>
မာမာအေး
အောက်တိုဘာ ၈၊ ၂၀၁၁

BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ – အရင်တပတ်က ဂီတလောက သမိုင်းရိုးကို အာဏါနဲ့ မိုးတော့မှာမို့ အချိုးတကွေ့ ရွေ့ရှာမယ့်သဘော ပေါလောပေါ်လာတဲ့ သည်ဖြစ်ရပ်ကို မခံစားတတ်တော့ မြိုထားတဲ့ မီးညှောက် ၀ုန်းကနဲ တောက်တာမျိုး မာအေး တိုးခဲ့တဲ့အကြောင်း ပြောမိခဲ့တာပါ။
အရွယ်တော် ရွှေရတုကျော်လုလုမှာ ကိုယ့်ဝါသနာ ကိုယ့်ဝမ်းစာ ကိုယ့်ဖြစ်တည်ရာ ဂီတကမ္ဘာကို၊ လိုတာဖြည့်စွက် အဖက်ဖက်က တိုးတက်အောင် ဆောင်ရွက်မယ်လို့ အားသန်ဇွဲထုတ် အတော်လေး ဟုတ်နေကါမှ နောက်အသစ်တခု ပြန်လုပ် ဆိုတော့ နောက်ဆုတ် နောက်ဆုတ်လို့ လူကို ဘရိတ်ဆွဲအုပ်သလို ခံလိုက်ရတာကိုးရှင့်၊ အားကို ယုတ်သွားတာဘဲရှင်၊ ဒီလို ဖြစ်လာလိမ့်မယ်လို့မှ မထင်ထားတာ၊ လူကြီးဝါး မ၀သေးတော့ ပူထူထူ အူတူတူ – အရေမထူနိုင်သေးဘူးပေါ့ရှင်၊
အဲဒီ စစ်ရုံးလို့ အများသုံးကြတဲ့ တပ်မတော်မှတ်တမ်းရုံးဝိုင်းထဲမှာ ကျင်းပတဲ့ ဂီတအဖွဲ့အစည်းသစ်ကိစ္စ စုံညီ အစည်းအဝေးမှာ နောက်ပေါ်ပေါက်လာမယ့် ဂီတအဖွဲ့ကြီးရဲ့ နာမည်ကို “ဂီတအစည်းအရုံး” လို့ ထားရှိမယ် တဲ့။ အလုပ်အမှုဆောင်တွေကို မဲဆန္ဒပေး ရွေးကောက်တင်မြှောက်ရမယ် တဲ့၊ မဟာဂီတအစု၊ ကါလပေါ်အစု၊ စတီရီယိုအစု၊ တေးသံသွင်းဆိုင်များအစု၊ ပြီးတော့ PA လို့ ခေါ်တဲ့ အသံချဲ့စက်ဆိုင်ရာအဖွဲ့ နဲ့ အခန်းအနား ပြင်ဆင်သူများ ပေါင်းထားတဲ့အစုလို့ ခွဲတော့ အုပ်စု (၅)စုပေါ့၊ အမှုဆောင်အဖွဲ့ ကိုယ်စီထားပြီး ပြဿနာကြုံရင် အတူ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ကြရမယ် တဲ့။ ဂီတအစည်းအရုံး ဖွဲ့စည်းမယ့် ပုံကြမ်းအခြေခံဟာ အဲဒါလောက်ပဲ လို့ မာအေးတို့ သိခဲ့ရပါတယ်။
တာဝန်ရှိလူကြီးမင်းများဖက်က မဲရွေးခြယ်ပွဲလုပ်ဖို့ နေရာပေးမယ်၊ မဲပေးပွဲမှာ အမှားအယွင်း မရှိရအောင် စံနစ်တကျဖြစ်အောင် ပြည်သူ့လွှတ်တော်ကြီးက အရာထမ်း အမှုထမ်းများက လာရောက် ကူညီ ဆောင်ရွက်ပေးမယ် တဲ့၊ လတ်တလော ပါယ်ဖြစ်ခံထားရတဲ့ မြန်မာနိုင်ငံ ဂီတပညာရှင်များအဖွဲ့ချုပ် အမှုဆောင်များနဲ့ အဖွဲ့ဝင်များလဲ ရွေးခြယ်ခံပိုင်ခွင့် ရှိတယ်၊ ရွေးခြယ်ပွဲ ဖြစ်မြောက်အောင်လဲ ဦးစီးဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်၊ ပါဝင်ရွေးခြယ်ခံမယ့်ပုဂ္ဂိုလ်များကို တဦးချင်းဖြစ်စေ အုပ်စုအဖွဲ့လိုက်ဖြစ်စေ စည်းရုံးလှုံ့ဆော်ခွင့်မပြုပါဘူးလို့ သက်ဆိုင်ရာက စာထုတ် ကျေညာပေးထားခဲ့ပါတယ်။
