>Interview with Noe Noe – what she expect from her people

>

အများအတွက် လုပ်တာ၊ နေရာရဖို့ကျော်ကြားဖို့ လုပ်တာမဟုတ်ပါ
နိုးနိုးနှင့် မိုးမခအင်တာဗျူး။ အောက်တိုဘာ ၁၄၊ ၂၀၁၁
ယမန်နေ့က လွတ်လာသည့် နိုးနိုးခေါ် နွဲ့နှင်းရည်သည် နိုင်ငံရေး အကျဉ်းသား ၅ ဦးကျခံနေရသည့် မိသားစုဝင်ထဲတွင် အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းတွင် ကျောင်းသား လှုပ်ရှားမှုဘက်မှ ပါဝင်လှုပ်ရှားခဲ့သည့်အတွက် ဖမ်းဆီးအပြစ်ပေးခြင်း ခံခဲ့ရသည်။ ၄နှစ်တာကာလ အကျဉ်းချ ခံရသော်လည်း ယုံကြည်ချက်၊စိတ်အားထက်သန်မှု ပြောင်းလဲ လျော့ပါးသွားခြင်း မရှိသည်ကို သူနှင့် စကားပြောဆိုသည့်အခါသိလာရသည်။ 
မိုးမခ။  ။နိုးနိုးက မိသားစုကြောင့်ပါတာလား ကိုယ်တိုင်ကြောင့်ပါတာလား
ဖြေ။     ။နိုးနိုးစိတ်ကြောင့်ပါ။ နိုးမိသားစုအတွက်ရောကိုယ့်ဘာသာအတွက်ပါ ဂုဏ်ယူတယ်။ ကိုယ်လုပ်တာ အများအတွက်လုပ်တာ။ နေရာတနေရာရဖို့ နာမည်ကျော်ကြားဖို့လုပ်တာ မဟုတ်တဲ့အတွက် ကိုယ့်ဘာသာဂုဏ်ယူတယ်။ ကိုယ့်မိသားစု တစ်စုလုံးအတွက်လဲ ဂုဏ်ယူတယ်။
မိုးမခ။  ။လူငယ်တယောက်အတွက် ထောင်ထဲမှာ နှစ်အတန်ကြာ အချိန်တွေပေးဆပ်ခဲ့ရတော့ ဘယ်လိုခံစားရလဲ။
ဖြေ။     ။နိုးနိုးပေးဆပ်ခဲ့တဲ့ အရာတွေက ပြောင်းလဲလာမယ်ဆိုရင်တန်တယ်လို့ ခံစားရတယ်။ နိုးနိုး အကိုတွေ အမတွေဆို ရှေ့က အများကြီးခံစားခဲ့ရတာပါ။ သူတို့ထက်စာရင်နိုးနိုးကကောင်းပါတယ်။ နိုးနိုး အတွက်တော့ ကိုယ်မှန်တယ် ကိုယ်လုပ်သင့်တဲ့ အလုပ်ကို လုပ်တယ်လို့ပဲခံယူတယ်။
မိုးမခ။  ။မနိုးနိုးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ထောင်ထဲကနေဘယ်လိုရင်ဆိုင် မျှော်လင့်ခဲ့သလဲ
ဖြေ။     ။ သူတို့နိုင်မယ်လို့ပဲ မျှော်လင့်တယ်။
မိုးမခ။  ။ ရွေးကောက်ပွဲပွဲရလဒ်နဲ့ အစိုးရသစ်ကြောင့် အခုလိုလွတ်လာတယ်လို့ ထင်မိလား
ဖြေ။     ။ မထင်ဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲမှာ သူတို့နိုင်လိုက်တယ်ဆိုတာသူတို့ရဲ့  အဖွဲ့အစည်းတွေများလို့လေ၊  နိုးနိုးတို့လဲ ထောင်ထဲမှာဆိုရင် အကျဉ်းဦးစီးက ၀န်ထမ်းတွေဆိုရင် ဘာထည့် ဘာထည့်ဆို လာပြီးသား။ အချူပ်ကျနေတဲ့ ၀န်ထမ်းတွေဆိုရင်လဲ ဘာထည့်ဆိုတာပါပြီးသား။သူတို့မှာ ဘာပဲဖြစ်ဖြစ် ရွေးချယ်ခွင့်မရှိဘူး ထည့်ရတယ်။ မဲရုံမှာ စောင့်နေတဲ့ ၀န်ထမ်းတွေကအစ ပြန်ကြားရတယ်။ ဒီလိုမျိုးကြောင့် ရွေးကောက်ပွဲနိုင်တယ်ဆိုတာ သူတို့ အဖွဲ့အစည်းများလို့နိုင်သွားတာ။ဒီဟာက ကျတော့ နိုင်ငံတကာကရော အပြင်မှာ ကျန်ခဲ့တဲ့ အကိုအမတွေ ကရော တောင်းဆိုလို့သာလွှတ်ပေးလိုက်တာပါ။မဆိုင်ပါဘူး။
