>Maung Yit – Editor’s Hand Written Notes # 5

>

အယ်ဒီတာ့လက်ရေး(၅)
မောင်ရစ်၊နိုဝင်ဘာ ၂၆၊ ၂၀၁၁
ကိုယ်တိုင်လည်း ရေးချင်၊သူများတွေလည်း ရေးစေချင်တဲ့ အကြောင်းအရာတွေ၊ ပြောဖြစ်တာတွေကိုအတိုချူံးမှတ်စုတို ထုတ်ထားတယ်။ ပြီးတော့ မရေးဖြစ်တဲ့ အကြွေးတွေ ဖြစ်ကုန်တယ်။သည်တော့ ဒီအခွင့်အရေးကို ယူပြီး ပရိသတ်ကို တင်ပြလိုက်ပါတယ်။

ကလေး၊ ဆယ်ကျော်သက်နဲ့ လူငယ်များအတွက်ကူညီကာကွယ်ရေးကွန်ယက်
လွန်ခဲ့တဲ့ တပတ်က စင်္ကာပူမှာကလေးမလေးတဦးက ကိုယ့်အသက်ကို အဆုံးစီရင်သွားတယ်။ မယုံနိုင်လွန်းလို့သတင်းကို မတင်ရက်ဘူး။ ကိုဝင်းလက်က သတင်းကို အခြားဝက်ဆိုက်တခုကို ကိုးကားပြီးတင်တယ်။ ကလေးမလေးဓာတ်ပုံကို မိုးမခမှာ မတင်ရက်တာနဲ့ ပုံကိုတော့ဖယ်လိုက်မိတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း ကလေးမလေးတဦး သူ့ကိုယ်သူအဆုံးစီရင်သွားတယ်။ စင်္ကာပူမှာပဲ။ အချစ်ရေးပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊ဘာအရေးပဲဖြစ်ဖြစ် မြန်မာကွန်မြူနီတီဟာ မိမိရင်သွေးတွေကို စောင့်ရှောက်ရေး၊တိုင်ပင်ဆွေးနွေးရေး၊ ကာကွယ်ထိန်းသိမ်းရေးကွန်ယက်၊ ၀က်ဆိုက်၊ တယ်လီဖုံးလိုင်း၊အီးမေးအဖွဲ့၊ အတိုင်ပင်ခံစေတနာရှင်တွေ လုပ်အားပေးတွေ လိုနေပြီ။ ကိုယ်ထူကိုယ်ထစလုပ်ကြမှ ဖြစ်တော့မယ်။
အမေရိကန်က ကျောင်းတွေမှာကလေးတွေအချင်းချင်း အနိုင်ကျင့်တာ၊ စော်ကားတာတွေ ကာကွယ်ဖို့ လုပ်ငန်းတွေ၊အဖွဲ့တွေထားတယ်။ ပြသနာရှိရင် ဆွေးနွေးပါလို့ ဖိတ်ခေါ်တယ်။ မိဘကို မပြောနိုင်ရင်ဆရာကိုပြော၊ ၀န်ထမ်းကိုပြော၊ ဆရာဝန်တွေ၊ ဘာသာရေးဆရာတွေ ပြောပါလို့ ပြောတယ်။တိုက်တွန်းတယ်။ မဟုတ်ရင် ကလေးတွေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်။သိပ်ဆိုးဝါးလာရင် ကိုယ့်ပတ်ဝန်းကျင် မိသားစုကို ရန်ရှာသတ်ဖြတ်မယ်။ ပြီးမှအဆုံးစီရင်မယ်။ ကွန်မြူနီတီတခုလုံး မိသားစုတွေ ချစ်ခင်သူတွေနဲ့အတူနစ်နာဆုံးရှုံး ကြေကွဲရပါတယ်။
အားနည်းသူတွေ နစ်နာသူတွေကိုစကားပြောခွင့်ပေးဖို့၊ နားထောင်ဖို့၊ အားပေးစာနာ ကုစားဖို့၊ဆက်လက်ရှင်သန်ဖို့ ပတ်ဝန်းကျင်က အားပေးကူညီဖို့ လိုပါတယ်။ ကျနော်တို့ဝိုင်းကြပါ။

မိမိပတ်ဝန်းကျင်မှာစေတနာ့ဝန်ထမ်းလုပ်အားပေးတွေ လုပ်ကြဖို့
            ဆယ်ကျော်သက်ကလေးတွေအတွက်မိမိပတ်ဝန်းကျင်နဲ့ ဆက်စပ် ပတ်သက်ဖို့ ကွန်မြူနီတီအလုပ်တွေမှာလုပ်အားပေးကြဖို့ လုပ်အားပေးစေတနာဝန်ထမ်းအဖွဲ့တွေက ကျောင်းတွေကိုလာဆက်သွယ်တယ်။ အသင်းဝင်ခိုင်းတယ်။ စနေ တနင်္ဂနွေမှာ သူတို့ အစီအစဉ်တွေကိုဖိတ်ခေါ်တယ်။ အမေရိကန်က အထက်တန်းကျောင်းတွေမှာ ပြောတာပါ။
