>
အမေရိကန်သတင်းတိုထွာများ- အရင်းရှင်ဆန့်ကျင်ရေး မင်းမဲ့ဝါဒီ
နိုင်ငံတကာသာဂိ၊အောက်တိုဘာ ၁၈၊ ၂၀၁၁
ဝေါစတရိသိမ်းပိုက်ရေး လှုပ်ရှားမှုများ ကမ္ဘာကို ပြန့်ပြီ
လွန်ခဲ့တဲ့ တလ၊စက်တင်ဘာလလည်က စပြီး နယူးယောက် စတော့ဈေးကွက်ဖောက်ကားတဲ့ ဝေါလ်စတရိ (wall street)မှာ အရင်းရှင်ကြီးများနဲ့ ဘဏ်လုပ်ငန်းရှင်များကို ကန့်ကွက်ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ စတင်ခဲ့တယ်။ Occupy Wall Street လို့အမည်ပေးထားတဲ့ ကင်ပိန်းဟာလက်ရှိအမေရိကန်စီးပွားရေး ကျဆင်းမှု၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့နိုင်ငံရေးသမားများ၊ အစိုးရများရဲ့ ကိုယ်ကျိုးကြည့်မှုတွေကိုဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားလူငယ်တွေ၊ အလုပ်လက်မဲ့တွေနဲ့ လူလတ်တန်းစားတွေရဲ့တယောက်တလက် သပိတ်မှောက်လှုပ်ရှားမှုဖြစ်ပါတယ်။ အာရပ်နဲ့ အာရှမှာ အာဏာရှင်ဆန့်ကျင်ရေး(အာရပ်နွေဦး) တိုက်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုကို ဆန့်ကျင်ကန့်ကွက်တိုက်ပွဲဝင်နေကြချိန်မှာအနောက်ကမ္ဘာမှာကတော့ အရင်းရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုတွေကိုတိုက်ဖျက်ဖို့ ချီတက်လာကြပြီ ဖြစ်ပါတယ်။
အရင်းရှင်ကြီးတွေ၊ဓနရှင်တွေ၊ ဘဏ်သူဋ္ဌေးတွေဟာ ဆန္ဒ̔ပြသူများအဆိုအရ အမေရိကန်လူဦးရေထဲမှာ လူ့မလိုင် ၁ရာခိုင်နှုန်းဖြစ်တယ်။ သူတို့ ဥစ္စာဓနဟာ အမေရိကန်ပြည်ရဲ့ ၅၀% ကျော်ကိုချုပ်ကိုင်ထားတယ်။ ပြီးတော့ အစိုးရတွေကို အကြပ်ကိုင်ပြီးသူတို့အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်းခိုင်းနေတယ်။ဆင်းရဲမွဲတေ ကြပ်တည်းနေတဲ့ ကျောင်းသား၊ လူငယ်၊ လူအို၊ လူနာ၊ အလုပ်လက်မဲ့တွေအတွက်အကာအကွယ် အထောက်အကူပြုတဲ့ အစိုးရဘတ်ဂျက်တွေကို လျော့ချဖြတ်တောက်ဖို့ကြိုးစားနေတယ်။ ဒါကြောင့် ပစ္စည်းမဲ့ပြည်သူတွေဟာ နောက်ဆုံးမှာသီးမခံနိုင်တော့တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ လမ်းမတွေပေါ် ချီတက်၊ တပ်စွဲပြီးကန့်ကွက် ဆန့်ကျင်မှုတွေ လုပ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲသည်အရင်းရှင်ဆန့်ကျင်ရေး မြို့သိမ်းသပိတ်စခန်းတွေဟာ နယူးယောက်ကနေ အစပြုပြီးအမေရိကန်ပြည်နယ်အနှံ့က မြို့ကြီးတွေဆီ ပြန်နှံ့နေပြီ။ ကမ္ဘာတလွှားကအရင်းရှင်နိုင်ငံတွေဆီမှာလည်း (ဂျပန်၊ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ ဥရောပ၊ကိုရီးယား စသည်) က လူလတ်တန်းစားတွေဆီ၊ လူငယ်ကျောင်းသားတွေဆီ တောမီးသဖွယ်ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးဆောင်သူ စနစ်တကျမရှိဘဲမင်းမဲ့စရိုက်ဆန်ဆန် တယောက်တလက် ၀ိုင်းဝန်းကြတဲ့ လှုပ်ရှားမှုဟာ ပုလိပ်အဖွဲ့ရဲအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကြတာတွေရှိပါတယ်။ အစိုးရတွေကတော့ လောလောဆယ်မှာ ဘာမှ ၀င်ရောက် စွက်ဖက်ခြင်း မရှိသေးပါဘူး။
အစိုးရတွေနိုင်ငံရေးသမားတွေကတော့ လူထုရဲ့ ဒေါသပုန်ကို အသုံးချပြီး အမြတ်ထုတ်ပြီး နောင်လာမယ့်ရွေးကောက်ပွဲမှာ သူတို့အနိုင်ရအောင် လုပ်ကြဦးမှာပါပဲ။ ဒါပေမယ့် အဓိကကတော့နိုင်ငံရဲ့ လူများစုဖြစ်တဲ့ ဆင်းရဲသားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေနဲ့လူလတ်တန်းစားတွေမှာ အရင်းရှင်ကြီးများရဲ့ အမြတ်ထုတ် ခြယ်လှယ် လွှမ်းမိုးမှုတွေကိုသဘောပေါက် နားလည်သွားကြဖို့အရေး၊ သူတို့တွေရဲ့ လှည့်ဖျားမှုတွေနောက်မှာစားသုံးသူတွေ ဆက်အလိမ်မခံရဖို့အရေး အသိပညာတိုးသွားဖို့က အရေးကြီးပါတယ်။ နိုင်ငံရေးသမားတွေစီးပွားရေးသမားတွေကို ပြန်ပြီး ဖိအားပေး တိုက်ခိုက်ကြဖို့ ပြည်သူတွေကျောမွဲတွေ အချင်းချင်း ညီညွတ်ရေး သိသာထင်ရှားလာစေဖို့က အရေးကြီးတယ်လို့ဆန္̔ဒပြသူတွေက ပြောနေကြပါတယ်။