မိုးမခ။  ။ လက်ရှိလှုပ်ရှားမှုတွေအပေါ် ဘယ်လိုမြင်လဲ
ဖြေ။     ။ လက်ရှိလှုပ်ရှားမှုတွေအပေါ် ကျေနပ်အားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်ဆောင်မှုတွေလဲ ပါတာပေါ့။ အရှေ့ကလုပ်တဲ့လူက လုပ်တယ်၊ အနောက်က လိုက်တယ်လူက မရှိရင်အရှေ့ကလုပ်တဲ့ လူပဲ သွားနေလို့မှ မရတာ ပါဖို့လိုတယ်လေ။
မိုးမခ။  ။  ခုချိန်ခါမှာအနည်းငယ်လွတ်လပ်လာတဲ့ အပေါ် ဘယ်လို အသုံးချမလဲ
ဖြေ။     ။ စည်းမျဉ်းစည်းကမ်းနဲ့ အသုံးချရမှာပေါ့။ အခုဆိုရင်ဗျောက်အိုးတွေ ဖောက်နေကြတာကို ကြည့်ပါ။ ဒါပေမဲ့ စည်းကမ်းမဲ့တယ် ဖောက်တာက ။ အဲဒါကိုဆိုက်ကားသမားကအဲဒါ ညီးတို့တောင်းတဲ့ ဒီမိုကရေစီလေလို့ ပြောတယ်။ နိုးက အဲဒါ ဒီမိုကရေစီမဟုတ်ဘူး အဲလိုမျိုးသာဒီမိုကရေစီ ဖြစ်မယ်ဆိုရင် သူများနိုင်ငံတွေ ပျက်စီးနေတာ ကြာပြီ ။ ဟုတ်တယ်နော် ဒီမိုကရေစီဆိုတာစနစ်တကျ သုံးရမှာလေ။ ဒီမိုကရေစီဆိုတိုင်း အရာရာတိုင်းမှာ လွတ်လပ်နေဖို့မှ မဟုတ်တာ သူ့စည်းမျဉ်းနဲ့အညီရှိရမှာပေါ့။ ဒီမိုကရေစီဆိုတာ နားလည်မှ အသုံးချတတ်မှာပေါ့လေ။
မိုးမခ။  ။ ပြည်သူတွေကို ဘယ်လိုနားလည်လဲ
ဖြေ။     ။ ခုဆိုရင်တော့ ပြည်သူတွေကို တော်တော် နားလည်ရခက်တယ်။သူတို့စိတ်တွေကို သဘောမပေါက်ဘူး ။ထောင်ထဲမှာ တွေ့ခဲ့တာက သာတဲ့ဘက်ကို လိုက်တဲ့လူတွေကများတယ်။ သိပ်ပြီးတော့ အနစ်နာ မခံချင်ကြဘူး။ သူများဦးဆောင်တာပဲ လိုက်ကြတယ်။
မိုးမခ။  ။ ငယ်တော့ အာဏာပိုင်တွေအပေါ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ
ဖြေ။     ။ ငယ်ငယ်လေးနဲ့ လုပ်ရဲတယ်ပေါ့။အဲလို ငယ်တဲ့အနေနဲ့လုပ်လို့ အပြစ်တင်တဲ့ပုံစံပြောတာတော့ နည်းပါတယ်။ ဧရာဝတီတိုင်း ညွှန်မှူးလာတုန်းကတော့ဘယ်လိုကြောင့် ပါလာတာလဲ မေးတယ်။ နောက် စာများများ ဖတ်စေချင်တယ်တဲ့။ စာဖတ်တဲ့အတွက် လမ်းမှားမရောက်စေချင်ဘူးလို့ ပြောသွားတယ်။
မိုးမခ။  ။ မြန်မာနိုင်ငံမှာ ဘာတွေလိုအပ်နေတာမြင်လဲ
ဖြေ။     ။နိုးနဲ့ အနီးစပ်ဆုံးကတော့ အကျဉ်းသားကိစ္စပေါ့။အထက်ကဘာပဲလုပ်ပေး လုပ်ပေး အောက်ခြေမှာ ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျဉ်းသားတွေရဲ့ရပိုင်ခွင့်တွေ အပြည့်အ၀မရရှိသေးတာ။ အဲဒါလေးတွေတင်းတင်းကြပ်ကြပ် လုပ်စေချင်တယ်။