>Kan Tun Thit – Article

>

အမှန်မြင် နှလုံးသား
ကံထွန်းသစ်
နိုဝင်ဘာ ၂၂၊ ၂၀၁၁


“ဒီအပင်လေးကပဲ အရင်ဆုံးရော်ရွက်ဝေခဲ့ပါလား” ဟု တီးတိုးရေရွတ်လိုက်မိသည်။ တပင်လုံးဝါနေသော အဲ …. နီနေသော မေပယ်လ်ပင် လေး၊ သတိထားမိသည်မှာ မနှစ်ကလည်း အဦးဆုံးရော်ရွက်ဝေခဲ့သည်။ ယခုလို မတွေ့ဖူးလျှင် ပင်လုံးကျွတ်ပွင့်နေသကဲ့သို့၊ အ၀ါမပီ အနီ မကျ ရော်ရွက်တို့ဖုံးလျှက်။ ပင်ချေတ၀ိုက် မြက်ခင်းစိမ်းစိမ်းပေါ်တွင်လည်း နီဝါရောင် ကော်ဇောခင်းသည်သို့ …။

“သစ်ရွက်ရော်ရည် ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား. ….” တပိုင်းတစ ရနေသေး သော အင်းဝခေတ်စာဆို ရှင်ဥတ္တမကျော်၏ကဗျာလေး နှုတ်မှာစီးခိုလာသည်။ သိင်္ဂီတ၀က် မြတ၀က်ပေါ့။ အနီတချို့ အစိမ်းတ၀က် တင့် ဖက်လေသည့်အလှ။ သည်အလှမျိုးကိုမြင်ကာ အရှင်ဖွဲ့ခဲ့လေသည်ထင့်။ နောက်ပြီး ရဂုံမြိုင်တွင်း တောလုံးလင်းသားတဲ့။ မကြာမှီ Clarke square ဥယာဉ်လေးတခုလုံး အစိမ်းရောင်ကွယ်ကာ အ၀ါရောင်လွှမ်းတော့မည်။ ထိုအခါ ကြည့်လေရာရာသည် တောလုံးလင်းလျှက်။

ရွက်ကြွေပြီးလျှင် အမိမြေမှာတော့ ပူပြင်းသည့် နွေရာသီ။ သည်မြေမှာတော့ ဖီလာဆန့်ကျင်၊ ရွက်ဝါတွေ ကြွေပြီးလျှင် စနိုးတွေ ဖုံးတော့မည်။ Fall ခေါ် အော်တန်ရာသီ၊ အချမ်းကဲဝှန် အအေးသန်တော့မည်။ ဥဏှတေဇော လောင်တတ်သလို၊ သီတတေဇောကလည်း လောင်မြိုက် တတ်ပါကလားဟု သတိချပ်မိသည်။

အမိမြေမှာတော့ ခုလိုရွက်ဝါတွေကြွေလျှင် မြိုင်တကျောမှာ ဥသြ ဥသြ ငှက်ဥသြ ခွန်းဆင့်၍ လွမ်းသံနှောပေမည်။ ပြီး ၀န်းကျင်တခို မြူ မင်းလွင်တို့ဝှေ့နေသည်မှာ မှုန်ရီပြာနှင့် လွမ်းတတ်သူတို့လွမ်းစရာ။

ဝန်းကျင်မှာ မြူလေးတွေသန်းလျှင် “ဦးဇင်းပြန်ကြွလာတော့မှာပဲလို့ တပည့်တော်မဖြင့် လွမ်းသလိုလို ဘာလိုလို” ကိုယ့်အမေ၏စကားကို ကြားယောင်မိသည်။ အမေ့ကို အမှတ်ရမိသည်။ ဘာလိုလိုနှင့် အမေကွယ်လွန်သွားတာ ငါးနွေတောင် ကျူးခဲ့ပါပကော။ အော်…. အမေ အမေ။

