>
ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကတော့ နို့ဖိုးဒုက္ခသည်စခန်း “စာဆိုတော်နေ့” အခမ်းအနားဖြစ်မြောက်ရေးကော်မီတီက၊ ဒုက္ခသည်စခန်းထဲက လူမြင်သူမြင်နေရာတွေမှာ ကပ်ထားတဲ့ကြော်ညာတွေရဲ့ “ခေါင်းစဉ်” လေးပါပဲ။ သူတို့က “စာဆိုတော်နေ့” အခမ်းအနားမှာ လာရောက် ဟောပြောကြဖို့ဖိတ်ကြားထားကြတဲ့ စာရေးသူ (၄) ဦးကို “လမင်း (၄) စင်း” အဖြစ် တင်စားချင်ပါတယ်တဲ့။ အခမ်းအနားကျင်းပမယ့်ညက လပြည့်နေ့ည။ ဒါကြောင့်မို့ တကယ့်သဘာဝ “လတစင်း” နဲ့ပေါင်းပြီး “လမင်း (၅) စင်းလင်းမယ့်ည” ဆိုပြီး ခေါင်းစဉ်ရွေးခဲ့ကြတာပါတဲ့။ ကဗျာဆန်ပြီး ဂန္တာ၀င်မြောက်တဲ့ အတွေးတခုပါပဲ။
ဒုက္ခသည်စခန်း လူထုစည်းဝေးခန်းမဆောင်ကြီးထဲမှာ “စာဆိုတော်နေ့” အခမ်းအနားကျင်းပခဲ့ပါတယ်။ ၂၂.၁.၂၀၀၈ (အင်္ဂါနေ့)။ မြန်မာ သက္ကရာဇ် ၁၃၆၉ ခု၊ ပြာသိုလပြည့်နေ့ပေါ့။ တက်ရောက်ဟောပြောခွင့်ရခဲ့ကြတဲ့ပုဂ္ဂိုလ်တွေကတော့ ပြည်ပကို ပူပူနွေးနွေးရောက်လာတဲ့ ခရမ်းပြာမြင်းရိုင်း ကဗျာဆရာကြီး “အောင်ဝေး” ၊ ကရင်အမျိုးသား စာရေးဆရာများ “ရဲဘော်ရှောင်း” ၊ ကဗျာဆရာမ “ခိုင်မာကျော်ဇော” နဲ့ စာရေးသူတို့ပါပဲ။
“ရဲဘော်ရှောင်း” က “သူရဲကောင်းတို့ တိုင်းပြည်” ခေါင်းစဉ်နဲ့၊ ကိုကိုးကျွန်းမှာ နိုင်ငံရေးအကျဉ်းသမားဘ၀က၊ ကျွန်းက လှေတစင်းနဲ့ထွက် ပြေးဖို့ကြိုးစားတဲ့ သူ့ဘ၀အတွေ့အကြုံကို အခြေခံပြီး ဟောပြောပါတယ်။
ကဗျာဆရာမ “ခိုင်မာကျော်ဇော” က “စာရေးဆရာဖြစ်ချင်တဲ့ ကျွန်မနဲ့ ကျွန်မရေးခဲ့သောစာများ” ခေါင်းစဉ်နဲ့ ပြောဟောပါတယ်။

ဆရာ “အောင်ဝေး” က “လွမ်းမိတဲ့တရား” ခေါင်းစဉ်နဲ့ လူငယ်တွေ သင်္ခန်းစာယူကြဖို့ နမူနာအဖြစ်အပျက်တွေကို ကဗျာတွေစာတွေညှပ်ပြီး ယှဉ်ပြီး ဟောပါတယ်။
ကျနော်ကတော့ “ကဗျာဖတ်ရင် ရင်ဘတ်နဲ့ဖတ်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပါတယ်။ ကဗျာဆရာတွေက ရင်နဲ့ (သို့မဟုတ်) နှလုံးသား နဲ့ရေးတာကို ကဗျာဖတ်သူတွေကလည်း ရင်နဲ့ (သို့မဟုတ်) နှလုံးသားနဲ့ဖတ်မှ ခံစားလို့ရနိုင်ကြမှာဖြစ်ကြောင်း ပြောခဲ့ဟောခဲ့တာပါ။ အခမ်းအနားဟာ ညနေ (၅) နာရီကစပြီး ည (၁၂) နာရီမှာ ပြီးပါတယ်။
“နို့ဖိုးဒုက္ခသည်စခန်း” ဆိုတာ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ ကီလိုမီတာ (၂၀၀) ကျော်အကွာ၊ မြန်မာနိုင်ငံနယ်စပ်နဲ့ (၁၂) ကီလိုအကွာမှာရှိပါတယ်။ မဲဆောက်မြို့ကနေပြီး (၆) နာရီကြာ ကားစီးပြီးသွားကြရပါတယ်။ တောအထပ်ထပ်၊ တောင်စဉ်အထပ်ထပ်ကို ဖြတ်ကျော်ပြီး ခရီးနှင်ကြရ တာပါ။ တောင်ပေါ်ခရီးမှာ အကွေ့ပေါင်း