>Tu Maung Nyo – How we support the cause?

>

ဘယ်လို ဝန်းရံရေးမျိုးလဲ
တူမောင်ညို
အောက်တိုဘာ ၆၊ ၂၀၁၁
          ဝန်းရံရေးဆိုသည်မှာလုပ်သမျှထောက်ခံရေးမဟုတ်။
          ဝန်းရံရေးဆိုသည်မှာဘာပဲလုပ်လုပ် မျက်စိမှိတ်ပြီးထောက်ခံခြင်းမဟုတ်ကြောင်း လူပြိန်းပင်သိသည်။ ဘာပဲလုပ်လုပ်၊လုပ်နေ သမျှ အကောင်းမမြင်နိုင်ပဲ ကန့်ကွက်နေခြင်းမှာလည်း ဝန်းရံရေးမဟုတ်ကြောင်း ဦးနှောက်ပုံမှန်ရှိကြသူတိုင်းသိကြမည်သာဖြစ်သည်။
          ဘာပဲလုပ်လုပ်ထောက်ခံရမည်၊ ဘာမှန်းမသိလည်း ဝန်းရံရမည်ဆိုသည်မှာ ဝေလေလေဝန်းရံမှု၊ဘလိုင်းဝန်းရံမှုမျိုးသာ ဖြစ်ပါ လိမ့်မည်။  ဝန်းရံရေးဆိုသည်မှာအရာရာကို ဆရာကြီးလုပ်ပြီး ငါသိငါတတ်ပြောနေခြင်းမဟုတ်သလို။ ပြောသမျှနာခံပြီး နောက်ကတစ် ကောက်ကောက်လိုက်ရမည့် ကျေးကျွန်သဖွယ် အလုပ်မျိုးလည်းမဟုတ်ချေ။
ထိုနည်းတူပင်လူကြည့်၊အခြေအနေအကဲခပ်ပြီးပွဲစားများ ဈေးစကားပြောသလို ဟိုတဈေး ဒီတဈေးခွဲပြောရမည့်ကိစ္စမျိုးလည်းမဟုတ်ပါ။
          ဝန်းရံရေးဆိုသည်မှာမျက်စိစုံမှိတ်ထောက်ခံခြင်းလည်းမဟုတ်သလို၊ မျက်စိစုံမှိတ်ကန့်ကွက်ခြင်းလည်းမဟုတ်ပါ။
ဘယ်လိုဦးတည်ချက်နဲ့ဘယ်လိုဆောင်ရွက်ချက်တွေကို ဝန်းရံမှာလဲဆိုသည့်အချက်ကို ဝန်းရံမည့်သူများဘက်က သေသေချာချာ၊ ဂဃနဏ၊ ရှင်းရှင်းလင်းလင်းသိရှိထားရေးသည်ပထမဦးဆုံးလိုအပ်ချက်ဖြစ်ပါသည်။ သို့မှသာဘာမှန်းညာမှန်းမသိဘဲ ဝန်းရံနေသည့် ဝေလေလေဝန်းရံသူများ၊ ဘလိုင်းဝန်းရံသူများနှင့် ပြတ်ပြတ်သားသားစည်းခြားနိုင်ပါလိမ့်မည်။
ဝန်းရံရေးဆိုသည်မှာ မျက်စိ၂လုံးကို ဖွင့်၍ ဖြစ်စဉ်တိုင်းဖြစ်ရပ်တိုင်းကိုစဉ်ဆက်မပြတ်ကြည့်ရှုလေ့လာဆန်းစစ်ကာ မိမိ၏ သဘောထားအမြင်ကိုရဲရဲရင့်ရင့်၊ တာဝန်သိသိ၊ တက်တက်ကြွကြွထုတ်ဖေါ်တင်ပြကြရသည့်လုပ်ငန်းမျိုးဖြစ်သည်။သတိပြုသင့်သည်ဟု ထင်မြင်ယူဆလျှင်သတိပြုသင့်ကြောင်း တိတိကျကျထုတ်ဖေါ်ရေးသားသတိပေးရမည်။ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်ပြောဆို ရေးသားနေခြင်းမျိုး မဖြစ်စေရ။ ရိုင်းစိုင်းကြမ်းတမ်းစွာရေးသားပြောဆိုရမည့်ကိစ္စလည်းမဟုတ်ချေ။
အမှန်နဲ့အမှား၊အစစ်နဲ့အတု၊ အနှစ်နဲ့အကာ ပြတ်ပြတ်သားသား ခွဲခြားပြရမည့် လုပ်ငန်းမျိုးလည်းဖြစ်သည်။