ရဟန်း မယ်တော်ပီပီ အရာရာကို တရားနှင့်ယှဉ်ကာ နှလုံးသွင်းတတ်သည့်အမေ။ ခုလို တဖြိုက်ဖြိုက်ကြွေနေသည့် မေပယ်လ်ရွက်လေး တွေကိုတွေ့လျှင် … အော် တစ်နှစ်ကုန် ပြန်တော့မှာပါလား …။

တနှစ်ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တနှစ်လွတ်ခဲ့ပြီ။
တနှစ်ရောက်ပြန် ငါ့ရုပ်နာမ် သေရန်တနှစ် နီးချေပြီ။
တလကုန်ပြန် .. ….
တရက်ကုန်ပြန် …. စသည့်ဖြင့် နှစ်လုံးသွင်းဆင်ခြင်နေမည်မှာ ဧကန်။

ကိုယ်တို့ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသော ဓမ္မလင်္ကာလေးများ၊ ဇရာဗျာဓိ တခုခုနှင့်ဆုံတိုင်း အမေ့နှုတ်မှ စီးဖြာကျလာတတ်သည့် လင်္ကာ သီတံလေးတွေ၊ တခါတလေတော့လည်း ….

တနေ့ကုန် တနေ့ကြီး အိုဖို့ တနေ့နီး၊
တနေ့ကုန် တစ်နေ့ကြီး နာဖို့ တနေ့နီး၊

တနေ့ကုန် တနေ့ကြီး သေဖို့တနေ့နီး၊ သံတူကြောင်းကွဲ လင်္ကာလေးတွေကို ကြားရတတ်သည်။

အရာရာကို မမြဲချြင်းဖြင့် ယှဉ်၍မြင်တတ်သော ဗုဒ္ဓဘာသာဝင်တို့၏နှလုံးစိတ်ရင်းကို အမေ့ထံမှ စတင်တွေ့ခဲ့ဖူးသည်။ ထိုသို့ ရှုမြင်တတ်မှု ကိုလည်း အမေ့ထံမှပင် အမွေရခဲ့သည်။

ပန်းလေးတစ်ပွင့် ကြွေတာတွေ့လျှင်ပင် “ဖူးပွင့် နွမ်းကြွေ၊ ပန်းအနေသို့၊ အရှည်မကြာ တို့ခန္ဓာလည်း၊ ကြွေရမြဲသည်၊ မမြဲအနိစ္စပါတကား” ဟု ရှု့ဆင်ခြင်တတ်သည့် ကိုယ်တို့ဗုဒ္ဓဘာသာတွေကို အချို့က“အဆိုးမြင်ဝါဒီများ”ဟု သတ်မှတ်ချင်ကြသည်။ အို နာ သေ အပျက်တွေကိုသာ ရှုတတ်သူများတဲ့၊ သူတို့ကတော့ အဖြစ်ကို ရှု့သည့် အကောင်းမြင်သမားများပေါ့။

အပျက်ကို ရှု့သူများအတွက်လည်း အဖြစ်နှင့် ဆုံရသလို၊ အဖြစ်ကို ရှု့သူများလည်း အပျက်နှင့်ကြုံရမြဲမို့ ကွာခြားသည် မထင်။ တကယ်တော့ ကိုယ်တို့ဗုဒ္ဓဘာသာများသည် အပျက်ကိုသာမြင်လေ့ရှိသူများမဟုတ်။ အဖြစ်ကို လျှစ်လျှုရှု့သူများလည်းမဟုတ်။ အမှန်ကို မြင်သူများဖြစ် အောင် လေ့ကျင့်နေသူများဟု ဆိုလိုက်ချင်ပါသည်။

