>Kamar Pale – Essay

>

ငြိမ်းချမ်းရေးသို့ … အလည်ရောက်ရှိခြင်း (၃)
ကမာပုလဲ
နိုဝင်ဘာ ၁၆၊ ၂၀၁၁

ငြိမ်းချမ်းရေမှ … အပြန်
ငြိမ်းချမ်းရေးသို့ အမှတ်မထင် အလည်ရောက်ရှိခဲ့သည်။ ငြိမ်းချမ်းရေးဆီမှ သူ့ဖြတ်သန်းမှု၊ သူ့အနုပညာ၊ သူ့ယုံကြည်ချက်ကို အနည်းငယ်မျှ ကူးဆက်ခံစားမိခဲ့သည်။ အပြည့်အ၀ ကူးဆက်ခံစားနိုင်ခဲ့ပါသည်ဟု ဆိုပါလျှင် မရိုးသားရာကျမည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် သူ့စကား၊ သူ့အဓိပ္ပါယ် သတ်မှတ်ချက်အရ ပထမ မျိုးဆက်။ ကျနော်တို့ကား တတိယမျိုးဆက် နှောင်းပိုင်းတွေ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် လူကိုယ်တိုင် မဆုံတွေ့ဘူး ခဲ့စဉ်က သူ၏ စာများနှင့်သာ ထိတွေ့ခဲ့သည်။ သူ့စာများ၏ တန်ဖိုးကို အသေအချာသိလာကာ သူ၏စာများကို မက်မက်မောမော ရှာဖွေဖတ်ရှုချင်လာသည့် စိတ်အာဟာရ ချဉ်ခြင်းကို မွေးဖွားပေးလိုက်သည်မှာ ၈၈၈၈ အရေးတော်ပုံ လှုပ်ရှားမှုကြီးပင် ဖြစ်သည်။

၈၈၈၈ အရေးတော်ပုံကြီးက ကျောင်းသားများတင်မက ပြည်သူလူထုကိုပါ မျက်စေ့ဖွင့်ပေးလိုက် သည်။ မဆလ တခေတ်လုံး သိမ်း ဆည်းထားသည့် သမိုင်းအဖြစ်မှန် နောက်ခံစာအုပ်များ၊ ဂျာနယ်စာစောင်များ၊ မြေအောက်ထုတ် လက်ကမ်းစာစောင်ကလေးများ လက်ဆင့် ကမ်း ပေါ်ထွက်လာသည်။ ထိုနည်းတူ တော်လှန်ရေးအခြေခံ ဘာသာပြန်စာအုပ်များလည်း ပေါ်ထွက်လာခဲ့သည်။

၈၈၈၈ အရေးတော်ပုံကြီးကို ကိုယ်တိုင်ဖြတ်သန်းရသည့်အခါ ကျောင်းသားသမဂ္ဂကို သိချင်လာသည်။ ကျောင်းသားသမဂ္ဂကို သိချင် လာသည့်အခါ တိုက်ပွဲဝင်ကျောင်းသားခေါင်းဆောင်များကို သိချင်လာသည်။ ကိုအောင်ဆန်းကို သိချင်လာသည်။ ကိုဗဟိန်းကို သိချင်လာ သည်။ ကိုဗဆွေကို သိချင်လာသည်။ ထိုမှတဆင့် အနီ (သခင်သန်းထွန်း)၊ မုန်တိုင်းထဲမှ သစ်ရွက်ကလေး (သခင်နု) ……. ။

သူ၏ ၁၉၅၅ ခုနှစ်ထုတ် ရုပ်ပုံလွှာစာအုပ်မှတဆင့် အထက်ပါ သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် တွေ့ရသည်။ သူ၏ အယ်ဒီတာစားပွဲ၊ ပန်းနုရောင်အိုမှ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ မြန်မာ၊ ကမ္ဘာ အနုပညာ … ပန်းချီ၊ ဂီတ၊ ကဗျာ …။ ဧရာဝတီ၊ ယန်စီ၊ ဘော်လဂါ စာအုပ်မှ သူတို့မျိုးဆက်၏ ကမ္ဘာ့ ခေတ်ပြိုင် အတွေ့အကြုံ၊ အဖြစ်အပျက်၊ ငြိမ်းချမ်းရေး ခရီးထိုထို ….။

