>talk with Min Zin

>

မြန်မာ နှင့် နိုင်ငံတကာ ဆက်ဆံရေး
အင်တာဗျူး – နေသွင်/DVB
ဒီဇင်ဘာ ၅၊ ၂ဝ၁၁

မင်းဇင် (ဓာတ်ပုံ – မိုးမခ)


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် အနီးကပ် တွန်းအားပေးဖို့ ရည်ရွယ်တာအပြင် အာရှဒေသမှာ အမေရိကန်က တရုတ်ရဲ့ ဩဇာကို ချိန်ခွင်လျှာ ညှိချင်တာလည်း ပါတယ်လို့ နိုင်ငံတကာ ဆက်ဆံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာရှမှာ ပထ၀ီနိုင်ငံရေးအရ အရေးပါတယ်လို့ သတ်မှတ်ထားကြတဲ့ မြန်မာပြည်အနေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အားပြိုင်မှုထဲမှာ ကြားမညှပ်ဖို့ လိုတယ်လို့ သတိပေးတာတွေလည်း ရှိနေပါတယ်။

အမေရိကန်နိုင်ငံ ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့အတွက် ဆည်းပူးနေတဲ့ ကိုမင်းဇင်က မြန်မာနိုင်ငံအနေနဲ့ အမျိုးသား ညီညွတ်ရေးကို တည်ဆောက်နိုင်မှ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။

အမေရိကန်-မြန်မာ-တရုတ် ဆက်ဆံရေးနဲ့ အကျိုးအပြစ်တွေအပေါ် ကိုမင်းဇင်ကို မေးမြန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ် ၅၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံကို လာရောက်တယ်။ တချို့ကလည်း ဒါ စောသေးတယ်။ မြန်မာပြည်မှာ အပြောင်းအလဲတွေ မဖြစ်သေးဘူး။ မြင်ကြတာမျိုး ရှိပါတယ်။ အမေရိကန် ဘာလို့ ဒီအခြေအနေမှာ ရောက်လာသလဲ။

“နံပါတ် ၁ ကတော့ဗျာ – သမ္မတဦးသိန်းစိန် တက်လာပြီးနောက်မှာ အပြောင်းအလဲတွေ ရှိတယ်။ ဒီအပြောင်းအလဲတွေကလည်း အသိအမှတ်ပြုလောက်တဲ့ဟာတွေလည်း ရှိပါတယ်။ မျက်စိစုံမှိတ်ပြီးတော့ ငြင်းလို့တော့ မရဘူးပေါ့လေ။ လုံလောက်လား ဆိုတော့ မလုံလောက်သေးဘူး။ သူတို့ အာဏာပိုင်တွေ ကိုယ်တိုင်လည်း ပြောတာ ရှိပါတယ်။ မလုံလောက်သေးဘူး ဆက်လုပ်ရဦးမယ်ပေါ့လေ။ အများ စိုးရိမ်တာကတော့ ဒါဟာ ရေတို သူတို့ လိုချင်တာလေးတွေ ရအောင်လို့ လှည့်ဖျားတာလား ဆိုပြီး စိုးရိမ်တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ဒါကို ကျနော်တို့က စောင့်ကြည့်တဲ့ သဘောထားမျိုးနဲ့ နေမယ့်အစား ပိုပြီး ခိုင်မာလာတဲ့ အကြောင်းတရားဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာကို အားလုံးက ၀ိုင်းစဉ်းစားရမှာပေါ့လေ။ ဒီစဉ်းစားချက်ပေါ်မှာ မူတည်ပြီးတော့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရကို ဆက်သွယ်ဆောင်ရွက်တဲ့ သဘောလို့ ကျနော်ထင်ပါတယ်။

