>
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၃၊ ၂၀၁၁

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် သမ္မတဦးသိန်းစိန် ထံသို့ ယခင်လက တကြိမ် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာ ပေးပို့ပြီးနောက် ယမန်နေ့ နေ့စွဲဖြင့် ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
ယမန်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ယခင်လက ၎င်းတို့ပေးပို့သည့် မေတ္တာရပ်ခံစာကို ပို့ပြီးနောက် သမ္မတက တုံ့ပြန်ဆောင်ရွက်ပေးခဲ့သည်ကို အားရကျေနပ်ကြောင်း၊ ကုလသမ္မဂ အတွင်းရေးမှူးချုပ်နှင့် အချို့သောနိုင်ငံများက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀၀ နီးပါးရှိသည်ဟု ရည်ညွန်းဖေါ်ပြနေခြင်း၊ ယခင်လက လွှတ်ပေးသည့် အထဲ ၂၀၀ ကျော်သာ ပါရှိသည်ဟု ပြောဆိုနေကြောင်းကို ရှေးဦးစွာ ဖေါ်ပြထားသည်။
ထို့နောက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အဆိုပါကိစ္စကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနသို့ စုံစမ်းရာတွင် အနောက်နိုင်ငံအချို့နှင့် အခြားသတင်းရင်းမြစ်များမှ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ နီးပါး စာရင်းကို တောင်းယူပြီး အကျဉ်းကျနေသူများနှင့် တိုက်ဆိုင် စစ်ဆေးရာတွင် အမှန်တကယ် အားဖြင့် ၅၀၀ ခန့်သာ ရှိတော့သည်ကို တွေ့ရကြောင်းနှင့် အဆိုပါ ၅၀၀ ခန့်မှ ၂၀၀ ကျော်လွှတ်ပေးခဲ့သဖြင့် ယခု လောလောဆယ်တွင် ၂၀၀ ကျော်ကျော်သာ ကျန်ရှိသည်ဟုလည်း ဖေါ်ပြထားသည်။
ထို့ကြောင့် အဆိုပါ ကျန်ရှိနေသူများအနက်မှ နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမည့် အန္တရာယ် မရှိနိုင်သော အကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် မေတ္တာရပ်ခံ တင်ပြပါသည်ဟု ပါရှိသည်။
အိတ်ဖွင့်ပေးစာ၏ အပိုဒ် ၈ တွင် အကျဉ်းကျခံနေရသူများအနက် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာမှုကို ထိန်းသိမ်းရန် လိုအပ်ချက် အနေဖြင့် လွတ်ငြိမ်းချမ်းသာတွင် ထည့်သွင်းမပေးနိုင်သေးပါက နယ်ထောင်များမှ မိသားစုနှင့် တွေ့ဆုံရန် လွယ်ကူသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးဖို့ စဉ်းစားပေးရန်လည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။
အထက်ပါဖေါ်ပြချက်များကို လေ့လာခြင်းဖြင့် မကြာမီ ရက်ပိုင်းအတွင်း နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် တကြိမ်ကြေညာရန် အလားအလာ ရှိသည်ဟု ကောက်ချက်ချနိုင်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက ပြောသည်။
“အိမ်ကလည်းတခုခု ထူးမလားလို့ သတင်းနားထောင်နေကြတယ်။ အခုချိန်ထိတော့ ဘာမှ မထူးခြားသေးဘူး” ဟု ယခင်လက လွတ်မြောက်လာသော်လည်း ၎င်းတို့မိသားစုဝင် ၂ ဦးအကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသူ မနိုးနိုးက ပြောသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယခုကဲ့သို့ မေတ္တာရပ်ခံသည့် အိတ်ဖွင့်ပေးစာကို ယခင်လ ၁၀ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ပြီး နောက်တနေ့တွင် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ကြေညာခဲ့သည်။ ယင်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ နိုင်ငံရေး အကျဉ်းသား (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ) ၂၀၀ ကျော် လွတ်မြောက်လာခဲ့သည်။
ထင်ရှားသူများထဲမှ လူရွှင်တော် ဇာဂနာ၊ အက်အက်စ်အေ ဗိုလ်ချုပ်ဟောင်း ဆေထင် နှင့် ကော့မှူးမြို့နယ် အန်အယ်ဒီမှ မစုစုနွေး အစရှိသူတို့ လွတ်မြောက်လာသော်လည်း ထင်ရှားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ ပါဝင်ခြင်း မရှိခဲ့ပေ။
နိုင်ငံရေး အကျဉ်းသားများ ၂၀၀၀ နီးပါး ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်းကို နိုင်ငံတကာ အစိုးရနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အစဉ်တစိုက် ထောက်ပြပြောဆိုလျက်ရှိသည်။ နိုင်ငံရေး အကျဉ်းသား ပြဿနာနှင့် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းတို့မှာ ဦးသိန်းစိန် အစိုးရအဖို့ နိုင်ငံတကာ မျက်နှာစာတွင် ဝေဘန်ခံနေရသည့် အဓိက ကိစ္စရပ်နှစ်ခုဖြစ်သည်။