ချက်နိုင်ငံရဲ့ လွတ်မြောက်ရေးခေါင်းဆောင်တဦးဖြစ်သူ ဂျူးလိယက်ဖူးချစ်၏ဇနီး မောင့်ဂူစတီနာနှင့် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သော စာရေးဆရာ ညီလာခံတွင် ဆုံတွေ့ခဲ့ကြပုံ၊ (ထိုသို့ တွေ့ဆုံစဉ် ဂျူးလိယက်ဖူးချစ်၏ ကြိုးစင်ပေါ်ကမှတ်တမ်းစာအုပ်ကို မြန်မာဘာသာသို့ ဘာသာပြန်နေကြောင်း ငြိမ်းချမ်းရေက မိတ်ဆက်ပေးခဲ့သည်)။ ပိတောက်ပန်းကိုချစ်သည့် ချီလီပြည်မှ တော်လှန်ကဗျာဆရာ နီရူဒါ ….။

မတ်လတော်လှန်ရေးကဗျာကို ဖက်ဆစ်တော်လှန်ရေးအတွက် သရုပ်ဖေါ်ရေးသားခဲ့သော ငြိမ်းချမ်းရေး၊ လောကအမွန်ကဗျာဖြင့် သူဖြစ်စေ ချင်သည့် ဗမာပြည်ခေတ်သစ်စနစ်ကို ပုံဖေါ်ခဲ့သူ။ သူသည် စိတ်ကူးယဉ်မှုဖြင့် တဟီဟီကျွန်းသို့လည်း ကဗျာဖွဲ့ သွားရောက်ခဲ့ပါသေးသည်။

● ငြိမ်းချမ်းရေး၏ ရပ်တည်ချက်
ဆရာ ဒဂုန်တာရာ၊ …. ငြိမ်းချမ်းရေးသမားဖြစ်သူ …. သူ၏သမိုင်းဖြတ်သန်းမှု ရပ်တည်ချက်သည် အပြန်လမ်းတွင် အတွေးထဲ တ၀ဲငင်ငင် လိုက်ပါလာခဲ့သည်။ ကျောင်းသား ဘ၀ကလည်း အဖိနှိပ်ခံဘက်မှ တိုက်ပွဲဝင် ရပ်တည်သည်။ စာပေ၊ အနုပညာတွင်လည်း စာပေသစ် အယူအဆဖြင့် လောကအမွန်ခေတ်ကို ထုဆစ်ဖို့ ကြိုးစားခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးကို ဖိနှိပ်သူအစိုးရအဆက်ဆက်က ပြဌာန်း ခဲ့သည်။ ထိုပြဌာန်းချက်အရ လက်နက်ကိုင်တော်လှန်ရေးဘ၀ကို ဆင်းခဲ့ရသည့် အဖွဲ့အစည်း ဘ၀ထိုထိုဘက်မှလည်း မှန်မှန်ကန်ကန် ရပ်တည်ခဲ့သည်။ ငြိမ်းချမ်းရေးသည် သူယုံကြည်သည့် ငြိမ်းချမ်းရေးယုံကြည်ရပ်တည်ချက်အတွက် နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသေး သည်။

သူသည် ဖိနှိပ်သူအစိုးရများ၏ ပေးအပ်ခဲ့သော နိုင်ငံကိုယ်စားပြု သမိုင်းဆုတံဆိပ်များကို မနှစ်မြို့ လျစ်လျူရှုခဲ့သူ ဖြစ်သည်။ သူပြောသည့် နိုင်ငံရေးသည် အများအရေး၊ ဒီမိုကရေစီရေးဖြစ်သည်။ သူယုံကြည်သည့် ဗဟုဝါဒသည် အဓမ္မဖိနှိပ်နေသည့် အာဏာရှင်စနစ်ကို ဆန့်ကျင် သည်။ သူသည် ပြည်သူလူထု၏ အုပ်ချုပ်ရေးစနစ်ကိုသာ လက်ခံယုံကြည်သည်။ သူ၏ ငြိမ်းချမ်းရေး၊ ဗဟုဝါဒ၏အနာဂတ်သည် ပန်းတိုင်း ဖူးခွင့်၊ ပွင့်ခွင့်ရှိသည့် ကမ္ဘာမြေ ….။