“ဒေသတွင်းအခြေအနေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးဟာလည်း သိပ်ကို အရေးကြီးပါတယ်။ ဒီဆက်ဆံရေးဟာ တရုတ်ကို အမေရိကန်က ထိန်းထားနိုင်ဖို့ အရေးကြီးတဲ့ ဆက်ဆံရေးပါ။ ဒီဆက်ဆံရေးဟာ အကြောင်း အမျိုးမျိုးကြောင့် ပျက်ခဲ့ပါတယ်။ ပျက်ခဲ့တဲ့ အကြောင်း အမျိုးမျိုးထဲမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းကို ဦးစားပေးနေရတာတွေ၊ အာဖဂန်နစ္စတန်တို့ကို ဦးစားပေးနေရတာတွေ ပါသလိုပဲ မြန်မာပြည်ကိစ္စလည်း ပါပါတယ်။ ကလင်တန်ရဲ့ ဒုတိယသက်တမ်း၊ ဘုရှ်ရဲ့ သက်တမ်း ၂ ခုပေါ့။ ၁၂ နှစ်လောက် တော်တော်လေးကို အမေရိကန်က အာရှမှာ ကင်းကွာသလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခု အမေရိကန်က အရှေ့ အလယ်ပိုင်းတို့၊ အာဖဂန်နစ္စတန်တို့ကို လျှော့ပြီးတော့ အာရှဘက်ကို နည်းနည်း ဦးလှည့်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ မြန်မာပြည်နဲ့လည်း ရှင်းဖို့ လိုတယ်။ ဒါကြောင့် မြန်မာပြည် ပြဿနာကြောင့် အာဆီယံနဲ့ ဆက်ဆံရေးမှာ ဆူးငြောင့်ခလုတ် မဖြစ်ဘဲ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ချင်တာလည်း ပါပါတယ်။ ဒါကတော့ ပထ၀ီနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပါတယ်။”

အာရှကို ပြန်လှည့်လာတယ်ဆိုတော့ အာရှမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေက ဘာတွေဖြစ်မလဲခင်ဗျ။ မြန်မာပြည်က ဘယ်လိုပတ်သက်နေလဲ။

“အာရှက စီးပွားရေးအရဆို အချက်အချာကျတဲ့ ဒေသဖြစ်လာတယ်။ နောက်ပြီးတော့ မဟာဗျူဟာအရ လုံခြုံရေး၊ စစ်ရေးအရကြည့်မယ် ဆိုရင် အာရှမှာ တကယ်ကို အရေးပါတဲ့ တရုတ်။ တရုတ်ဟာဆိုရင် တကယ့်ကို အင်အားကြီးနိုင်ငံ ဖြစ်ဖို့အတွက် တာစူနေတာဖြစ်ပါတယ်။ အဲ့တော့ အမေရိကန်ရဲ့ အကျိုးစီးပွားက အာရှမှာ အများကြီး ရှိတယ်။ အဲ့တော့ မြန်မာပြည်က ဘယ်လိုပတ်သက်လဲ ဆိုတော့ တရုတ်မှာက လာမယ့်နှစ်တွေအတွင်းမှာ ဒီ သမုဒ္ဒရာ ၂ ခုလုံးကို စိုးမိုးရေးဆိုတဲ့ မဟာဗျူဟာ ရှိပါတယ်။ တခုက ပစိဖိတ် သမုဒ္ဒရာကို စိုးမိုးရေး။ နောက်တခုက အိန္ဒိယ သမုဒ္ဒရာကို စိုးမိုးရေးပါ။ အိန္ဒိယ သမုဒ္ဒရာကို စိုးမိုးရေး ဆိုတာ အဓိကကျတဲ့ လမ်းကြောင်းတခုကတော့ မြန်မာပြည်ကို ဖြတ်မှဖြစ်မှာပါ။ မြန်မာပြည်ကို မဟာဗျူဟာအရ တရုတ်က ထိန်းထားနိုင်တယ် ဆိုရင် တရုတ်ရဲ့ သမုဒ္ဒရာ ၂ ခု စိုးမိုးရေး ဆိုတဲ့ မဟာဗျူဟာက အောင်မြင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ကရော၊ အိန္ဒိယကရော၊ အာဆီယံနိုင်ငံတွေကရော မြန်မာပြည်ကို တရုတ်ရဲ့ရင်ခွင်ထဲကနေ ဆွဲပြီးတော့ အာဆီယံရင်ခွင်ထဲမှာ ပြန်ထားရေးဟာ သူတို့ရဲ့ အဓိကကျတဲ့ မဟာဗျူဟာကြီးဖြစ်ပါတယ်။”

အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်တာက ဦးသိန်းစိန် အစိုးရအတွက်က သူတို့ ဘာတွေများ မျှော်လင့်နေလဲ အမေရိကန်ဘက်က နေပြီးတော့မှလေ။