တပ်မတော်မှတ်တမ်းရုံး စုံညီအစည်းအဝေးကအပြန် မာအေးတို့ ဂီတအဖွဲ့ချုပ် ဖြုတ်ချခံရပြီးမှ စည်းဝေး တွေ့ဆုံကြရတဲ့ နောက်ဆုံးနေ့မှာ ဥက္ကဋ္ဌ ဦးလှထွတ်က သူ့ရဲ့ ကျန်းမာရေး နှလုံးရောဂါ အကြောင်းပြချက်နဲ့ လာမယ့် ဂီတ အစည်းအရုံး အလုပ်အမှုဆောင် ရွေးခြယ်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း ထုတ်ဖေါ် ကျေညာခဲ့ပါတယ်၊ ကျန် အမှုဆောင်များ အနေနဲ့ သဘောထားကြီးကြောင်း ပြသပေးကြဘို့ ဂီတလောကအတွက် အထေါက်အကူဖြစ်စေမယ့် ကိစ္စတွေမှာ ပါဝင် ဆောင်ရွက်နိုင်ကြဘို့အတွက် အမှုဆောင်များအဖြစ်သော်၎င်း၊ အဖွဲ့ဝင်များအဖြစ်သော်၎င်း၊ ပြန်လည် အကျိုးဆောင်ပေးကြဘို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။
ဒီ နောက်ဆုံး အစည်းအဝေးမှာ လက်ဝယ်ရှိ အဖွဲ့ပိုင် ရံပုံငွေတွေကို ဘာလုပ်သင့်သလဲလို့ ဆွေးနွေးကြရာမှာ၊ နောက် အဖွဲ့အစည်းဖြစ်လာမယ့် “ဂီတအစည်းအရုံး”ဟာ အခု ဖျက်သိမ်းခံ ဂီတပညာရှင်များအဖွဲ့ချုပ်က စည်းရုံးလက်ခံထားပြီး အဖွဲ့ဝင်တွေကို အဖွဲ့သစ်မှာ ဆက်လက် ပါဝင်သူ အသင်းဝင်များအဖြစ် လက်ခံမှာလား လက်မခံဘူးလား ဆိုတာကလဲ မဲရွေးပွဲမှ မလုပ်ရသေးတော့ အမှုဆောင်အဖွဲ့က မရှိဘူးလေ သိနိုင်ဘူးပေါ့နော၊ ဒါကြောင့်မို့ အမှုဆောင်သစ် အဖွဲ့သစ် ကဏ္ဍသစ် ဖွင့်မယ့် ရွေးခြယ်ပွဲအတွက် ကုန်ကျစားရိတ်များ ကျွေးမွေးစားရိတ်များ အဖြစ် သုံးလျှင် အသင့်လျော်ဆုံးဘဲလို့ အားလုံး သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်ဟာ အနယ်နယ် အရပ်ရပ်က အဖွဲ့ချုပ် အသင်းဝင်ကြေး ရံပုံငွေ ရှစ်ထောင်ကျော်နဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကြီး ပေါ်ပေါက်ရေး ပထမဆုံးအကြိမ် ရွေးကေါက်ပွဲကို စီစဉ် ဆောင်ရွက်ပေးခဲ့ကြကြောင်းပါရှင်၊ တခြား လိုငွေ ပိုငွေများ ရှိမရှိ – မမှတ်မိတော့ပါဘူး။ ဒီကိစ္စတွေကို မာအေးတို့ အဖွဲ့ချုပ်ဝင် ဂီတသမား ဗမာပြည်အနှံ့အပြားက ချစ်ဆွေများကို အခြေအနေအရ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မပြုခဲ့ရတဲ့အတွက် ဒီကဘဲ တောင်းပန်းလိုက်ရပါတယ်။
လွတ်လပ်စွာ ပြောခွင့်ရမှ ပြောနိုင်တာမို့လားရှင်။ နားလည်ခွင့်လွှတ်ပေးပါနော။