ဗိုလ်နေ၀င်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုကာ အတုအယောင် ဆိုရှယ်လစ်စနစ်ဖြင့် တိုင်းပြည်ကို ၂၆ နှစ်တာ အုပ်ချုပ်ချေမှုန်းခဲ့သည်။ သခင်စိုးက အလံနီကွန်မြူနစ်ပါတီဟုဆိုကာ သူ၏လက်နက်ကိုင်တော်လှန်ရေး မှားပါကြောင်း ဗိုလ်နေ၀င်းထံ လက်နက်ချခဲ့သည်။

`ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့် လက်ဦးစွန့်၍ တည်ထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်းခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ´ (သခင်သန်းထွန်း – အနီကိုလေ့လာကြည့်ရှုချက် – ဒဂုန်တာရာ၏ ရုပ်ပုံလွှာ)

● ပထမဆုံးလွတ်မြောက်လာသော ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးသို့ အလည်ရောက်ရှိပြီး နှစ်များမကြာမီ ဘ၀သည် ယုံကြည်ရာခရီးသို့ တဆစ်ချိုး ချိုးကွေ့သွားခဲ့သည်။ ၁၉၉၅ ခုနှစ် ဂျွန်လတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပထမဦးဆုံးအကြိမ် လွတ်မြောက်လာခဲ့သည်။ သူမ လွတ်မြောက်လာသည့်သတင်းကို ကြေးမှုံ၊ မြန်မာ့အလင်းတွင် နောက်တနေ့မှာ ပါလာသည်။ မဖျက်ဆီးခံရသေးသော ပပ၀င်းနှင့် ဂုဏ် ရုပ်ရှင်ရုံရှေ့ ပလက်ဖေါင်းပေါ်တွင် အမေအိုတယောက်က သတင်းစာ၊ ဂျာနယ်များအား မိုးကာစ ကလေးပေါ် ဖြန့်ခင်းရောင်းချနေသည်။ သတင်းစာ တစောင် ၅ ကျပ်နှုံးဖြင့် အမေအိုထံမှ ၀ယ်ယူလိုက်သည်။ မှန်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီ။ သတင်းစာထဲမှာ ဖေါ်ပြ ထားသည်။

`အမေ … ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီဗျ။ သတင်းစာထဲမှာ ပါတယ်´
`ဟေ … ဟုတ်လား သား´

ထိုစဉ် ဘ၀အခြေအနေ နွမ်းပါးလှသည့် ကောင်းရောင်းကောင်းဝယ် လမ်းဘေးဈေးသည်များကို ဖမ်းဆီးကြမည့်သူများ ခပ်လှမ်းလှမ်းတွင် ရောက်လာကြသည်။

`၀မ်းသာလိုက်တာ သားရယ် … အဲအဲ … အမေ … ပြေးလိုက်ဦးမယ် သားရေ´

ထိုနေ့နံနက်တွင်ပင် အဝေးပြေးကားဂိတ်မှ ကားလက်မှတ်ဝယ်ကာ လွတ်မြောက်ရေးတိုက်ပွဲများရှိရာ တောင်တန်းများဆီသို့ ပိုင်းဖြတ် ထွက်ခွာလာခဲ့သည် ……။

● ငြိမ်းချမ်းရေး၏ နိုင်ငံရေးယဉ်ကျေးမှု
၈၈၈၈ အရေးတော်ပုံကြီးကား ၂၃ – နှစ် ပြည့်မြောက်ခဲ့ပြီ။ နယ်စပ်ထိုထိုတွင် ဘ၀ကိုရွှေ့ပြောင်းနေထိုင်ရင်း ငြိမ်းချမ်းရေ၏စာများကို လက်လှမ်းမီသမျှ ဖတ်ရှုလေ့လာခဲ့ရသည်။ မဂ္ဂဇင်းများတွင်ဖေါ်ပြထားသော သူ၏ဆောင်းပါးများ။ သူ၏ နိုင်ငံရေးယဉ်ကျေးမှု နောက်ခံ ဆောင်းပါးများ။ လုံးချင်းစာအုပ်အဖြစ် ထွက်လာခဲ့သည်။ အသေးစိတ် လေ့လာဖတ်ရှုခွင့် ရခဲ့သည်။ တိုးမြစ်စာအုပ်တိုက်မှ ထုတ်ဝေသည်။ အပိုင်း (၁) ဒဂုန်တာရာ ကလောင်အမည်ဖြင့်ရေးသော ဆောင်းပါး (၁၂) ပုဒ်၊ အပိုင်း (၂) ထက်အောင် ကလောင်ခွဲဖြင့် ရေးသားခဲ့သော ဆောင်းပါး (၇) ပုဒ်၊ စုစုပေါင်း (၁၉) ပုဒ်ဖြစ်သည်။ ခုနှစ်လအလိုက် မဂ္ဂဇင်းများတွင် ဖေါ်ပြခဲ့သောဆောင်းပါးများ ဖြစ်သည်။

