>
ကေသွယ်
အောက်တိုဘာ ၁၆၊ ၂၀၁၁
မိသားစု ရဲ့ လည်ဆွဲ တန်ဆာ။
သူက တကယ့် ယောက်ျားကောင်း ဖြစ်တယ်
နိုင်ငံ အတွက် မျက်ရွဲ ရတနာ။
သူက တကယ့် ခေါင်းဆောင်ကောင်း ဖြစ်တယ်
ပြည်သူတွေ နဲ့ မခွဲ မခွါ။
သူက တကယ့် သူငယ်ချင်းကောင်း ဖြစ်တယ်
ရဲဘော် တွေ နဲ့ သေအတူ ရှင်မကွာ။
သူက တကယ့် လူသား ကောင်း ဖြစ်တယ်
ကျင့်ဝတ်တွေ ထဲ အမြဲ လိုက်နာ။
++
သူ့မှာ သီလ ရှိတယ်
စောင့်ထိန်းတယ်..မှန်ကန်တယ်။
သူ့မှာ သိက္ခာ ရှိတယ်
တည်ကြည် တယ်..ဖြောင့်မတ်တယ်။
သူ့မှာ သစ္စာ ရှိတယ်
မြဲမြံ တယ်..စောင့်သိတယ်။
သူ့မှာ မေတ္တာ ရှိတယ်
သန့်စင်တယ်.. လေးနက်တယ်။
သူ့မှာ အနုပညာ ရှိတယ်
ဖွဲ့နွဲ့ တယ် .. ထိမိတယ်။
++
သူ့ စာကဗျာ တွေ က –
နင်-ငါ သက်သက် ကလီကမာ မဖက်ဘူး
အလင်္ကာ မြောက် ယုံ ရသထုံ တယ်။
သူ့ စကားလုံး တွေ က –
မြှားတစင်း လို မပစ်ခွင်းဘူး
နေတစင်း လို အမြဲ လင်း တယ်။
သူ့သမာဓိ က-
ခေတ်တခေတ် ရဲ့ သာယာ မူးယစ် မူ တွေ အောက် မသက်ရောက်ဘူး
ထောင်နံရံ တွေ ကို ဖောက် ၊ မှတ်ကျောက် တင် ခဲ့ တယ်။
သူ့ပုံရိပ်က-
မျက်နှာ တွေ ပြည့်သိပ် .. ငါ-တံဆိပ် ခပ်နှိပ် ထား တဲ့
ခါတော်မီ စာမျက်နှာ ထိပ် မှာ မရှိဘူး
ဝိညဉ် တွေ ခြင်း တွဲ ချိတ်
တို့တွေ အားလုံး ရဲ့ နှလုံး စိတ် မှာ သာ
အရိပ်ထင် စွဲ မြဲ နေ တော့ တယ်။
ကေ
နိုင်ငံရေး အကျဉ်းသား အားလုံး နဲ့ အတူ အမြန်ဆုံး လွတ်မြောက် စေ ကြောင်း.. ဆန္ဒ လောင်း လျက်…