            သူတို့တွေလုပ်တာတွေကအပင်တွေစိုက်၊ အမှိုက်တွေ ကောက်၊ သိပံ္ဗပြခန်းတွေမှာ လုပ်အားပေး၊ ချိုတဲ့တဲ့ကလေးတွေအတွက် စာကိုပြတာ၊ မုန့်လိုက်ကျွေးတာတွေကအစ ပတ်ဝန်းကျင်မြို့နယ်တွေကအခြားစေတနာဝန်ထမ်းလုပ်ငန်းတွေမှာ သွားပြီး လုပ်အားပေးကြတယ်။
            မြန်မာပြည်မှာဘုန်းကြီးတွေ၊ ခရစ်ယာန်ကျောင်းတော်တွေမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးအလုပ်တွေလုပ်ကြလေ့ရှိတယ်လို့ ပြောပါတယ်။ သစ်ပင်စိုက်တာ၊ ဘေးဒုက္ခရောက်နေတဲ့ နေရာတွေကိုသွားရောက် လုပ်အားပေးတာ၊ လေ့လာတာ၊ ပြီးတော့ သူတို့အတွေ့အကြုံတွေ ပြန်ပြောတာ၊စာရေးတာ၊ ထုတ်ဖော်တာတွေ တိုးမြှင့်ပြီး လုပ်ကြရမယ် ထင်ပါတယ်။

ဧရာဝတီကို ကယ်နေစရာ မလိုတော့ဘူးလား
            ယခင်တပတ်ကဘေးဧရိယာက Save Irrawaddy SF လှုပ်ရှားမှုအဖြစ် ဟောပြောပွဲ ဆွေးနွေးပွဲကလေး တခုမြန်မာကွန်မြူနီတီက စိတ်ဝင်စားသူလုပ်အားပေးတွေနဲ့ ကျင်းပဖြစ်တယ်။ မိုးမခကလည်းပြန်ကြားရေးနဲ့ ကြော်ငြာကဏ္ဍမှာ ၀င်ပါတယ်။ စက်တင်ဘာ ၃၀မှာ သမ္မတကြီးသိန်းစိန်ကမြစ်ဆုံကိုရပ်လိုက်တာနဲ့ ပြီးပြီလားဆိုပြီး အထင်အမြင်ရှိသူတွေအဲသည်ဆွေးနွေးပွဲက ရုပ်သံပြန်ထုတ်တာကို ကြည့်ရှုအားပေးသင့်ပါတယ်။
            ပြည်တွင်းကလူတွေတော့မသိဘူး၊ ပြည်ပကလူတွေက မြန်မာပြည်က ဧရာဝတီအရေး၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲအရေး၊ဘာအရေး၊ ညာအရေးဖြစ်ဖြစ် “အင်း … လူတွေက လုပ်ချလိုက်ပြန်ပြီ” လားဆိုတဲ့မျက်ခုံးလေးမြှင့်ပြီး ကြည့်ကြတယ်။ မြန်မာပြည်ဟာ ယခင်တုန်းကလိုကန့်လန်ကာနောက်ကွယ်မှာ အမြဲနေမှာမဟုတ်တော့ ပြည်ပကလူတွေလည်း ကိုယ်တိုင်မျက်ဝါးထင်ထင် မြန်မာပြည်အခြေအနေတွေကို မြင်ကြ သိကြဖို့ အခွင့်တွေ ပွင့်နေပြီထင်ပါတယ်။
            အဲသည်လိုအခြေအနေမှာ အခုလို မြန်မာပြည်သူတွေအချင်ချင်းနဲ့ ပညာရှင်တွေ၊ပြောရေးဆိုခွင့်ရှိသူတွေ များများ ဆွေးနွေး ဟောပြောပွဲတွေ လုပ်ကြဖို့တိုက်တွန်းရမယ် ထင်တယ်။ ပြည်တွင်းမှာလည်း လုပ်ငန်းရှင်များအသင်းအသီးသီးကပညာရှင်ဆွေးနွေးပွဲတွေလုပ်နေခဲ့ကြတာ နှစ်ချီနေပြီလေ။ ပြည်ပမှာလည်းကွန်မြူနီတီကလည်း ဆွေးနွေးပွဲတွေ လုပ်သင့်တယ် မထင်ဘူးလား။

မြန်မာပြည်ရဲ့ အနက်ကြီး ၆ နက်၊ အခက်ကြီး ၆ခက် ပြီးတော့ လူထုရဲ့သီလ