တထောင်ကျော် ကွေ့ခဲ့ကြရပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းကို ၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုဆိုရင် ဒုက္ခသည်စခန်း သက်တမ်း (၁၀) နှစ်ကျော်ရှိပြီပေါ့။ ကျနော် တို့နိုင်ငံက လူမျိုးစုံပြည်သူတွေ ဒီဒုက္ခသည်စခန်းကို ရောက်လာမစဲ တသဲသဲပါပဲ။ ဒါတောင်မှ ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံသားဒုက္ခ သည်တွေ ၀င်မလာနိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးဟန့်တားထားတာပါ။ ဒုက္ခသည် နှစ်သောင်းကျော်ရှိပြီး အထက်တန်းကျောင်း၊ ဈေး၊ အားကစားကွင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၄) ကျောင်း၊ ဗလီ၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၊ ဆေးရုံ အစရှိသဖြင့် ဒုက္ခသည် တွေရဲ့ လူမှုရေးလိုအပ်ချက်တွေ ဖြည့်ဆီးပေးထားတာလည်း တွေ့ခဲ့ရပါတယ်။
တဲအိမ်လေးတွေ တခုနဲ့တခု ထိစပ်ပြီး တည်ရှိနေတဲ့ ဒီလိုအခြေအနေကို တွေ့ရတော့ ကြေကွဲတာတော့ အမှန်ပဲပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါစေ၊ ဇာတိပုညဂုဏ်မာနကို မချလိုက်ပဲ ဇွဲနဲ့ဆက်လက်ကိုင်ဆွဲ ချီတက်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို တွေ့ရလို့လည်း တဖက်ကဂုဏ်ယူကာ အားတက်ခဲ့ရပါသေးတယ်။ အခုလို “စာဆိုတော်နေ့” အခမ်းအနားမျိုးကို လူတထောင်နီးပါး တက် ရောက်တဲ့အထိ ကျင်းပနိုင်တာကိုကြည့်ရင်ပဲ ဘ၀ကို အညံ့မခံအရှုံးမပေးပဲ လူ့ဂုဏ်သိက္ခာ၊ လူ့အသိတရား မြင့်မားထွန်းကားရေး ကျိုးပမ်း နေကြတဲ့ သူတို့ကို ကျနော်လေးစားမိပါတယ်။
ဒုက္ခသည်စခန်းထဲကို လွန်ခဲ့တဲ့တနှစ်ကျော်ကတည်းကရောက်နေကြတဲ့ ကဗျာဆရာ “ခင်လွန်း”၊ ဆရာ “မြင့်အောင်သန့်” နဲ့ သူတို့အရင်ရောက်နှင့်နေကြတဲ့ စာပေမြတ်နိုးသူ ဆရာ “အာဘော်” တို့လို ပုဂ္ဂိုလ်တွေက စခန်းရဲ့တာဝန်ရှိသူ အဆင့်ဆင့်ကို ချဉ်းကပ်စည်း ရုံးပြီး “စာဆိုတော်နေ့” အခမ်းအနားဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ကြတာပါ။ ကျင်းပရေးကော်မီတီနာယကကြီးများက စခန်းရဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျင်းပရေးကော်မီတီမှာကြတော့ စာပေသမား၊ စာပေချစ်သူတွေ။ ကဗျာဆရာ “ခင်လွန်း” က အတွင်းရေးမှူးတဲ့။
ဒီအခမ်းအနားဟာ၊ နို့ဖိုးဒုက္ခသည်စခန်းရဲ့ ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ “စာဆိုတော်နေ့” အခမ်းအနားပါပဲ။ ဒါဟာ နို့ဖိုးဒုက္ခသည် စခန်းမှာရယ်လို့ ဟုတ်မယ်မထင်ပါဘူး။ ထိုင်းမြန်မာနယ်စပ်၊ ဒုက္ခသည်စခန်း (၉) ခုမှာရှိတဲ့အနက်၊ ဒီတကြိမ်ဟာ ဒုက္ခသည် စခန်းအားလုံးရဲ့ ပထမအကြိမ်ကျင်းပတဲ့ “စာဆိုတော်နေ့” အခမ်းအနားပဲဖြစ်တယ်လို့ ယူဆရပါလိမ့်မယ်။