အဖြစ်ချည်းသာ ရှု့သူအတွက် မည်မျှခိုင်ခံ့အောင် အားထုတ်ထားပါစေ၊ အပျက်နှင့်တိုးခဲ့သော် ဆောက်တည်ရာမရဖြစ်တတ်သလောက်၊ အပျက်ကိုလက်ခံထားသူများအတွက်မူ မတုန်လှုပ်။ အဖြစ်ကို တဖန်ပြန်လည်တည်ဆောက်ရာတွင်လည်း အပျက်မြင်သမားက တည်ငြိမ် လွယ်မည်ဟု ထင်မြင်မိပေသည်။ အပျက်ပေါ်မှာရပ်တည်ရင်းဖြင့် အဖြစ်ကိုတည်ဆောက်ကြ၍ လောကကြီးတိုးမြင့်လာခဲ့ခြင်းဟု ယူချင် ပါသည်။ လတ်ဆတ်နေဆဲ အကြောင်းအရာတခုကို သာဓကဆောင်ချင်သည်။ ကမ္ဘာကိုပြောင်းလဲသွားစေသည့်ပါရမီရှင်ဟု တိုင်းမဂ္ဂဇင်းက ရေးသားသည့် Mr steve Jobs အကြောင်းပင်။

IT နည်းပညာတို့၏ ဖခင်၊ Apple ၏အရှင်၊ သူ၏တီထွင်မှုတို့၏ တွန်းအားသည် သူ (၁၇) နှစ်သားအရွယ်က ဖက်ခဲ့ရသည့် “နေ့တိုင်းကို သင့်ဘ၀၏ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့လျှင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာမှာသေချာပါတယ်ဆိုသည့်” ရှေ့ သူဟောင်း စကားလေး နှင့်၊ “ဘ၀အတွက် အလွန်အရေးပါသည့်” ဆုံးဖြတ်ချက်များကိုချရာတွင် အရေးအBကီးဆုံးအထောက်အပံ့ကိရိယာအဖြစ် သူတွေ့ရှိခဲ့သော အရာမှာ သေခြင်းတရားဟာ လက်တကမ်းမှာရှိသည်ဟု သတိချပ်ခြင်းပင်တဲ့။ standford university မှာ သူဟောပြောခဲ့သည့်စကားလေး။

သို့နယ်အကြောင်းတို့ကို ချင့်ထောက်ပြီး ဗုဒ္ဓဘာသာတွေရဲ့အမြင်ဟာ အမှန်မြင်ဟုဆိုလိုခြင်းပါ။ ကိုယ့်အမေတို့ရဲ့ဝန်းကျင်အပေါ်ရှု့မြင်နှလုံးသွင်းမှုကိုလည်း ကိုယ်လေးစားမှုအသစ် ဖြစ်မိသည်။ ထိုသို့နှလုံးသွင်းတတ်အောင် လမ်းပြပျိုးထောင်ပေးတော်မူကြသည့် ဗုဒ္ဓမြတ်စွာနှင့် ထေရ်သံဃာတို့ကိုလဲ ကြည်ညိုမဆုံး။

ထိုကြောင့် အဆိုးမြင်ဟုဆိုဆို၊ အပျက်မြင်ဟု ပြောပြော၊ မလွဲကြုံရမည့်သဘောတို့ကို ရုတ်ချည်းတွေ့ကြုံလာလျှင် မတုန်လှုပ်ဖို့ ကြိုတင်ပြင် ဆင်ထားရပေမည်၊ ယဉ်ပါးနေခြင်းသည် စိမ်းကားနေခြင်းထက် အသုံးဝင်သည်မဟုတ်ပါလား။ အဘိဏှသုတ်လို နေ့ညမပြတ် နှလုံးသွင်း ဖွယ်တွေကို ဘုရားရှင်ဟောပြခဲ့သည်မှာ အများအပြား။ အင်း …. ဆင်ခြင်မှ ဆင်ခြင်မှ………

တနေ့ကုန် တနေ့ကြီး အိုဖို့တနေ့နီး ..
တစ်လကုန် တစ်လကြီး …..

“ဟေး …..”