“အဓိကကတော့ နိုင်ငံခြားရေးမူဝါဒမှာ ရွေးချယ်စရာ ပိုရှိလာတယ်ဆိုရင် ကောင်းတာပေါ့။ အခုက တရုတ်နဲ့ပဲ အားကိုးရတော့၊ တရုတ်ကိုပဲ မှီခိုရတဲ့အခါကျတော့ တရုတ်က စီးပွားရေးအရလည်း ကျွန်ပြုသလိုပဲ ဆက်ဆံတယ်။ တချို့လုံခြုံရေးကိစ္စတွေမှာလည်း တရုတ်က တဖြည်းဖြည်း ပိုပြီးတော့ အတင့်ရဲလာပြီးတော့ အနိုင်ကျင့်တာတွေ လုပ်လာတယ်။ ဥပမာ ကျနော် သိသလောက်ဆိုရင် တရုတ်ပညာရှင် အချို့နဲ့ စကားပြောကြည့်သလောက်ဆိုရင် မြစ်ဆုံကိစ္စ ဗမာပြည်မှာ သွက်သွက်ခါ ဖြစ်နေတဲ့အချိန်မှာ မြန်မာအစိုးရကနေ တရုတ်အစိုးရကိုရော၊ စီပီအိုင်ကုမ္ပဏီကိုရော ချဉ်းကပ်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့ဆိုပြီးတော့ တောင်းဆိုတာ ရှိပါတယ်။ ဒီကိစ္စကို တရုတ်အစိုးရကရော စီပီအိုင် ကုမ္ပဏီကပါ လျစ်လျူရှုခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဦးသိန်းစိန် အစိုးရကနေပြီးတော့ ရပ်လိုက်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်သွားတာပေါ့။ ဒါတွေက ဘာကိုပြောနေတာလဲဆိုရင် တရုတ်က မြန်မာတွေကို လေးစားမှုနဲ့ မဆက်ဆံဘူး။ တန်းတူ မဆက်ဆံဘူး။ အဲ့လိုမျိုးဖြစ်လာတာ သိပ်များလာတဲ့အခါမှာ မြန်မာစစ်တပ် အဆက်ဆက်ကလည်း တရုတ်နဲ့ ပတ်သက်ရင် အမြဲ သံသယရှိခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်ရင် အမြဲ သံသယ ရှိခဲ့တာက ကျနော်တို့ ပြည်တွင်းစစ် တလျှောက်မှာ ရှိခဲ့တဲ့ အတွေ့အကြုံအရပါ။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့က အခုချိန်မှာ တရုတ်ကို မှီခိုမှုလျှော့ချပြီးတော့ ကျန်တဲ့ ရွေးစရာတွေကို လုပ်ဖို့ စဉ်းစားတဲ့ အခါမှာ အမေရိကန်က သူတို့အတွက် အကောင်းဆုံးဖြစ်တယ်။ တောက်လျှောက်ကလည်း မြန်မာစစ်တပ် အဆက်ဆက်ကလည်း ဖြစ်နိုင်မယ် ဆိုရင် အမေရိကန်နဲ့ ပြေလည်ချင်တယ်။ အထင်ကြီးတယ် ဆိုတာလည်း တောက်လျှောက် သိခဲ့တာ။ ချုပ်ပြောရမယ် ဆိုရင်တော့ မြန်မာအစိုးရဘက်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တယ်လို့ ကျနော်မြင်ပါတယ်။

အောက်ခြေက သာမန်လူတွေကြားထဲမှာက ကလင်တန် ဆိုတာကို ဘယ်သူလဲ ဆိုတာတောင် မသိကြဘူး ဆိုတာမျိုး ပြောတယ်ပေါ့လေ။ ဆိုလိုတာက အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး အပေါ်မှာ ဖြစ်နေတဲ့ နိုင်ငံတကာ ဆက်ဆံရေးက အမေရိကန်နဲ့ မြန်မာ နီးလာတယ်။ တရုတ်ဆီက ဆွဲထုတ်တယ် စသည်ဖြင့်ပေါ့လေ။ ဒီလိုမျိုး နိုင်ငံတကာ ဆက်ဆံရေး ပြောင်းလာတာက သာမန်ပြည်သူတွေအတွက် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ဖြစ်လာဖို့ မျှော်လင့်လို့ ရနိုင်လဲ။