အင်း – ပြောမှတော့ ဖြစ်ကြောင်းကုန်စင်ပြောချင်ပါတယ်လေ – မာအေးတို့ရဲ့ အဖွဲ့ချုပ်အတွင်းမှာ ၀မ်းကွဲလိုတဲ့မောင်နှမတွေ ရှိနေပြီဆိုတာ ရှေ့မှာပြောခဲ့တာတွေကြောင့် သိလောက်ပြီ ထင်ပါတယ်။ နောက်ဆုံး တွေ့ဆုံချိန်မှာတော့ မာအေးက စည်းခြားလိုက်တာ တယောက်ချင်းဖြစ်တဲ့ ပြဿနာပါ။ မှတ်တမ်းရုံးမှာတုန်းက စတီရီယိုမလေးတယောက်နဲ့ သူတို့ ခေါင်းဆောင်ကြီး ဆိုသူကို စကါးပါးလိုက်တာ မှတ်မိတယ်မဟုတ်လား။
အဲဒါကို တကယ်လား၊ ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲလို့ ခေါင်းဆောင်ကြီး စတီရီယိုဘိုးအေ အမည်ခံသူက စည်းဝေးပွဲလာ အများရှေ့မှာ မေးလာလို့ ဖြစ်ပါတယ်။ မေးလာတော့လဲ ဖြေရုံဘဲပေါ့ရှင်။ “ဟုတ်တယ်၊ ခင်ဗျားကို အနိစ္စသဘော ကိစ္စချောတောင် လာမပို့ပေါင် လို့ ပြောခိုင်းလိုက်တာ အမှန်ပါဘဲ” လို့ ဖြေလိုက်တော့ “နင်နဲ့ငါ ဘာမှမှ မဖြစ်ဖဲ – ဘာလို့ ပြောရတာလဲ” တဲ့ ဆက်မေးပါတယ်။
“ဟုတ်ပါတယ်၊ ကျနော်တို့နှစ်ဦးမှာ တဦးချင်း ဘာပြဿနာမှ မရှိခဲ့ပါဘူး၊ ကျနော်တို့ ဂီတအ၀ိုင်းအ၀န်းမှာ လူကြီးပိုင်းကဖြစ်ဖြစ်၊ လူငယ်ပိုင်းကဖြစ်ဖြစ်၊ နာမည်လေးရလာပြီ၊ နေရာလေး ရလာပြီ ဆိုတဲ့သူတွေဟာ အတွင်းစိတ်ထဲမှာ လှိုက်ပြီးတော့ မနာလိုတာတွေ၊ ပြိုင်ဆိုင်တာတွေ၊ ခြေရာတိုင်းချင်တာတွေ ရှိတတ်ကြပါတယ်၊ ရှိကြဖူးပါတယ်၊ ဒါပေမယ့် တယောက်နဲ့တယောက် အသိခံကြတာ မဟုတ်ဖူး၊ လူထဲလဲ ထုတ်မပြခဲ့ကြပါဘူး၊ မြိုသိပ်ပူးပေါင်း ကိုယ်ကေါင်းတာ ကိုယ်လုပ် မရှုပ်အောင် နေခဲ့ကြတာပါ၊ ခုတော့ဗျာ – ခင်ဗျားကြီး ဦးဆောင်တဲ့ လူတစုရဲ့ ကေါင်းမှုကြောင့် ဗျောင်ကျကျဘဲ ဟက်တက်ကွဲလာပြီ၊ စတီရီယို ဟဲ့၊ မိုနိုဟဲ့နဲ့ တည့်ဖို့ မတ်ဖို့ ရပ်လို့မရတော့တာ မြင်နေရပြီ၊ ခံစားနေရပြီလေ၊ အဲဒါဟာ – ကျနော်တို့ ရည်မှန်းချက် တသက် ပျက်စေတဲ့ မကြည်သာစရာ၊ မသတီစရာ ‘သင်းခွဲ’တဲ့ ပြဿနာကြီးဘဲ၊ အဲဒီအမှုကြောင့် ကျနော့်အနေနဲ့ ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဖူးဗျ၊ ဒီနေ့က အစပေါ့ဗျာ၊ ခင်ဗျား ရထားတဲ့ တိုက်ခန်း ရှိနေတဲ့လမ်းကတောင် ဖြတ်ပြီး ကါးမမောင်းဘူးဗျာ၊ ရှင်းတယ်မို့လား၊ ကျနော့်ဘ၀ ခင်ဗျားရှေ့ကကြွဖြစ်ခဲ့ရင်လဲ မျက်နှာလာမပြပါနဲ့ သူတောင်ကေါင်းဘ၀လေးနဲ့ ရွေ့ချင်တယ်ဗျာ၊ ဒါပါဘဲ – ကဲ အားလုံးကို နှုတ်ဆက်တယ်၊ သွားတော့မယ်နော်” အဲဒီလို ပြောခဲ့ပြီး ချန်ရစ်ခဲ့တာပေါ့ သောတရှင်တို့ရယ်။
(ဂီတနယ်မြေ တို့နယ်မြေမှ)
(စာစီစာရိုက် – မျိုးဇော်)