>Prominent Political Prisoners relocated

>

ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား အချို့ထောင်ပြောင်းရွှေ့
မိုးမခ အထောက်တော်၊ရန်ကုန်။ နိုဝင်ဘာ ၁၆၊ ၂၀၁၁
ထင်ရှားသည့်  နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် မင်းကိုနိုင် ၊ အရှင်ဂမ္ဘီရ၊ ဦးခွန်ထွန်းဦး အစရှိသူတို့ကိုနယ်ဝေး အကျဉ်းထောင်များမှ မိသားစုနှင့် နီးသည့် ရန်ကုန် နှင့်အခြားမြို့များသို့ပြောင်းရွှေ့လျှက်ရှိသည်ကို ယနေ့မွန်းလွဲပိုင်းတွင် စတင်ကြားသိရသည်။
ပူတာအိုထောင်မှ အက်စ်အန်အယ်လ်ဒီခေါင်းဆောင် ဦးခွန်ထွန်းဦးကို တောင်ငူထောင်သို့၎င်း၊ ကလေး အကျဉ်းထောင်မှအရှင်ဂမ္ဘီရကို ရန်ကုန်အကျဉ်းထောင်သို့၎င်း၊ သရက်ထောင်မှ မနီလာသိန်းကိုသာယာဝတီထောင်သို့၎င်း၊ ကျောက်ဖြူ အကျဉ်းထောင်မှ ကိုသူရိန်အောင်အား ရန်ကုန်သို့၎င်းအသီးသီး ရွှေ့ပြောင်းခဲ့သည်ဟု ယနေ့ညနေ ၀င်လာသည့် သတင်းများအရ သိရသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကို သရက်သို့ရွှေ့မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ယနေ့ညနေပိုင်းအထိ ကျိုင်းတုံအကျဉ်းထောင်တွင် ရှိနေဆဲဖြစ်ကာ ရွှေ့ပြောင်းရန်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည်။
ကလေးအကျဉ်းထောင်မှရန်ကုန်အင်းစိန်သို့ ရွှေ့ပြောင်းလာသည့် အရှင်ဂမ္ဘီရကို သူ့မိခင်ဖြစ်သူ ဒေါ်ရေးကကလေးမြို့ လေဆိပ်တွင် သွားရောက်စောင့်ဆိုင်းသော်လည်း တွေ့ခွင့်မရခဲ့ ဟုမိခင်ဒေါ်ရေးက ပြောသည်။
“ အမေ့က လေဆိပ်မှာ တွေ့ရမလားလို့သွားစောင့်တာ ၊ သူ့ပစ္စည်းတွေသယ်လာတဲ့ ကားတော့ တွေ့တယ်။ ထောင်ဝန်ထမ်းတွေအပြောအရလည်း သူပါတယ်ဆိုတာ သိတယ်။ ဒါပေမယ့် လေဆိပ်ထဲ ၀င်ခွင့်မရပဲဂိတ်ဝမှာစောင့်နေတာ ၊ ပစ္စည်းသယ်လာတဲ့ကားပဲတွေ့ရတယ်။ ဦးဇင်းကိုတော့ တခြားဝင်ပေါက်ကနေ ခေါ်သွားတယ်ထင်တယ်။ တိတ်တိတ်ပုန်းလေး ခေါ်သွားတာပေါ့” ဟုပြောသည်။
အရှင်ဂမ္ဘီရနှင့် စစ်တွေထောင်မှခေါ်ဆောင်လာသည့် အခြားနိုင်ငံရေး အကျဉ်း ၂ ဦး ၃ ဦးကို မင်္ဂလာဒုံလေဆိပ်မှ ညနေ၆နာရီခွဲတွင် ရဲလုံခြုံရေး၊ စရဖတို့ ခြံရံလျှက် အများမမြင်တွေ့စေရန်ခေါ်ဆောင်သွားသည်ဟု သွားရောက်စောင့်ဆိုင်းနေသူ သတင်းထောက်က ပြောသည်။
“ တီတူးသောင်ဇင်တစီးနဲ့ တောင်းအေ့စ်တစီးနှစ်စီးနဲ့ ကားထဲက ခေါ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရဲတွေကကိုယ်နဲ့ကွယ်ပြီး ကားအမြန်မောင်းသွားတာ၊ အင်းစိန်ကို လိုက်တော့လည်း မမှီတော့ဘူးဘယ်သူမှ မတွေ့လိုက်ရဘူး ” ဟု ၎င်းသတင်းထောက် ကပြောသည်။
အရှင်ဂမ္ဘီရအား အင်းစိန်ထောင်တွင်ထားရှိမည် သို့မဟုတ် ခရီးတထောက်နားရန် ခေတ္တထားရှိခြင်းဖြစ်သည် ဆိုသည့်အချက်တို့ကိုအတည်မပြုနိုင်သေးပေ။ အရှင်ဂမ္ဘီရ နှင့်အတူ ကလေးထောင်မှ ဂွမြို့ လွှတ်တော် အမတ်ဦးညီပုလည်း ပါလာသည်ဟု ရဲသတင်းရပ်ကွက်မှ သိရှိရသည်။
ယခင်သီတင်းပတ် ပြန်ကြားရေးဝန်ကြီးက ဗွီအိုအေ သတင်းဋ္ဌာနနှင့်တွေ့ဆုံခန်းတွင် နိုင်ငံရေးအကျဉ်းသားများအား ဝေးလံသည့် အကျဉ်းထောင်များမှ မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့မည်ဟုထုတ်ဖေါ်ပြောဆိုခဲ့သည်။ 
လက်ရှိအချိန်တွင်အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ အာဆီယံထိပ်သီးညီလာခံ ကျင်းပနေပြီး လာမည့် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရေးကိစ္စ ဆုံးဖြတ်နေချိန်နှင့်တိုက်ဆိုင်ပြီး နိုင်ငံရေး အကျဉ်းသားများအား မိသားစုနှင့် နီးရာအကျဉ်းထောင်များသို့ ပြန်လည် ပို့ဆောင်နေခြင်းဖြစ်သည်။ 
နို်င်ငံတကာအစိုးရနှင့်လူ့အခွင့်အရေး အဖွဲ့အစည်းများက နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုလျက်ရှိသော်လည်း ဦးသိန်းစိန် အစိုးရက ယခုနှစ်မေလနှင့်အောက်တိုဘာလတွင် အနည်းငယ်စီသာ လွှတ်ပေးခဲ့သည်။