“အဓိကကတော့ဗျာ – အစိုးရ တခုအနေနဲ့ နိုင်ငံတကာမှာ ၀င်ဆံ့တာ ဒေသတွင်း အဖွဲ့အစည်းတွေမှာ သိက္ခာရှိရှိ ၀င်ပါနိုင်တာ ကောင်းတဲ့ လက္ခဏာတွေပါပဲ။ အဲ့လိုဖြစ်လာရင် စီးပွားရေးတွေ လမ်းပွင့်လာမယ်။ ပညာရေး၊ ယဉ်ကျေးမှု စသည်ဖြင့် နယ်ပယ်တွေမှာ ပိုပြီး လမ်းပွင့်လာမယ်။ လမ်းတွေ ပွင့်လာရင် အကျိုးကျေးဇူးတွေကို ပြည်သူတွေလည်း ခံစားရမှာဖြစ်ပါတယ်။ ဥပမာ ဆိုပါတော့ တရုတ်နဲ့ နီးစပ်တော့ ပြည်သူတွေ ဘာရလဲ ဆိုတော့ ၂၀၀၇ တို့၊ ၈၈ တို့ နောက်ပိုင်း အရေးအခင်းတွေ ဖြစ်တဲ့အခါမှာ စစ်တပ်က လူထုကို သတ်ဖြတ်တဲ့အခါ၊ တိုင်းရင်းသားတွေကို သတ်ဖြတ်တဲ့အခါ တရုတ်ကလက်နက်တွေ အသုံးပြုတာ။ တရုတ်က ဘယ်နှခေါက်များ ဘုန်းတော်ကြီးသင် ပညာရေးတို့ နာရေးကူညီမှု အသင်းတို့ကို လှူတာ ပေးတာများ ကြားဖူးလဲ၊ ဒါမျိုးပေါ့ဗျာ။ ကိုယ် ဘယ်နိုင်ငံနဲ့ ပတ်သက်လဲ။ ကိုယ်ပတ်သက်တဲ့ နိုင်ငံရဲ့ လက္ခဏာပေါ် မူတည်ပြီး လူထုက အကျိုးကျေးဇူးရမှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပတ်သက်မယ်၊ ရင်းနှီးမယ် ဆိုရင် သူတို့နဲ့ နှီးနွယ်တဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အလေ့အထတွေ အများကြီးရမှာ ဖြစ်ပါတယ်။”

တရုတ်နဲ့ မြန်မာက တောက်လျှောက် ဆက်ဆံရေးလည်း ကောင်းခဲ့တယ်။ တရုတ်က မြန်မာပြည်က လိုချင်တာတွေ အကုန်လုံး ရသလိုတောင် ဖြစ်ခဲ့တာပေါ့လေ။ ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် အခုလိုမျိုး မြန်မာဘက်က ဆက်ဆံရေးပုံစံတွေ ပြောင်းလာမယ် ဆိုရင် တရုတ်ဘက်က ရန်လိုတဲ့ သဘောမျိုးတွေ ဒီအန္တရာယ်တွေ အပေါ်မှာရော စိုးရိမ်စရာမျိုးတွေ မရှိနိုင်ဘူးလား။

