>
နိုဝင်ဘာ ၁၁၊ ၂၀၁၁

ကံ ကံ၏ အကျိုးမဟုတ်။
ဝဋ်ရှိခဲ့လို့ အသည်းကွဲရတာမျိုးလည်းမဟုတ်ဘူး။
တရားရေအေးတိုက်ကျွေးမနေကြပါနဲ့။
ဒါတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ယုတ်မာရက်စက်မှု၊ လူမဆန်တဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေသာလျှင်ဖြစ်တယ်။
“ချေ ”လည်း မချေဘူး။ “ကြေ” လည်း မကြေဘူး။
ဒါပေမယ့် ချေဂွေဗားရားရဲ့လမ်းစဉ်
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသော သြော် … သူရဲကောင်းတို့ရေ။
၂၃ နှစ် တိုက်ပွဲခရီးစဉ်မှာ
ဖခင်ဆုံးသူ
မိခင်ဆုံးသူ
သားသမီးဆုံးသူ
ဇနီးခင်ပွန်းဆုံးသူ
ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူတွေ ဆုံးခဲ့တယ်။
သူတို့ဆုံးပေမယ့် သူတို့ လုံးဝမရှုံးခဲ့ပါဘူး။
သူတို့အတွက် ကြေကွဲခဲ့ရပေမယ်။ သူတို့ ကြေမွပျက်သုန်းမသွားခဲ့ဘူး။
သမိုင်းရဲ့အလင်းရောင်ထဲမှာ ထာဝစဉ်နိုးထ တလက်လက်တောက်ပနေမယ့်သူတွေ။
အို …. ဦးမောင်ကိုတို့
အို …. ဦးခင်မောင်မြင့်
အို …. ခရမ်းဦးစိန်ဝင်း
အို …. နီအောင်မေသု
အို … ဘီတီကီး
အို … ကိုအောင်ကျော်မိုး
အို … ကိုသက်ဝင်းအောင်
အို …. ကိုမြင့်သန်း
အသင်တို့ကို ငါတို့ အခါခါငိုရှိုက် ဦးညွတ်ပါတယ်။
အကျဉ်းထောင်တွေထဲမှာ မသေရှင်သန်၊ အညွန့်ချိုးမခံဘဲ ကျန်ရစ်သူတွေလေးစားတယ်။
လေပြေကြောင့်ပဲ အေးပါစေ။
နေခြည်ဖြာလို့ပဲ နွေးပါစေ။
ရွှေပြည်ဌာနလည်း ဝေးပါစေ။
အသက်တစ်ချောင်းအတွက် အေးရာအေးကြောင်း နွေးရာနွေးကြောင်း
အမျက်ဖြေလင်္ကာမဆက်သလိုဘူး၊ အနန္တသူရိယရယ်။
သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ
သူတစ်သောင်းမှာ ပျက်လိမ့်ကာသာ ဓမ္မတာတည်းလို့ မရေးလိုပါဘူး။ ဒါ တိုက်ပွဲလေ။
ဒါပေမယ့်
သူတို့ကတော့ အနိုင်မခံ အရှုံးမပေး၊ နီရဲတဲ့ သွေးတွေစွန်းထင်းနေတဲ့ တိုက်ပွဲဝင်အလံကို ချပြီး
ဖြစ်ကတတ်ဆန်းဆေးနီသုတ်ထားတဲ့ ရှုံးနိမ့်ခြင်းအလံကို “အောင်ပွဲခံ”အထိမ်းအမှတ်အဖြစ် အမြင့်ဆုံးလွှင့်ထူကြတော့မယ်ထင်ပါရဲ့။