>MoeMaKa – The Order of Thein Sein aka Order by Ingar

>

ဦးသိန်းစိန်အစိုးရ၏ တန်းစီဇယား သို့မဟုတ် “အင်္ဂါစဉ်”
မိုးမခ၊ အောက်တိုဘာ ၁၆၊ ၂၀၁၁
ယခင်စစ်အစိုးရလက်ထက်နဲ့ ယခု ကြံ့ဖွံ့ကြီးစိုးတဲ့ အရပ်သား အစိုးရ လက်ထက်မှာ ဘာတွေကွာခြားလာပါသလဲ။ အရင် ၀န်ကြီးချုပ်တွေ၊ အတွင်းရေးမှူးတွေက အခု အစိုးရမှာ အရေးကြီးတဲ့ သမ္မတ၊ဒုသမ္မတ တာဝန်ပြန်ယူထားပါတယ်။
လူဟောင်းတွေကိုပဲပြန်ထည့်သွင်းထားပေမယ့် အရင်တုန်းက နအဖ အစိုးကလက်ထက် တန်းစီဇယားနဲ့ အခု ဦးသိန်းစိန်အစိုးရဟာ  တန်းစီဇယားတွေ ကွာခြားလာပါတယ်။ မည်သူကမည်သူထက် အရေးပါသလဲ ဆိုတဲ့ တန်းစီဇယားကို အင်္ဂါစဉ်လို့ ၎င်းတို့ဘာသာ  အမည်ပေးထားပါတယ်။
ဦးသန်းရွှေဦးဆောင်တဲ့ နအဖအစိုးရ လက်ထက်မှာ ၀န်ကြီးဆိုသူတွေက စစ်တိုင်းမှူးတွေနောက်မှာ နေရပါတယ်။အခုကျတော့ စစ်တိုင်းမှူးတွေက ပြည်ထောင်စု ၀န်ကြီးဆိုသူတွေနောက်ကို ရောက်သွားပါတယ်။ဟိုတုန်းက ကာကွယ်ရေး ဦးစီးချုပ်က အစိုးရအဖွဲ့မှာ အာဏာအကြီးဆုံး ဖြစ်ပေမယ့် အခုခါမှာသမ္မတက သူ့ထက် အာဏာပိုရှိနေပါတယ်။
လွန်ခဲ့တဲ့၎ လလောက်က ဧရာဝတီတိုင်းမှာ အခမ်းအနားတခု ကျင်းပခဲ့စဉ် ပြည်ထောင်စု ၀န်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊စစ်တိုင်းမှူးတို့ တက်ရောက်လာကြပါတယ်။ ဘယ်သူ့ကို ဘယ်ခုံမှာ နေရာချရမလဲ ဆိုတာကို  အဲဒီတုန်းက ပွဲစီစဉ်တဲ့သူတွေ ကွဲကွဲပြားပြား မသိကြပါဘူး။စစ်တိုင်းမှူးက ပြည်ထောင်စု ၀န်ကြီး မရောက်ခင် ကြိုပြီး လာစောင့်နေတာတော့ အများက သတိထားမိကြပါတယ်တဲ့။
(သမ္မတနဲ့ ဒုသမ္မတများ )
အဲလိုအဖြစ်တွေ မဖြစ်ရအောင် ဦးသိန်းစိန် အစိုးရက အင်္ဂါစဉ် ဆိုတဲ့ တန်းစီဇယားပါတဲ့ စာအုပ်ကိုထုတ်ပြန်ပြီး အသိပေးရတာကို တွေ့ရပါတယ်။ အဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အတိုင်းဆိုရင် နိုင်ငံတော်သမ္မတပြီးရင် ဒုသမ္မတ ၂ဦးတို့က ထိပ်ဆုံးမှာနေပြီး သူ့နောက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရှိပါတယ်။ ပြီးမှ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလာပါတယ်။
ဒုသမ္မတ ၂ဦး
(ပြည်သူ့လွှတ်တော်နဲ့  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၂ ဦး)
အဲနောက်မှာ ကာကွယ်ရေး ဦးစီးချုပ်မလာခင် ပြည်ထောင်စု တရားသူကြီးချုပ်လာပါတယ်။ တရားသူကြီးချုပ်ပြီးတဲ့ အခါ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ 
 
(ကာချုပ်)

သူ့နောက်မှာ ဒုကာချုပ် မလာသေးပဲ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့လာပါတယ်။ 
 
(ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) 
ကော်မရှင်ဥက္ကဋ္ဌပြီးတဲ့နောက်  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ တို့လာပါတယ်။ သူတို့ပြီးမှ ပြည်ထောင်စု ၀န်ကြီးတွေ ဖြစ်ပါတယ်။ 
 (ပြည်ထောင်စုဝန်ကြီးများ)
 အဲဒီနောက်ပြည်ထောင်စု အဆင့် ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နဲ့ ရာထူးဝန်တို့ ဖြစ်ပါတယ်။ သူတို့ပြီးမှပြည်နယ် ၀န်ကြီးချုပ်တွေ လာပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ အဆင့် ၁၇ ဆိုရင် စစ်တိုင်းမှူးတွေကအဆင့် ၂၇ မှာရှိပါတယ်။
စစ်တိုင်းမှူးတွေရဲ့နောက်မှာ ပြည်ထောင်စု ဒုဝန်ကြီးတွေက တန်းစီဇယား အဆင့် ၂၈ အနေနဲ့လာပါတယ်။ အားလုံး တန်းစီအဆင့်၃၄ ဆင့်ထားရှိတာကိုတွေ့ရပါတယ်။
အရင်ကတန်ခိုးထွားခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေလို၊ ဒုဗိုလ်ချုပ်ကြီး သာအေးလို ပြည်နယ်ဝန်ကြီးချုပ်တွေကိုအဆင့် ၁၇ အဆင့်ထိရောက်သွားပါတယ်။ သူတို့ အထက် ၄ ဆင့်လောက်မှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအဆင့် က နေ အငြိမ်းစားယူထားတဲ့ ပြည်ထောင်စု ၀န်ကြီးတွေက ရှိနေတာမို့ အရင် ကစထမှူးဟောင်းတွေအဖို့ အတော်လေး ခံရခက်မယ့် အခြေ အနေလည်း ဖြစ်ပါတယ်။
ဒါကအင်္ဂါစဉ်ဇယား ဖြစ်ပြီး လက်တွေ့အနေအထားမှာ အချို့နေရာမှာ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ရဲ့သဘောထားကို မလွန်ဆန်နိုင်တဲ့ အဖြစ်မျိုးလည်းရှိနေတယ်လို့  ၀န်ကြီးဋ္ဌာနက အရာရှိတဦးကပြောပါတယ်။ ဥပမာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်အနေနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်လို၊ ဧရာဝတီတိုင်း ၀န်ကြီးချုပ်လိုသူ့ထက် စီနီယာကျတဲ့သူ ၊ နကိုတပ်ထဲမှာလည်း သူ မလွန်ဆန်နိုင်သူတွေကို အမိန့်ပေးဖို့ သြဇာပေးဖို့မလွယ်ဘူးလို့ အဲဒီအရာရှိက ပြောပြပါတယ်။
အဲလိုနကို တပ်တွင်း အနိမ့်အမြင့် ဆက်ဆံရေးကြောင့် ယခု လက်ရှိ အခြေအနေမှာ ပြင်ဖို့ခက်နေတာရှိပေမယ့် တရားဝင် အခမ်းအနားတွေမှာတော့ အထက်က အင်္ဂါစဉ်အတိုင်း ပြုမူ နေထိုင်ရမှာဖြစ်ပါတယ်။