>Kamar Pale – Talking with Mama

>

မေမေနှင့် စကားပြောခြင်း
ကမာပုလဲ
အောက်တိုဘာ ၅၊ ၂၀၁၁


မေမေရေ …
မိစ္ဆာ၀ံပုလွေဆိုတဲ့ သတ္တ၀ါတွေမှာ
မေတ္တာတရားကို ရှာဖွေတွေ့ရှိနိုင်ပါသလား …။

ကျနော်ငယ်ငယ်
မေမေပြောပြောပြတတ်တဲ့
အိပ်ယာဝင်ပုံပြင်တွေထဲ …
အမှန်တရားက အမြဲတမ်း …
အောင်ပွဲခံတယ်နော် … မေမေ။

မျက်မမြင်မိဘနှစ်ပါးကို
အနီးထံပါး မခွဲမခွာ
အလုပ်အကျွေးပြုရှာတဲ့ သားကလေးဟာ
မြှားဆိပ်သင့်ခဲ့တာတောင်
အသက်ဘေးကလွတ်လို့
(ကျနော်ကတော့ မေမေကွယ်လွန်ချိန်
ဟိုး အဝေးကြီးမှာ … ခုထိ)
မိဘတွေထံ ရွှေအိုးထမ်း ပြန်နိုင်ရှာသတဲ့ …
အဲဒါ … မေမေပြောပြခဲ့တဲ့ ပုံပြင်စစ်စစ်
တကယ်ဖြစ်ခဲ့တာလားလို့ ကျနော်ကမေးတော့
မေမေက ရယ်တယ်လေ …။

မသိလို့ မေးပါရစေမေမေရယ်
လူတယောက်ရဲ့ …
သစ္စာတရားနဲ့ ဂုဏ်သိက္ခာကို
မလိုသူတွေက …
လုပ်ကြံဖျက်ဆီးလို့ရပါသလား မေမေ …။
ဘယ်လို … မေမေ … ဘယ်လို
အမှန်တရားဆိုတာ
သတ္တိရှိရှိနဲ့
သူ့အချိန်ကို သူ
တိုက်ပွဲနှင့်အတူ …
ယုံယုံကြည်ကြည် စောင့်ဆိုင်းတတ်လေတယ် …
ဟုတ်တယ်နော် … မေမေ။

နောက်တခုက
ဘာတဲ့ … မေမေ
ဝက်ယုတ် မသူတော်က
ပတ္တမြားဂူကို ညစ်ထေးနွမ်းရစ်လေအောင်
သူ့ကိုယ်က မစင်နွံညစ်နဲ့
ပက်စက်ယုတ်မာ …
ကြိမ်ဖန်များစွာ ပွတ်ပါသော်ငြား
ပတ္တမြားဂူဟာ … တိုး၍ တိုး၍သာ ပြောင်လက်ဝင်းပ
အဲဒီညက တိမ်စင်လမင်း သာခဲ့တယ်လေ မေမေ …။

မေမေရေ …
မိစ္ဆာ၀ံပုလွေဆိုတဲ့သတ္တ၀ါတွေမှာ
မေတ္တာတရားကို ရှာဖွေတွေ့ရှိနိုင်ပါသလား …
ဒီနေ့
ကျနော့်ကိုယ် … ကျနော်
ပြန်လည်ရရှိလိုက်တယ် … မေမေ။ ။