“ရှိနိုင်ပါတယ်။ အခုတောင်မှ တရုတ်က Global Times တို့လို တရုတ်အစိုးရ အာဘော် ထင်ဟပ်တဲ့ သတင်းစာတွေမှာ ဒီကိစ္စကို စိုးရိမ်ကြောင်း ပြောဆိုတာတွေ လုပ်လာတယ်။ အဲ့မတိုင်ခင် ၂၀၀၉ခုနှစ်တုန်းကလည်း ရှန်ဟိုင်းမှာ ထင်ရှားတဲ့ ဖူဒန် (fudan) တက္ကသိုလ်က ပညာရှင်တယောက်က နေပြီးတော့ ၂၀၀၉ခုနှစ်မှာ အိုဘားမားကနေပြီးတော့ အဆင့်မြင့် အရာရှိကြီး တချို့လည်း ပါတယ်၊ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ဆက်ဆံရေးနည်းလမ်းတွေ ရှာတဲ့အခါမှာ တရုတ်ကနေ စိတ်ပူပြီးတော့ ဒီအမေရိကန် အစိုးရကို ဖူဒန်တက္ကသိုလ်က ပညာရှင်က စာတမ်းရေးပြီးတော့ သတိပေးပါတယ်။ မြန်မာပြည်ကိစ္စကို ၀င်မစွက်ဖို့၊ မြန်မာပြည်ဟာ တရုတ်ရဲ့ နောက်ဖေးခြံဖြစ်တယ်၊ ဒါကြောင့် တရုတ်ဟာ သူ့ရဲ့ အကျိုးစီးပွားတွေကို အထိမခံနိုင်ဘူး၊ အမေရိကန်အနေနဲ့ မြန်မာပြည်ကိစ္စကို ၀င်ပါချင်တယ် ဆိုရင်တော့ စီးပွားရေးလောက်ပဲ ၀င်ပါဖို့ လိုတယ်၊ အဲ့လိုမဟုတ်ဘူး ဆိုရင်တော့ ဒေသတွင်းမှာ အားပြိုင်မှုတွေ ဖြစ်လာနိုင်မယ် ဆိုပြီးတော့ တရုတ်ပညာရှင်တွေဟာ အစောကြီးကတည်းက အမေရိကန်ကို သတိပေးခဲ့တာတွေ ရှိပါတယ်။ တရုတ်ဘက်ကတော့ ဒါမျိုး စိတ်ပူမှာ အမှန်ပါပဲ။ လွန်ခဲ့တဲ့ နိုဝင်ဘာလ လလယ်လောက်က ထင်တယ် ၀ါရှင်တန်ပို့စ်သတင်းစာမှာ မြန်မာနိုင်ငံအစိုးရ သမ္မတရုံးက အရာရှိတယောက်က ဆောင်းပါးရေးပါတယ်။ အဲ့ဒီဆောင်းပါးမှာ ဘာရေးထားလဲ ဆိုတော့ အာရှဒေသဟာ အရေးပါတယ်၊ ဒီဒေသမှာ ခေါင်းဆောင်လာမှု အားကောင်းလာမှုဟာလည်း အရေးပါတယ်။ ဒါကြောင့်မို့ အမေရိကန်နဲ့ အနောက် နိုင်ငံတွေအနေနဲ့ တရုတ်ကိစ္စကို ဖြေရှင်းဖို့ ဆိုရင် မြန်မာနိုင်ငံကို လိုအပ်တယ် ဆိုတဲ့ သဘောမျိုး သူကရေးပါတယ်။ ဒီလိုမျိုး ရေးတာမျိုးဟာ တဖက်ကကြည့်မယ်ဆိုရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို မျက်စပစ်တာ မှန်ပေမယ့် တကယ်တမ်းကြတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာ အများကြီး ထိခိုက်စေနိုင်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ရေတိုဆန်တဲ့ အမြင်မျိုးနဲ့ပေါ့လေ။ တနိုင်ငံကို ပြေးကပ်လိုက်။ နောက်တနိုင်ငံကို ခြေစုံကန်လိုက်တော့ လုပ်လို့ မရပါဘူး။ နောက် ပထ၀ီနိုင်ငံရေးအရ ကျနော်တို့က တရုတ်ကို balance လုပ်တာမျိုး။ ထိန်းချုပ်တာမျိုး ချိန်ခွင်လျှာ ညှိသလို လုပ်လို့ မရပါဘူး။ ကျနော်တို့ လုပ်နိုင်တာ တခုပဲ ရှိပါတယ်၊ အဲ့ဒါဘာလဲ ဆိုတော့ ကျနော်တို့ နိုင်ငံခြားရေး မူဝါဒမှာ ရွေးချယ်စရာတွေကို များသထက်များအောင် လုပ်ရမယ်၊ ဒါကြောင့်မို့ ကျနော်ထင်တယ်၊ ပညာရှင်တွေရော သတင်းစာဆရာတွေရော နိုင်ငံရေးသမားတွေရော အခုချိန်မှာ ပြောတာ ဆိုတာ သုံးနှုန်းတာ ဂရုစိုက်ဖို့ လိုပါတယ်။ ထိန်းချုပ်တာမျိုး ချိန်ခွင်လျှာ ညှိတာမျိုး သိပ်ကိုဇောင်းပေးပြီး ပြောမယ် ဆိုရင် တရုတ်အတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပြီးတော့ မလိုလားအပ်တဲ့ စွက်ဖက်မှုတွေ ဖြစ်နိုင်ပါတယ်။ အန္တရာယ်များတယ်ပေါ့လေ။”

မြန်မာပြည်က လွတ်လပ်ရေး ရပြီးကတည်းက ပြောနေတာ ရှိတယ်။ ကြားနေ၀ါဒဆိုတာ။ ဒါပေမယ့် လက်တွေ့မှာ ကြားနေ ဆိုတာထက် တရုတ်နဲ့ ပိုနီးခဲ့တာလည်း ရှိတဲ့အခါကျတော့ အခု အစိုးရသစ်အနေနဲ့ ဘယ်လိုမျိုး နိုင်ငံခြား ဆက်ဆံရေးပုံစံကို လုပ်သင့်တယ်လို့ ထင်ပါသလဲ။

