>Burmese in Japan honor 5 unknown political prisoners

>

နိုင်ငံရေးအကျဉ်းသား ၅ ဦး ကို ဂျပန်မြန်မာများ အညတရသူရဲကောင်းအဖြစ်ထပ်မံဂုဏ်ပြု
မိုးမခ၊ ဂျပန်၊ အောက်တိုဘာ ၅၊ ၂၀၁၁
အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင်ဦးဆောင်ပြီး ရွေးချယ်ပေးသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦး ဖြစ်သော ကိုဝင်းခိုင်ဦး၊ ကိုသန့်ဇော်၊ ဦးစွမ်းလှအောင်၊ ကိုဇေယျာအောင်နှင့်မမာမာဦးတို့ကို ဂျပန်ရောက် မြန်မာတို့က အညတရသူရဲကောင်းဆုများပေးအပ်ချီးမြှင့် ဂုဏ်ပြုမှာဖြစ်ကြောင်း သိရှိရသည်။ ယခုအကြိမ်နှင့်ဆိုလျင် ဒုတိယအကြိမ် ရှိပြီ ဖြစ်သည်။
ဂျပန်နိုင်ငံရောက် မြန်မာစေတနာရှင်တဦးဖြစ်သည့် ကိုထွန်းဝေက အောက်ပါကဗျာနှင့် ရေးသား ဂုဏ်ပြုထားသည်ကို တွေ့ရသည်။

အဘ ဦးဝင်းတင် ရွေးတဲ့ အညတရ ၅ ဦး … တဲ့ (ထွန်းဝေ၊ တိုကျို)
ငါ ဟဲ့ သူရဲကောင်းလား
သင်တို့ ၅ဦး မြင့်မြတ်ကြတယ်
ပေးဆပ်ရဲတာ
ကမ္ဘာက သိ
စစ်ဖိနပ်အောက်
ဒူးမထောက်ဘဲ
တိုက်ပွဲဝင်ကာ
မော်ကွန်းတင်မည်
အညတရဟူသည်
ပကာသန မစွက်
ကိုယ်ကျိုး မဖက်ဘဲ
ပလန်ဘဲလက်လက်
ပက်လက်ပဲလန်လန်
လောကဓံကို
တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့ တိုက်မယ်
ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
တိုက်နေသူကို ဂုဏ်ပြုပါ၏။
သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်သားရမည်
မတရားတာကို မတရားဘူးလို့
ကျားကျားယားယား ပြတ်ပြတ်သားသား
ပြောကြားရဲ ထောက်ပြရဲတာ
သူရဲကောင်းပါ။
မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ဝိုးမ၀ါးဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။
ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။
အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လန်ရဲရမည်။
သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး
ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်လူကိုသာ ပြည်သူတွေရဲ့
အသဲကျော်
သူရဲကောင်းခေါ်မှာ။
မပေါ်လွင် မထင်ရှား
မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကို
အမြင်မစောင်းဘဲ
ဂျပန်ကရဲဘော်များက
အသွင်ပြောင်းလာအောင်
သူရဲကောင်းများကို
ရေလောင်းပျိုးထောင်ပေးကြပါစို့။