နိုဝင်ဘာ ၁၈ မှာ အင်န်အယ်ဒီကပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်တယ်။ နိုဝင်ဘာ ၂၄ မှာ မှတ်ပုံတင်ဖို့ဖွဲ့စည်းမှုကို စတင်ပြီး နေပြည်တော်မှာ မှတ်ပုံသွားတင်တယ် လို့ပြောပါတယ်။အဲသည်နိုင်ငံတော်ရဲ့ ထူးခြားတဲ့ အပြောင်းအလဲကာလမှာ ရန်ကုန်အခြေစိုက်နိုင်ငံရေးထုတ်ဖော်ပြောဆိုသူ ကိုအောင်မျိုးထွန်းက အနက်ကြီး ၆ နက်ကိုသူ့အီးမေးနဲ့ ဖေ့စ်ဘွတ်ကနေ ထုတ်ပြောတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ NLDပါတီကို မဲပေးခဲ့ကြတာလည်း တခဲနက်
CRPP ကို ဖွဲ့ တုန်းကလည်း တခဲနက်
၂၀၀၈ ဖွဲ့ စည်းပုံဆန္ဒခံယူပွဲမှာလည်း တခဲနက်
ရွှေဂုံတိုင်ကြေညာချက်တုန်းကလည်းတခဲနက်
၂၀၁၀ ရွေးကောက်ပွဲမယ် ကြံ့ဖွံ့ပါတီ အောင်ပွဲခံပြန်တော့လည်း တခဲနက်
အခုနောက်ဆုံးပေါ် “တင်/၀င်”  ဇာတ်တော်ကြီးမှာလည်း တခဲနက် လို့ ရေးထားတယ်။ အဲသည် ၆နက်ထဲမှာ ၃ နက်ထဲမှာ သင်ပါတယ်ဆိုရင် သင့်မှာ ပြသနာရှိပြီ၊ ပုံမှန်မဟုတ်ဘူးလို့ ရေးထားတယ်။
ဒါကိုနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အနေအထားကနေပြန်ကြည့်မိတော့ ဒါတွေဟာ သူတို့တွေကိုယ်တိုင်လည်းအခက်ကြီး ၆ ခက်နဲ့ ကြုံခဲ့ကြတာပဲလို့ တွေးမိပြန်တယ်။ ၉၀မှာ ပြည်သူကတခဲနက်ထောက်ခံခဲ့တော့ အခက်အခဲတွေကို ရင်ဆိုင်ပြီး စွန့်လွှတ်စွန့်စားသူကျောင်းသားလူငယ်တွေဟာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဆက်လက်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်။အဲသည်အနက်တိုင်းမှာ ဒီအရေးအခင်းတွေကို နိုင်ငံရေးလှုပ်ရှားသူတွေဟာ အခက်အခဲတွေဖိနှိပ် ချေမှုန်းမှုတွေ အတိုက်အခိုက်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာချည်းပဲလို့မြင်မိပါတယ်။
နောက်တချက်တွေးမိတာကတော့နိုင်ငံရေးတိုက်ပွဲထဲမှာ တိုက်ရိုက်ဝင်ရောက် ရုန်းကန် ရှင်သန်လှုပ်ရှားနေသူတွေက လူနည်းစုပါ။ သူတို့မှာ အခက်အခဲတွေကို ရင်ဆိုင်ပြီးယုံကြည်ချက်အတွက် ရပ်တည်ကြရသူတွေပါ။ နေုာက်လူများစုကြီးကတော့ ဒီမိုကရေစီကိုလိုလားသူ၊ အမှန်တရားနဲ့ တရားမျှတမှုကို မျှော်လင့်သူ လူထုပရိသတ်ကြီးပါ။လူထုကတော့ နေရာတိုင်း ဒေါင့်တိုင်းမှာ တိုက်ရိုက်ဝင်ရောက် ပတ်သက်လုပ်ကိုင်နိုင်ခြင်းမရှိသော်လည်း လူထုက သူတို့ရဲ့ နောက်ကနေ အမြဲတမ်း အစဉ်အမြဲ ထောက်ခံရပ်တည်လျက်ရှိတယ်လို့ ထင်မြင်မိပါတယ်။