ဆရာဒဂုန်တာရာ …. ငြိမ်းချမ်းရေးအပေါ် ကျနော့်ခံစားမှု (အမြင်ဟုပင် မသုံးစွဲရဲပါ) ကို ကျနော်ကြိုးစားဖေါ်ပြခဲ့သည်။ သူသည် ဘ၀တ လျှောက်လုံး အဖိနှိပ်ခံ လူထုဘက်မှ ရပ်တည်ခဲ့သူ၊ သူ့မိတ်ဆွေ သူ့ရဲဘော်များသည် ပထမလွတ်လပ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေး၊ ညီညွတ် ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် တော်လှန်ရေး နိုင်ငံရေးသမားများ ဖြစ်ခဲ့ကြသည်။ သူသည် ဆိတ်ဖလူးရနံ့သင်းပျံ့ရာအရပ်တွင် သူ့ ကိုယ်သူ မှန်မှန်ကန်ကန် ရှာဖွေတွေ့ရှိကာ အနုပညာတပ်ဦးမှ ငြိမ်းချမ်းရေးသမားတဦး ဖြစ်ခဲ့၊ ဖြစ်နေဆဲ ဖြစ်သည်။

သူ၏ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့တာဖြစ်တယ်။ ရန်သူ+ မိတ်ဆွေ= ငြိမ်းချမ်းရေး။ သူ့မှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူ မရှိ၊ မိတ်ဆွေသာရှိဟူသော အတွေးအခေါ်အယူအဆများကို ကျနော့်အနေဖြင့် ခံစားနိုင်ပါသည်။ သူ့တွင် မှန်မှန်ကန်ကန် ရပ်တည်ခဲ့၊ ရပ်တည်ဆဲဖြစ်သည့် အဖိနှိပ်ခံဘက်ရှိနေသည်ကိုး။

သူသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့များ၊ ကိုရီးယား-မြန်မာ မိတ်ဆွေဖြစ်အသင်းတွင် ဒုဥက္ကဌ စသည်ဖြင့် ငြိမ်းချမ်း ရေးအတွက် တက်ကြွဆောင်ရွက်ခဲ့သည်။

၁၉၅၆ ခုနှစ်က ဆိုဗီယက်ရုရှတပ်များ ဟန်ဂေရီနိုင်ငံအပေါ် ၀င်ရောက်ကျူးကျော်သည်ကို သူသည် အတိအလင်းကန့်ကွက်ခဲ့သည်။ ကိုရီး ယား ပြည်တွင်းစစ်ကို လက်မခံ၊ မြောက်ကိုရီးယားဘက်မှ ရပ်တည်ကန့်ကွက်ခဲ့သည်။ ထိုစဉ်က ကုလသမဂ္ဂသည် သူ့ပဋိဥာည်စာတမ်းကို သူကိုယ်တိုင်ဖေါက်ဖျက်ကာ တောင်ကိုရီးယားဘက်မှ ၀င်တိုက်ပေးသည်ကို သူကလက်မခံ၊ ကန့်ကွက်သည်။ တဖန် ရန်ကုန်မြို့တွင် မြောက် ကိုရီးယားက တောင်ကိုရီးယား အစိုးရအရာရှိကြီးများကို ဗုံးခွဲသတ်ဖြတ်သည့်အပေါ် မြောက်ကိုရီးယားလုပ်ရပ်ကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ သူ၏ ကိုရီးယားအပေါ်စေတနာမှာ တအူတုံဆင်း ညီနောင်အချင်းချင်း ချစ်ကြည်စွာပေါင်းစည်းရေးပင်ဖြစ်သည်။

