>
အယ်ဒီတာ့လက်ရေး (၄)
မောင်ရစ်၊ နိုဝင်ဘာ ၉၊၂၀၁၁
ဒီတခေါက်လည်း စာကြွေး၊ သတင်းကြွေးတွေ ပိနေတော့လက်ရေးတိုတွေရေးပြီး အတိုချုံးစာပြန်စရာတွေကို ဒီကနေပဲ ပြန်လိုက်ပါတယ်။
မြန်မာပြည်ဒီမိုကရေစီရေးကူညီမှုနဲ့ နိုင်ငံရေးအကျဉ်းသားမိတ်ဆွေများ ရန်ပုံငွေ
အောက်တိုဘာလက ငွေဈေးက ၇၈၀ လောက်ပေါက်တယ်။အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုများကူညီစောင့်ရှောက်ရေးကွန်ယက်ကတဆင့်နိုင်ငံရေးအကျဉ်းသား မိတ်ဆွေ ၅၄ ဦးကို မြန်မာကျပ်ငွေ ၅ သိန်း ၈ သောင်း ကူညီမှုပြုခဲ့ပါတယ်။မိုးမခမိတ်ဆွေများအားလုံးကို ကျေးဇူးတင် ဂုဏ်ယူကြောင်း မှတ်တမ်းပြုပါတယ်။
ထူးခြားတာကတော့ အောက်တိုဘာ ၁၂ စစ်အစိုးရရဲ့ကန့်သတ်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတွေထဲမှာ မိုးမခမိတ်ဆွေ နိုင်/ကျဉ်း၁၂ ဦး ပါဝင်တဲ့ အကြောင်းပါပဲ။ ပေးအပ်နေကြ အထောက်အကူတွေကို ယခင်စာရင်းအတိုင်းပဲ ပေးအပ်လိုက်ပါတယ်။
အန်အယ်ဒီပါတီက နိုင်/ကျဉ်း ကွန်ယက်ကလွတ်မြောက်သူတွေနေရာမှာ ကျန်ရှိနေသူတွေနဲ့ အစားထိုးပြီး စာရင်းအသစ်ပေးပို့မယ်လို့ ပြောပါတယ်။ဒါကြောင့် အဲသည်စာရင်းဖြည့်စွက်မှုနဲ့ ၅၄ ဦးအတိုင်း ဆက်လက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
မိုးမခမိတ်ဆွေအလှူရှင်တွေကို ဒီကနေထပ်မံတိုက်တွန်းလိုတာကတော့အမှန်တကယ်သာ နိုဝင်ဘာလတွင်း နိုင်/ကျဉ်းတွေ အကုန်လွတ်မြောက်လာမယ်သာဆိုရင်ဖြင့် ဒီလအလှူငွေဟာမိုးမခရဲ့ နောက်ဆုံး နိုင်/ကျဉ်း မိတ်ဆွေတွေအတွက် အလှူဖြစ်ပါလိမ့်မယ်။ သူတို့တတွေကိုမိုးမခက အင်န်အယ်ဒီကတဆင့် ဆက်သွယ်ပြီး နှုတ်ဆက်အားပေးမှုတွေ ဆက်လုပ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။
တကယ်ကို အဲသည်လိုပဲ မျှော်လင့်ပါသလားအလှူရှင်မိတ်ဆွေများ ခင်ဗျား။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိဘ၊ မောင်ဘွား၊ မိသားစုတွေကတော့ဒီနေ့ နက်ဖြန်ကို ချက်ခြင်း လွတ်မြောက်စေချင်လှပါပြီ။ ကိုယ်ချင်းစာကြည့်ကြပါ ခင်ဗျာ။
မိုးမခက အင်္ဂလိပ်စာသင်ကြားရေး လေ့ကျင့်ရန် အသံစီဒီ ၀ိုင်းလှူပါ
မိုးမခမှာ လွန်ခဲ့တဲ့ ၂၀၀၈ ခန့်ကတည်းက အမေရိကန်အင်္ဂလိပ်စကားပြောအသံစီဒီ ထုတ်ဝေခဲ့တယ်။ အိန္ဒိယနဲ့ စင်္ကာပူက စေတနာရှင်တွေ၊ လုပ်အားပေးတွေနဲ့ အလှူရှင်တွေက၀ါယမစိုက်ထုတ်တာကို မိုးမခ ၀င်ရောက်ကူညီပြီး ဖြန့်ချိပေးတာပါ။ တခွေကို ဒေါ်လာ ၅ ကျပ်နဲ့ရောင်းတယ်။ ကော်ပီရပြီးရင် ကြိုက်သလောက် ပွားပြီးလည်း ဖြန့်ချိလို့ ရပါတယ်။ ပညာအလှူအဖြစ်မတားမြစ်ပါဘူး။
အင်္ဂလိပ်စကားပြောကို နေ့တဓူဝ ဖွင့်ထားပြီးနားရည်ဝအောင် လေ့ကျင့်လိုသူ လူကြီး၊ လူငယ်များကို ရည်ရွယ်ပါတယ်။ ကိုယ့်ကွန်မြူနီတီမှာအင်္ဂလိပ်ဘာသာစကားပြော အခက်အခဲရှိနေတဲ့ တိုင်းရင်းသားမြန်မာမိသားစုတွေအတွက် အဆင်ပြေအောင်စီစဉ်တဲ့စီဒီလေးပါပဲ။ တချို့ကတော့ အဲဒါလေးကို ကွန်ပျူတာထဲထည့် ဖွင့်ပြီး နားထောင်ရင်းအိပ်ပျော်သွားတယ် ဆိုပါတယ်။ ဒါလဲ မဆိုးဘူးပေါ့။
မိုးမခမှာ အဲသည်စီဒီကို ပြန်ကြော်ငြာထည့်သွင်းတဲ့အခါမှာယူသူတွေ ပြန်ပေါ်ထွက်လာပါတယ်။ ၀မ်းသာမိပါတယ်။ များများမှာပြီး များများ ကူးယူဖြန့်ဝေကြပါခင်ဗျာ။ကြိုက်သလောက်ကိုယ့်ဖာသာလည်း ကူးဖြန့်လို့ရပါတယ်။ ကျနော်တို့ကို မှာတော့ ဘာဖြစ်သလဲ။ကျနော်တို့တွေ ဆက်ပြီး ပညာဒါနအလုပ်လုပ်ဖို့ ပို အားဖြစ်တာပေါ့။
အိုက်တင်ခံတယ်ဆိုတာ အနုပညာလည်းဖြစ်၊ နိုင်ငံရေးလည်း ဖြစ်တယ် မဟုတ်လား
အဝေးရောက် (exile ကို မြန်မာမှု နုအောင်ပြုတာပါ)စာရေးဆရာတဦးက သူ့စာတွေ မြန်မာပြည်တွင်းမှာ ပြန်ထုတ်ပြီ၊ ဘုတ်အုတ်တွေ ထွက်တော့မည် ဆိုပြီးသတင်းကောင်းပေးပါတယ်။ မုဒိတာပွားရင်းမတ်တပ်က သူရင်ခံသွားအောင် စကားတခွန်းပြောမိတယ်။နိုဝင်ဘာလထဲမှာ နိုင်/ကျဉ်းတွေ လွတ်မယ် ဆိုမှတော့ ဒီအချိန်မှာ ခင်ဗျားက တင်းခံထားလိုက်ပါလားဗျာလို့ ပြောမိတာပါ။
အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊စာနယ်ဇင်းသမားတွေ အကျဉ်းချထားသ၍ ငါ့စာတွေကို လက်ရှိအစိုးရလက်ထက်မှာ ထွက်ဝေခွင့်မပြုနိုင်ဘူးဆိုပြီးတော့ခေါင်းမာပြသင့်တယ် မဟုတ်လား။ (မောင်သာရလည်း သူ့စာအုပ်အဟောင်းတွေ ရိုက်စားကုန်မှာစိုးလို့တားလိုက်သေးတယ်ကြားတယ်၊ ဟုတ်တယ်နော် ဆရာကိုဝင်းငြိမ်းရေ)။ တကယ်က သူတို့လည်း လွတ်တော့မှာပါဆိုပြီး(ကိုဇာဂနာအဆိုအရပေါ့လေ) ပြောထားတော့ ဒီအချိန်မှာ နည်းနည်းတော့ တောင့်ထား၊ အိုက်တင်ခံထားသင့်တယ်ထင်တာပဲလေ။
အခုအချိန်မှာ ပြောင်းနေပြီ၊ ပြင်နေပြီဆိုပြီးတခါတည်း ဘောင်းဘီတွေ ခါးတောင်းကျိုက်ပြီး စစ်အစိုးရထံ ဒိုင်ဗင်ထိုးနေသူတွေကို ကြည့်ပြီးအကုသိုလ်တွေ ပွားတယ်ပဲ ပြောချင်ပြောပေါ့လေ။ စဉ်းစားမိတာ ပြောတာပါ။ အာဆီယံထိပ်သီးညီလာခံကနိုဝင်ဘာ (၁၇-၁၉) ၊ အင်န်အယ်ဒီ ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင် မတင် စဉ်းစားမှာကနိုဝင်ဘာ ၁၈၊ အဲသည်မတိုင်ခင်မှာ နိုင်/ကျဉ်းတွေ လွှတ်လိုက်လို့ကတော့ အပြင်ကနေ ခါးထောက်ခေါင်းမော့ပြီး အိုက်တင်ခံရကျိုးတော့ နပ်လောက်ရဲ့ ထင်တာပဲလေ။
မိုးမခက ကွန်မြူနီတီအတွက် အော်တာနေးတစ်သတင်းတွေ ဆောင်းပါးတွေ တင်သင့်၊မတင်သင့်
မြန်မာပြည်ကြီးဟာ နေ့ချင်းညချင်းဆိုသလိုရွှေရည်စိမ်ထားတဲ့ ဒီမိုကရေစီဖြစ်ဖြစ်၊ ဆည်ရေတွေဖောက်ချလိုက်တဲ့ မြစ်ဆုံခရေဇီပဲဖြစ်ဖြစ်ရသွားမယ်ဆိုရင် မိုးမခမီဒီယာကြီးဟာ ဆက်ပြီး တိုက်ပွဲဝင်စရာ အနီးကပ်ဆုံးရန်သူတွေ မရှိတော့ဘူးဖြစ်သွားမယ်လို့ စိုးရိမ်သူတွေက သတိပေးပါတယ်။
အဲသည်အတွက် ရေးစရာ တိုက်ခိုက်စရာ နိုင်ငံရေး၊စစ်ရေး၊ စကြာဝဠာရေးဆိုင်ရာ စာတွေ သတင်းတွေမရှိတော့ရင် ဘာတွေလုပ်မလဲဆိုပြီး မိုးမခမိတ်ဆွေတွေကနည်းဗျူဟာတွေ မဟာဗျူဟာတွေ တောင်းဆိုကြပါတယ်။ ဒါကြောင့် မိုးမခမှာ ရေးစရာ တင်စရာ အော်တာနေးတစ်စာတွေရှိနေပါကြောင်း အထက်ပါ သေရေး ရှင်ရေးကိစ္စတွေ တင်စရာမရှိတော့ရင် နိုင်ငံတကာရေးရာများ၊အမေရိကန်ရွေးကောက်ပွဲ၊ စွမ်းအင်ချွေတာရေး၊ သိပ္ပံနဲ့ နည်းပညာ၊ လောကဓာတ်ခန်း၊ ကျန်းမာရေး၊ကင်ဆာရောဂါ ကာကွယ်ရေး၊ ပညာရေး ဖွံဖြိုးတိုးတက်ရေးတွေ ဆက်လက်ရေးသား ဖော်ပြသွားမှာ ဖြစ်ကြောင်းဖြေကြားလိုက်ပါတယ်။
အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အာရှနဲ့ မြန်မာပြည်အပါအ၀င်ခရီးသွားဆောင်းပါး မြောက်များစွာကိုလည်း မုဒိတာပွားဖွယ် ရေးသားဖော်ပြနိုင်ကြောင်းလည်းဖြည့်စွက်လိုက်ပါတယ်။ ဒ့ါအပြင် အားကျစေချင်လွန်းလို့ဆိုပြီး ပြည်တွင်း ပြည်ပ အောင်မြင်ကြိုးစား လှုပ်ရှားနေကြသူ မျိုးဆက်သစ်တွေရဲ့ အကြောင်းတွေ အချက်အလက်တွေကိုလည်း ဝေေ၀ဆာဆာတင်ဆက်သွားနိုင်ကြောင်းပြောလိုက်မိပါသေး။
အဲသည်လို ပြန်ကြားလိုက်မိတဲ့အခါ မိုးမခချစ်သူတွေအတော်များများက ပြန်ပြောတာကတော့ ဆက်ပြီး လုပ်မနေပါနဲ့တော့ကွာ တဲ့။ ဒါတွေက အင်တာနက်မှာအကုန်တိုက်ရိုက်ဖတ်လို့ ရနေပြီပေါ့တဲ့။ ခုနင်ကပြောတဲ့ အင်္ဂလိပ်စာစကားပြောစီဒီကိုအပိုင်ကျွမ်းကျင်သွားရင်မြန်မာလိုတောင် ဖတ်နေစရာ မလိုတော့ဘူးတဲ့ ခင်ဗျ။ စဉ်းစားစရာပဲပေါ့နော်။
မိုးမခ ဘာလဲ ဘယ်လဲ
ထုံးစံအတိုင်း အရင်ဆောင်းပါးတုန်းကလို ဘာလဲ၊ဘယ်လိုဆိုတဲ့ မေးခွန်းနဲ့ပဲ နိဂုံးချုပ်ပါ့မယ်။ သေချာတာကတော့ ပါးစပ်ပိတ်၊ နားပိတ်၊မျက်စိပိတ်ခံထားရတဲ့သူတွေအတွက် ပြည်သူတို့ရဲ့ စကားပြန်ပဲ ဆက်လုပ်ဖြစ်ဖို့ကတော့ သေချာပါတယ်။မျက်စိကြီး နားကြီး သြဇာကြီးသူတွေအတွက် နားခံတော် ဘောင်းတော်ငြိတ်၊ စိတ်တော်သိ၊ ကာရာအိုကေပြန်ဆိုပြနေတဲ့မီဒီယာမျိုးတော့ မဖြစ်ချင်ဘူး။ အကျဉ်းထောင်ထဲက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ၊စာနယ်ဇင်းသမားတွေ၊ အနုပညာရှင်တွေ မလွတ်မြောက်မချင်း၊ ပြီးတော့ အဲသည်ထောင်တံခါးတွေ တခါတည်းပိတ်ဆို့ ချုပ်ငြိမ်းမှု မရှိမချင်းကတော့ အိုက်တင် ခံမြဲ ခံနေဆဲ ဖြစ်မှာပဲ။
(သရုပ်ဖော်ဓာတ်ပုံ -မိုးမခလိုဂို၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်က အထိမ်းအမှတ်ပုံကို ယူတာဖြစ်တယ်)