လူထုဟာ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ချုပ်ချယ် ကန့်သတ်ခြင်း ခံထားရသော အားနည်းသူ လူများစုကြီးဖြစ်သော်လည်း သူတို့ရဲ့သီလကတော့ ဒီမိုကရေစီကို ထောက်ခံပြီး၊ အာဏာရှင်တွေကို လက်မခံခြင်းပါပဲ။၅ပါးသီလများလိုပေါ့ အဲသည်သီလက စောင့်ထိန်းရတဲ့ သီလ။ လုပ်ရတဲ့ အရာ မဟုတ်၊မလုပ်ဘဲ နေရာတဲ့ တာဝန်ပေါ့။ အာဏာရှင်များရဲ့ မတရားလုပ် အနိုင်ကျင့်စော်ကားမှုများကို ခါးစည်းပြီး ခေါင်းငုံပြီး ခံနေရသော်လည်း သူတို့တွေဟာဘယ်တုန်းကမှ ဒီမိုကရေစီကို လက်လွှတ်လိုက်ပြီး အာဏာရှင်တွေကိုသစ္စာခံသွားတယ်ရယ်လို့ မရှိဘူး။ (အာဏာရှင်သရဏံ ဂစ္ဆာမိ မလုပ်ကြဘူး)
အာဏာရှင်စနစ် အသက်ရှည်ပါစေလို့ဘယ်လူထုကမှ ကိုယ့်အသိစိတ်နဲ့ကိုယ် အိမ်ထဲကထွက်ပြီး ကြွေးကြော်ခြင်းမရှိသော်လည်း ဒီမိုကရေစီအရေး တို့အရေးလို့ ဆိုတာကိုတော့ ပြည်သူလူထုဟာကိုယ့်အသိစိတ်နဲ့ကိုယ် အိမ်က ထွက်ပြီး ကြွေးကြော်ရမယ့်အချိန်ကိုမျိုးဆက်အဆင့်ဆင့် အံခဲပြီး စောင့်ဆိုင်းနေသူတွေ ဖြစ်ပါတယ်။
အဲသည်အတွက် လူထုကြီးကဘာလုပ်ဖူးလို့လဲတော့ မမေးပါနဲ့ဗျာ။ ပြီးတော့ လူနည်းစုဖြစ်တဲ့ တကယ့်ကိုစွန့်လွှတ်စွန့်စားသူ နိုင်ငံရေးသမား ဒေါင်ဒေါင်မြည်တွေကိုလည်းသံသယမဖြစ်စေချင်ပါ။ သူတို့က သူတို့ယုံကြည်မှုအတွက်သူတို့စွန့်လွှတ်စွန့်စားမှုတွေကို အရေးလုပ်ပြီးတောင် ထုတ်ပြောချင်သူတွေမဟုတ်ပါ။ ဘယ် အနက်ကြီးတွေဖြစ်ဖြစ် ဘယ်လောက်ပဲ ခက်ခက်၊ အံခဲပြီး ချီတက်နေမှာပါ။သူတို့တွေဟာ လက်မြှောက်အညံ့ခံသူတွေ မဟုတ်ပါ။
သည်တော့ ပြောချင်တာကမောင်ရစ်ကာတွန်းထဲက ကျောမွဲပြီး ဖင်ပါပြောင်နေတဲ့ လူထုပရိသတ်ကြီးကို မောင်ရစ်ကသရော်စော်ကားခြင်း ပြုတဲ့သဘောနဲ့ ရေးသားခြင်း မဟုတ်ဘူး ဆိုတာကိုပြောချင်တာပါပဲ။ လူထုကြီးနဲ့ လူနည်းစု သူတော်ကောင်းနိုင်ငံရေးသမားများအတွက်အလုပ်အကျွေးပြုချင်တာက မိုးမခမီဒီယာပါ။ ဒေ၀ဒတ်ကို ဘုရားထင်ပြီးဆုတောင်းမှားသူတွေထဲမှာ မပါချင်ပါခင်ဗျာ။ သိန်းစိန်မထိနဲ့ မီးပွင့်သွားမယ်အစားထဲမပါတဲ့ မိုးမခ၀ိုင်းတော်သားတွေအတွက် ဂုဏ်ယူမိပါတယ်။
အပြောင်းအလဲများတဲ့လောကကြီးထဲမှာ စောင့်ထိန်းစရာက သီလပဲရှိတယ်။ လူထုကြီးရဲ့ မမှတ်မသုံတဲ့နိုင်ငံရေးသီလနဲ့ သစ္စာတော့ ဆိုချင်ပါရဲ့။ ရသင့် ရထိုက်တဲ့ဒီမိုကရေစီလူဘောင်လောက မြန်မာပြည်ကြီးမှာ အချိန်အခါသင့်တဲ့ဆီမှာ ရရပါလို့၏။မစောပါနဲ့။ မနောက်ကျပါရစေနဲ့။           ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts