဓားစာခံတွေ အမြဲပြည့်နေတာပေါ့၊
တကယ့်ဘဝမှာတော့ ကျနော်တို့ရဲ့ ရဲဘော်တွေဟာ စာကလေးတွေမဟုတ်ကြပါ၊ခွပ်ဒေါင်းတွေ ဖြစ်ကြပါတယ်၊ နိုင်ငံတကာအစိုးရတွေကိုလဲ အာဏာရှင်ကို အခကြေးငွေပေးပြီးမှရမည့်ယာယီလွတ်လပ်ရေးအစား  အာဏာရှင်ရဲ့ လှောင်ချိုင့်နဲ့ပိုက်ကွန်ထောင်ချောက်တွေကို ဖျက်ဆီးပစ်မှသာ ခွပ်ဒေါင်းတွေ ထာဝရလွတ်မြောက်ပြီး ဝေးဝေး၊မြင့်မြင့်၊ ပျံသန်းနိုင်ကြမယ် ဆိုတာ သိစေချင်ပါရဲ့၊။