ကလေးတသိုက်၏အော်သံကိုကြားလိုက်မှ ပန်းခြံထောင့်ကလေးကစားကွင်းနားကိုရောက်နေတာ သတိထားမိသည်။ လှမ်း၍ကြည့်လိုက် တော့ ဆော့စကားနေကြသော ကလေးတသိုက်၊ အမေရိကန် မက်ဆီကန်နှင့် လူမဲကလေးငယ်များ၊ ထိုလူမဲကလေးများကိုမြင်မှ အင်း…ဒင်းကလေးတွေပေါ့။ ရုတ်ချည်း မနှစ်ကအဖြစ်အပျက်လေးတခုက ပေါ်လာသည်။ သည်အမေရိကကိုရောက်စ၊ တကိုယ်တည်း နံနက် တကြိမ် ညနေတကြိမ် ဒီပန်းခြံလေးကို ပတ်ကာလမ်းလျှောက်ဖြစ်ခဲ့သည်။ တညနေမှာတော့ နောက်မှ ခြေသံတွေကိုကြားရသည်။ ကိုယ့် အသွင်စိမ်းကို စကြ နောက်ကြလေမလားဟု တွေးနေတတ်သော ကိုယ်အဖို့ နောက်မှ ရုတ်တရက် …

“၀မ်း တူး သရီး Bigboss”

ကိုယ်လန့်သွားသည်။ ဘာကို အော်လိုက်ပါလိမ့်။

“၀မ်း တူး သရီး Bigboss”

“Bigboss” တဲ့၊ ဘာလဲ Bigboss၊ အပြေးအလွှား စဉ်းစားကြည့်မိသည်၊ big ကြီးသော၊ Boss သူဌေးကြီးပေါ့။ နေ့စဉ်လိုလို အေးအေးလူလူ လမ်းလျှောက်နိုင်သောကိုယ့်ကို သူတို့လေးတွေက Bigboss ကြီးဟု မြင်ကြသည်ထင့်။ လှည့်ကြည့်မိတော့ ထင်သည့်အတိုင်းပင်၊ လူမဲလေး ၄ယောက်၊ မတိမ်းမယိမ်း၊ Money Money ဟု တောင်းခံနေကြသည်။ ကိုယ် ရယ်ချင်သွားမိသည်။ တဒေါ်လာစီပေးအံ့ဟု အိပ်ကိုစမ်းမိတော့ ပါမလာ။ ဘယ်လိုပြောရပါ့။ မတတ်နိုင်၊ ကိုယ်ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းထားသည့် တလုံးတည်းသောအင်္ဂလိပ်ဝေါဟာရဖြင့် တုန့် ပြန် လိုက်သည်။

NO,

သည်တော့မှ မောင်မင်းကြီးသားလေးတွေ ရပ်ကျန်နေခဲ့သည်။ ကိုယ်တည်းပြုံးရင်း ဆက်လျှောက်လာခဲ့သည်၊ သူဌေးကြီးတဲ့။ ထင်မှထင် တတ်ပလေ၊ မောင်ရင်လေးတို့ ရယ်၊ ကိုယ်ဟာလဲ မင်းတို့မိဘတွေလို ပေးမန့်တွေနဲ့ နပန်းလုံးနေရသူပါ။ ရင်ထဲမှာ တီးတိုးပြောဖြစ်ခဲ့သည်ကို အမှတ်ရမိသည်။

တစ်ချက်ရယ်လိုက်မိပြီး၊ ဒီမောင်မဲလေးတွေ အခုတော့ … အဲ… သူတို့လုပ်တာနှင့် ဆင်ခြင်လာသည့် တရားလေးတွေတောင် ပျောက်သွားပြီ။ ကဲ… ဆင်ခြင်အုံးမှ ဆင်ခြင်အုံးမှ ဘာတဲ့ …

တနေ့ကုန် တနေ့ကြီး “ပေးမန့်” တနေ့နီး အဲ.. ဟုတ်ပေါင် …..
တနေ့ကုန် တနေ့ကြီး အိုဖို့တနေ့နီး၊
တနေ့ကုန် တနေ့ကြီး …..
တနေ့ကုန် ……၊၊