တာဝန်ယူစိတ်ရှိရှိဖြင့်လုပ်ဆောင်ရမည့်လူထုစည်းရုံးရေးလုပ်ငန်းစဉ်ထဲမှ စည်းရုံးရေးအသွင်သဏ္ဍာန်တစ်ရပ်လည်းဖြစ်သည်။ ထောက်ခံရမည့်ကိစ္စဆိုလျှင်ထောက်ခံရမည်။ မေးခွန်းထုတ်ဖို့လိုအပ်လျှင် မေးခွန်းထုတ်ရမည်။ သတိပေးရမည့်ကိစ္စဆိုလျှင်သတိပေးရ မည်။ ဝေဖန်ရမည့်ကိစ္စဆိုလျှင် ဝေဖန်ရမည်။ ဖွင့်ချရမည့်ကိစ္စဆိုလျှင် ဖွင့်ချရမည်သာဖြစ်သည်။ အားနာရမည့်ကိစ္စမဟုတ်။
ပြည်သူကိုမျက်နှာမူရမည့်ကိစ္စဖြစ်သည်။ပြည်သူ့တစ်မျက်နှာထဲကိုသာတည့်တည့်ကြည့်ရမည့်ကိစ္စမျိုးလည်းဖြစ်သည်။
ဝန်းရံရေးဆိုသည်မှာထောက်ခံရေးနှင့် ဝေဖန်ရေး ဟူသော အချင်းအရာ ၂ ရပ် ပေါင်းစပ်ပါဝင် နေသည့်ဖြစ်စဉ် တစ်ရပ်ဖြစ်ပါသည်။ တစ်ဖက်သတ် ထောက်ခံ၊ တစ်ဖက်သတ် ဝေဖန်နေရမည့်ကိစ္စမျိုးမဟုတ်ပါ။
ဝန်းရံရေးသည်၊ ထောက်ခံရေးသက်သက်မဟုတ်သလို၊ ဝေဖန်ဖွင့်ချရုံသက်သက်လည်း မဟုတ်ဟုယူဆသည်။
 “ဝန်းရံရေး” ၏ အဓိကရည်ရွယ်ချက်မှာအားပေးကူညီခြင်းဆိုသည့်စေတနာအရင်းခံ သဘောထားသာလျှင်ဖြစ်သည်။  လူထုအကျိုးစီးပွားကို ကိုယ်စားပြုသည်ဟု အခြေခံအားဖြင့် လက်ခံယုံကြည်ထားသောပါတီတခု သို့တည်းမဟုတ်လူထုခေါင်းဆောင်တဦးကို နိုင်ငံရေးအရ ၀န်းရံခြင်းသည်လည်း ထိုရည်ရွယ်ချက်ကြောင့်သာလျှင်ဖြစ်သည်။ကိုယ့်အမြင်သဘောထားနဲ့တူရင်ထောက်ခံ၊ မတူရင်ပြစ် တင်ဆန့်ကျင်ခြင်းသည် ၀န်းရံခြင်း မမည်ပါ။
  ပြည်သူလူထု အကျိုးစီးပွားလမ်းကြောင်းနှင့်လွဲချော်လာသည်ဟုယူဆလျှင် အကြောင်းနှင့်အကျိုးချေချေမြစ်မြစ်၊ တည်တည် ကြည်ကြည် လေးလေးစားစား ဝေဖန်ထောက်ပြခြင်း၊(အကယ်၍ ဘုံရန်သူကိုဆန့်ကျင်သူအင်အားစု အချင်းချင်းကြားဆိုလျှင် လူသိ ရှင်ကြား ဗြောင်ဝေဖန်မှုမျိုးကိုရှောင်ရှားပြီး တိုးတိုးတိတ်တိတ်ချဉ်းကပ်ပြောဆိုဝေဖန်ရတာမျိုးလည်းရှိရမည်ဖြစ်သည်)။
 ပြည်သူလူထုနှင့်တိုင်းပြည်အကျိုးအတွက်၊ ထိုပါတီ၊ထိုပုဂ္ဂိုလ်၏ထိရောက်သောဆောင်ရွက်ချက်မျိုးတွေ့ရလျှင်လည်း ချီးကျူး ထောပနာပြုရုံသက်သက်မဟုတ်ပဲ ထိုဆောင်ရွက်မှုကိုပိုမိုအင်အားဖြစ်စေသည့် စိတ်ဓာတ်အရ၊ လက်တွေ့လှုပ်ရှားမှုအရ ကူညီအားပေး ခြင်းကိုသာ တက်ကြွသောမှန်ကန်သော ဝန်းရံမှုဟုခေါ်ဆိုရမည်။
          သို့ပါ၍ဖြစ်စဉ်ဖြစ်ရပ်များကို စဉ်ဆက်မပြတ်ကြည့်ရှုလေ့လာပြီး ရရှိချက်များကို ခိုင်ခံ့သော အကြောင်းအကျိုးအချက်အလက် များဖြင့် ယဉ်ကျေးတည်ကြည်စွာတင်ပြနေသည့်၊ လက်တွေ့ပါဝင်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တစ်ရပ်ကိုတာဝန်သိသောဝန်းရံရေး၊ သို့မဟုတ် တက်ကြွသောဝန်းရံရေး ဟု အမည်ကင်ပွန်းတပ်လို့ရနိုင်ပါသည်။
          ဘယ်လိုဝန်းရံရေးမျိုးပါလိမ့်။