စာရေးဆရာ၊ ကဗျာဆရာ ဧည့်သည် (၄) ဦးအတွက် “စာဆိုတော်နေ့” အခမ်းအနား ကျင်းပရေးကော်မီတီက စီစဉ်ပေးထားတဲ့ နေရာထိုင် ခင်းနဲ့၊ ကျွေးမွေးဧည့်ခံရေးအစီအစဉ်ကလည်း အဆင်ပြေပါတယ်။ ဆရာ “ရဲဘော်ရှောင်း” ဟာ ဒုက္ခသည်စခန်းထဲက သူ့သမီးဖြစ်သူဆီမှာ၊ တခါ ကဗျာဆရာမ “ခိုင်မာကျော်ဇော” က ရွာထဲက သူ့မိတ်ဆွေတွေဆီမှာ။ (ဆရာမက လွန်ခဲ့တဲ့ (၁၀) နှစ်က ဒီဒုက္ခသည်စခန်းထဲမှာပဲ ဒုက္ခသည်အဖြစ်နေထိုင်ခဲ့ရဖူးသူဖြစ်တယ်လို့ ဟောပြောပွဲညက ထည့်ပြောသွားခဲ့ပါတယ်။) ကျနော်နဲ့ ဆရာ “အောင်ဝေး” ကတော့၊ ကျင်းပ ရေးကော်မီတီကနေရာချထားပေးတဲ့ ကျင်းပရေးကော်မီတီ တာဝန်ခံဆရာ“အာဘော်” ရဲ့ယောက္ခမအိမ်မှာ။ (ကျနော်တို့ တည်းခိုနေ ထိုင်ခဲ့ စဉ်က ဆရာအာဘော်ရဲ့ယောက္ခမက၊ ခရီးထွက်နေလို့ အဲဒီအိမ်မှာ ဘယ်သူမှမရှိပဲ ကျနော်တို့တတွေ လွတ်လပ်ချမ်းမြေ့စွာ နေထိုင်ခွင့် ရခဲ့ပါတယ်။)
ဟောပြောပွဲညတုန်းက “လ”ရောင်ကို ထွက်ထွက်ကြည့်ရတာလည်း အမောပါပဲ။ ကျင်းပရေးကော်မီတီက စီစဉ်ပေးထားတဲ့၊ ခဏတဖြုတ် ထိုင်ပြီး အနားယူလို့ရတဲ့ ဘန်ဒါပင်လေးအောက်မှာ လရောင်ကိုမော့ကြည့်ပြီး၊ ခန်းမဆောင်ထဲက ဆရာ “အောင်ဝေး” ရဲ့ ဟောပြောမှုကို ကျနော်နားထောင်မိတယ်။ တက်ရောက်လာတဲ့ စာပေချစ်သူတွေ၊ ရဟန်းသံင်္ဃာတော်တွေရဲ့ စာပေချစ်စိတ်ဟာ အတိုင်းအဆမရှိ မြင့်မားလှပါတယ်။ နို့ဖိုးဒုက္ခသည်စခန်းကို ရောက်တဲ့အချိန်ကစပြီး၊ စခန်းက ပြန်လည်ထွက်ခွာတဲ့အချိန်အထိ၊ ဧည့်သည်တွေရဲ့ လိုအပ် သမျှကိစ္စအ၀၀ကို ဖြည့်ဆီးဆောင်ရွက်ပေးကြတဲ့ ဆရာ“၀မ်းသာ” ၊ ဆရာ “သစ္စာ”၊ အခမ်းအနားပြင်ဆင်မှုလုပ်ငန်းကို နေ့မအားညမအား ဆောင်ရွက်ပေးခဲ့ကြတဲ့ ပန်းချီဆရာလေး “ကိုတင်ကိုဦး” နဲ့ ဆရာလေး “ကိုဖြူဖွေး” အပါအ၀င်၊ ၀ိုင်းဝန်းကြိုးပမ်းကြသူအားလုံးအဖို့၊ “စာဆိုတော်နေ့” အခမ်းအနား လှပအောင်မြင်စွာကျင်းပလိုက်နိုင်လို့ ပင်ပန်းတဲ့ကြားက အမောပြေနိုင်ခဲ့ပြီလို့ပဲ ကျနော်ယူဆမိပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ ပထမအကြိမ်မြောက် “စာဆိုတော်နေ့” အခမ်းအနားညဟာ တကယ့်ကို လမင်း (၅) စင်းလင်းတဲ့ ညလို့ပဲ တင်စားပြောဆိုကြရမှာပါပဲ။
(လွန်ခဲ့တဲ့ ၂၀၀၈ ခု နို့ဖိုးဒုက္ခသည်စခန်း စာဆိုတော်နေ့အခမ်းအနား အမှတ်တရ။ အခုတော့လည်း အဲဒီစာဆိုတော်နေ့အခမ်းအနား ဦး ဆောင်ကျင်းပခဲ့ကြသူအများစုဟာ တတိယနိုင်ငံများကို ထွက်ခွာသွားနိုင်ကြပြီ ဖြစ်ပါတယ်။)