ဆရာ၏ နိုင်ငံရေးယဉ်ကျေးမှုဆောင်းပါးများကပေးသော ဆရာ့အမြင်၊ ယုံကြည်ချက်တို့မှာ ဘက်ရှိပါသည်။ အမှန်တရားဘက်၊ မေတ္တာ တရားဘက်၊ အဖိနှိပ်ခံ လူထု၏ အကျိုးစီးပွား ဘက်အတွက်ဖြစ်သည်ဟု ခံစားရသည်။ ဆရာ၏ ရန်သူကို မိတ်ဆွေလုပ်ရေးသည် လက်နက် ကိုင်တော်လှန်ရေးတွင် ရန်သူ့လူ ကိုယ့်ဘက်ပါရေးနှင့် အနှစ်သာရ တထပ်တည်းကျနေသည်ဟု မြင်သည်။ ရန်သူထံ တဘက်သတ် အညံ့ခံ စေ့စပ်ရေးလုပ်ခြင်း မဟုတ်ဟု ယုံကြည်သည်။

သူသည် ငြိမ်းချမ်းရေးသမား၊ ငြိမ်းချမ်းရေး ရပ်တည်ချက်ဖြင့် သမိုင်းခေတ်များကို ဖြတ်သန်းနေသူ ဖြစ်သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့သည်ပင် ငြိမ်းချမ်းရေးကို အာမ မခံသောလုပ်ရပ်များကို သူ့ဆောင်းပါးများက ထောက်ပြဝေဖန်နေသည်။ သူနှင့် မြန်မာ၊ ကမ္ဘာ အဖိနှိပ်ခံ လူထုကြီး၏ ရောက်ရှိချင်သည့် အနာဂတ်ပန်းတိုင်သည် ပြည်သူလူထုအစိုးရသော ခေတ်၊ စနစ်ဆီသို့ ဖြစ်သည်။ တနည်းအားဖြင့် လွတ်လပ်ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ….

၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့တခုတွင် VOA အသံလွှင့်ဌာနက စီစဉ်ပြုလုပ်သော ၈၈၈၈ အမှတ်တရ စကားပြော အသံလွှင့်အစီ အစဉ်တွင် ဆရာဒဂုန်တာရာ၊ လူထု ဦးစိန်ဝင်းနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့ကို ဆက်သွယ်မေးမြန်း အသံလွှင့်ခဲ့ပါသည်။ ထိုအသံလွှင့်ရာ တွင် ဆရာဒဂုန်တာရာက သူ့သဘောထား၊ သူ့အမြင်ကို ခုလိုပြောခဲ့ပါသည် ….

`ကျနော်ကတော့ဗျာ ကျနော်တလျှောက်လုံးပြောခဲ့သလို ညီညွတ်ရေး … ငြိမ်းချမ်းရေးပဲဗျ။ ညီညွတ်ရေး … ရှိမှ ငြိမ်းချမ်းရေးရှိမယ် … ငြိမ်းချမ်းရေးရှိမှ လွတ်လပ်ရေး … ဒီမိုကရေစီရေး … ရှိနိုင်မယ်။ ဒါပေမဲ့ သမိုင်းဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမဟုတ်ဘူးဗျ။ ကိုယ် မဖြစ်ချင်တာလည်း ဖြစ်ရတယ် … ဖြစ်တတ်တယ် ….´

နောက်တနေ့ စစ်အုပ်စု၏ ရေဒီယိုမှ သတင်းစာအာဘော်ပိုင်းတွင် ဆရာဒဂုန်တာရာ၏ အထက်ပါ VOA အသံလွှင့်ချက်ကို ဆတ်ဆတ်ခါ နာကာ အောက်တန်းကျကျ တုံ့ပြန်ထားသည်ကို နားထောင်လိုက်ရ ပါသည်။ သြော် …. စစ်အာဏာရှင်ဟာ ဘာလို့များ ငြိမ်းချမ်းရေး အဖိုးအိုတဦးရဲ့ ငြိမ်းချမ်းရေးသဘောထား ရပ်တည်ချက်နဲ့ သမိုင်းအမြင်ကို သိပ်ပြီးကြောက်နေရပါသလဲ …… ။ ။

● စာကိုး
ရုပ်ပုံလွှာ (ဒဂုန်တာရာ)
နိုင်ငံရေး ယဉ်ကျေးမှု (ဒဂုန်တာရာ)