>Ma Nii – Poem

>ကဗျာ နောက်ခံ မိတ်ဆက် ….

အင်းစိန်ထောင်မှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ဒဏ် (၂၉)နှစ်ကျခံနေရ တဲ့ ကလောင်အမည် “မဏီ” ရေးဖွဲ့ထားတဲ့ ကဗျာပါ။ သူ့ရဲ့ ကဗျာတွေ မိုးမခမှာ ယခင်ဖေါ်ပြခဲ့ဖူးပါတယ်။ ကျန်းမာရေး မကောင်းပေမယ့်လည်း ယခု တကြိမ် လွတ်ငြိမ်းခွင့်မှာ ပါဝင်ခြင်းမရှိပါဘူး။ စိတ်ဓါတ်ကြံ့ခိုင်ဆဲ၊ အန်အယ်ဒီ နဲ့ ဒေါ်စုရဲ့ ဦးဆောင်မှုကိုလည်း ယုံကြည်ဆဲ၊ တိုင်းပြည်သာ ကောင်းမယ်ဆိုရင် သူတို့ဘ၀တွေ ပေးဆပ်ရတာကို တခါမှ စာမဖွဲ့လိုသူတဦးပါ။ ယခုဆိုရင် ထောင်ထဲမှာ အကျဉ်းကျနေတာ ၅ နှစ်ကျော်ရှိလာခဲ့ပါပြီ။

…………… …………

တို့အမေ
မဏီ
အောက်တိုဘာ ၁၇၊ ၂၀၁၁


ဧရာဝတီဆိုတဲ့ အမေ့နာမ
ကမ္ဘာကတောင် ဦးညွှတ်ရတဲ့ အိုအမေ
ခေတ်အဆက်ဆက်စီး
အမေဟာ ရာဇ၀င်ထဲက သတို့သမီး
တည်ငြိမ်တဲ့အလှ
အရှုံးမပေးတဲ့ အမေ့မာန
… သားသမီးတွေအတွက်
အမေဟာ စံပြဖြစ်ခဲ့တယ်။

မြန်မာပြည်မှာမွေး .. မြန်မာပြည်မှာကြီး
မြန်မာပြည်မှာ စီးဆင်းခဲ့တဲ့
အမေဟာ သွေးမနှောတဲ့
မြန်မာပြည်သူ စစ်စစ်ဖြစ်တယ်။
အမေဟာ သားသမီးတွေအတွက်
နောက်ဖေး မီးဖိုချောင်ကို ပိုစေသလို
အေးမြမှုနဲ့လဲ လွှမ်းခြုံပေးခဲ့တယ်။

သားသမီးတွေအားလုံး
နို့ချိုသောက်သုံးဖို့
လပြည့်လကွယ် ရေတက်ရေကျ
နရီစည်းရိုက် အချိန်လဲကိုက်ခဲ့တယ်။
အမေ့မှာရှိတဲ့ သံယံဇာတအမွေ
သားသမီးအားလုံး အညီအမျှ ခွဲဝေပေးခဲ့တယ်။
နွမ်းပါးတဲ့သားသမီးကို
အချစ်ပိုကြီးလို့
… လက်တက်တွေကဖြာစီး
စိုက်ပျိုးရေးလဲ လုံခဲ့ရတယ်။
နွေရာသီမှာ မောပန်းနွမ်းလျ
ပူလွန်းလှလို့ အမေ့ဝတ်ရုံကို အသာခွာ
ပေါ်နေတဲ့ ရင်နှစ်မွှာပေါ်မှာ
ရာသီစိုက်တဲ့ သားသမီးတွေကို
နားလည်မှုအပြုံးနဲ့ နွေးထွေးစေခဲ့သေးတယ်။

အခုတော့
အမေ့ခန္ဓာကိုယ် ပါးပါးလျလျကို
သမီးတို့ မထွေးမနိုင်တော့ဘူး။
အမေ …
အမေရဲ့ မဲမှောင် ဆံပင်ဖြူလွလွကိုလဲ
သမီးတို့ မယုယနိုင်တော့ဘူး အမေ။
အမေ့ရင်ခွင်ကိုခွင်းတဲ့ ရန်သူရဲ့
အဆိပ်မြားအစင်းစင်းကိုလဲ
သမီးတို့ မကာကွယ်နိုင်တော့ဘူးအမေ။

အမေ့ခြေစုံ သောင်ခုံကို
နဖူးဦးခိုက် သမီးတိုက်ရင်း
တောင်းပန်ချင်ပါတယ် အမေ
သမီးတို့ကို မခွဲပါနဲ့အမေ
ဘယ်လောက်ပဲ နွမ်းလျလျ
ဘယ်လောက်ပဲ ကြမ်းရှရှ
အမေ့ရင်ခွင်ကို သမီးတို့
ခိုလှုံပါရစေ အမေ …။

ကဗျာဆရာ၏ ရေးဖွဲ့ထားသည်အား တတ်နိုင်သမျှ မှန်ကန်အောင်စာစီစာရိုက်ထားပါသည်။ လက်ရေးမူဖြင့်ကဗျာအား အောက်တွင် ဖတ်ရှုနိုင်ပါသည်။
………………………………………….
မူရင်း ကဗျာ