“မြန်မာနိုင်ငံအနေနဲ့ ပထ၀ီ နိုင်ငံရေးအရ အင်မတန်မှကို အကဲဆတ်တဲ့နေရာမျိုး၊ အတိမ်းအစောင်း မခံတဲ့နေရာမျိုး ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဦးနုက ပြောခဲ့ဖူးပါတယ်။ မြန်မာပြည်ဟာ အိန္ဒိယနဲ့ တရုတ်အကြားမှာ နေရတဲ့အတွက် ဆူးကြားက ဘူးလိုပဲလို့ ပြောခဲ့တာ ရှိပါတယ်။ အတိမ်းအစောင်း မခံဘူး။ တခုခုမှားတာနဲ့ ဒုက္ခရောက်သွားနိုင်တယ် ဆိုတော့ ဒီလိုမျိုး အင်အားကြီးနိုင်ငံတွေရဲ့ ဘေးမှာနေရတဲ့ တိုင်းပြည်ငယ်ဟာ အဓိက သူ့ရဲ့ လိုအပ်ချက်က အချက်သုံးချက်ပေါ့။ အဓိကကတော့ အုပ်စိုးတဲ့သူတွေ၊ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်း ဦးဆောင်တဲ့သူတွေ ပညာတတ်တွေ၊ အကုန်လုံးက တူညီတဲ့ သဘောထားတွေ ရှိရမယ်။ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု၊ အမှီအခို ကင်းကင်း ရပ်တည်မယ် ဆိုတာမျိုးပေါ့။ နောက်တခုက နိုင်ငံတကာက လက်ခံနိုင်တဲ့၊ နိုင်ငံတကာ ၀င်ဆံ့နိုင်တာမျိုး ရှိရမယ်။ အရေးကြီးဆုံးကတော့ ရှေ့က ရပ်တည်ချက်သဘောထား ဘယ်လောက်ပဲ မှန်မှန်၊ နိုင်ငံတကာမှာ ဘယ်လောက်ပဲ မျက်နှာရရ၊ တိုင်းပြည်မှာ အမျိုးသားညီညွတ်ရေး မရှိဘူးဆိုရင် အဲဒီတိုင်းပြည်ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် ပြိုကွဲသွားနိုင်တယ်။ ချုပ်ပြောမယ် ဆိုရင် မြန်မာပြည် အနေအထားက ဗီယမ်နမ်နိုင်ငံနဲ့ သွားတူနေပါတယ်။ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ ဩဇာ၊ စွက်ဖက်မှု၊ ခြိမ်းခြောက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ခံခဲ့ရတယ်။ အဲလိုနိုင်ငံမျိုးဟာ အမှီအခို ကင်းကင်း နေနိုင်ဖို့ ဆိုတာ အမျိုးသားညီညွတ်ရေး တည်ဆောက်ဖို့ ကိစ္စပါ။ နိုင်ငံတကာမှာ ဒီမိုကရေစီရအောင် ဦးတည်ချက် တခုတည်းနောက်ကို ကွက်ပြီး လုပ်လို့ရှိရင် ဒေသတွင်းနိုင်ငံတွေရဲ့ အားပြိုင်မှုထဲမှာ ကြားညှပ်သွားနိုင်တယ်။ အဲ့တော့ အရေးအကြီးဆုံးက အမျိုးသားညီညွတ်ရေး၊ အမျိုးသားစည်းလုံးရေးကို လုပ်ရမယ်။ အထူးသဖြင့် မြန်မာပြည်လိုမျိုး တိုင်းရင်းသား ပဋိပက္ခတွေ၊ ပြည်တွင်းစစ် သက်တမ်းရှည်တဲ့ နိုင်ငံမျိုးမှာ အမျိုးသားညီညွတ်ရေးကို တကယ် မလုပ်နိုင်ဘဲနဲ့ နိုင်ငံတကာ ၀င်ဆံ့အောင်၊ အာဆီယံဥက္ကဋ္ဌ ဖြစ်ရုံလောက် ကွက်ပြီး လုပ်မယ်ဆိုရင် ကျနော်တို့က အလားအလာ မကောင်းဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။”

မူရင်း – ဒီမိုကရက်တစ်မြန်မာ့အသံ http://burmese.dvb.no/