>
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းအဖွဲ့ မှတ်ပုံတင်ပြန်လည်ရရှိနိုင်ရန်အတွက် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့၌ သင်းလုံးကျွတ် အထူးအစည်းအဝေးပွဲ ကျင်းပကာ အသင်းသား/သူများ အများစု၏ ဆန္ဒများ ကောက်ခံအတည်ပြုခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁.၁.၂၀၀၁ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ပေးဆပ်ခဲ့ရာ နာရေးကူညီမှုလုပ်ငန်း တခုတည်းသာ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် ဆေးကူညီမှု (သုခကုသိုလ်ဖြစ်ဆေးခန်း-ရန်ကုန်)၊ သုခအလင်း စာကြည့်တိုက်၊ ပညာဒါန (အခြေခံအင်္ဂလိပ်စာ၊ 4 Skill) တို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများနှင့် သဘာဝဘေးဒဏ် အရေးပေါ်ကယ်ဆယ်ရေး ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုပါ ချဲ့ထွင်၍ အများပြည်သူတို့အား ကူညီပေးဆပ်မှုများ ပြုလုပ်နေသည်နှင့်အညီ ယခင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဖွဲ့စည်းပုံနှင့် များစွာကွာခြား မြင့်မားလာမှုများရှိနေသဖြင့် ယခု ၂၀၁၁ ခုနှစ် အသင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရာတွင် အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများကိုပါ အများ ပြည်သူလူထု ကောင်းကျိုးများအား တိုးချဲ့ကူညီပေးဆပ်နိုင်ရန်အတွက် ပြန်လည်ပြုပြင် ချဲ့ထွင် ရေးသားခဲ့ပါသည်။
ယင်းကဲ့သို့ အသစ်ပြန်လည် ရေးသားထားရာတွင် အသိပညာရှင် အတတ်ပညာရှင်များ၊ ဥပဒေရေးရာပညာရှင်များနှင့် လူမှုရေးသမားများတို့ ပူးပေါင်း၍ အကောင်အထည် ဖော်ခဲ့ပါသည်။ ထိုသို့ အသစ်ပြန်လည် ရေးသားခဲ့သည့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများအား အသင်းသား/သူများအား အများဆန္ဒဖြင့် အတည်ပြုချက်ရယူနိုင်ရန် ကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး သင်းလုံးကျွတ် အထူးအစည်းအဝေးပွဲကြီးအား ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသော အသင်းသား/သူများမှာ ရာခိုင်နှုန်းအားဖြင့် ကျော်လွန်စွာ တက်ရောက်သဖြင့် အစည်းအဝေး အထမြောက် အောင်မြင်ခဲ့သည်။ ထို့ပြင် အများဆန္ဒအား ကောက်ခံခဲ့ရာ တက်ရောက်သူ အသင်းသား/သူများအားလုံးမှ ကန့်ကွက်မည့်သူမရှိ သင်းလုံးကျွတ် ထောက်ခံမှုဖြင့် အောင်မြင်စွာဖြင့် အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အတည်ပြု နိုင်ခဲ့ပြီးသည့်နောက် အသင်းမှတ်ပုံတင် တရားဝင်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်တင်ပြ လျှောက်ထားတော့မည်ဖြစ်ပါသည်။
ယင်း သင်းလုံးကျွတ် အစည်းအဝေးပွဲမစတင်မီ ပရဟိတစိတ်ဓာတ်၊ လူမှုရေးစိတ်ဓာတ်တို့ဖြင့် လာဘ်ပေးလာဘ်ယူကိစ္စရပ်များအား တိုက်ဖျက်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၂) ဦးတို့အား အလုပ်အမှုဆောင်အဖွဲ့တို့၏ ကိုယ်ပိုင်ငွေတို့ဖြင့် စုပေါင်းထားသော ဆုကြေးငွေတို့အား ချီးမြှင့်ခြင်း အခမ်းအနားအားလည်း ကျင်းပပေးခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူလူထုတို့အပေါ် ထိရောက်စွာ ကူညီမှုများ တိုးချဲ့ပေးဆပ်နိုင်ရန်အတွက် အသင်းမှတ်ပုံတင်လျင်မြန်စွာ နိုင်ငံတော်မှ ချမှတ်ပေးပါရန် မျှော်လင့်မိယုံမှတပါး အခြားမရှိတော့ချေ။
၁၁.၉.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် ၁၂း၀၀ နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် လစဉ်ကျင်းပလျှက်ရှိသော စာပေဟောပြောပွဲ၌ စာရေးဆရာမ နုနုရည်(အင်းဝ)မှ ‘ကျွန်မ ဖြစ်ချင်တဲ့ သူနှစ်ယောက်’ ခေါင်းစဉ်ဖြင့် ဆရာကြီး ဗန်းမော်တင်အောင်နှင့် ဆရာကြီး မြသန်းတင့်တို့ နှစ်ဦး၏ ကိုယ့်အပေါ်ယုံကြည်မှု၊ မြန်မာ့စာပေသမိုင်းတွင် စာပေရေးသားခြင်းဖြင့် ပထမဦးဆုံးသော အကျဉ်းချ (တသက်တကျွန်း) ပို့ခြင်းကိုခံခဲ့ရသည့် စာရေးဆရာကြီးနှစ်ဦး ဖြစ်ကြောင်း၊
တသက်တကျွန်းကျခံရစဉ် ကျွန်းပေါ်ရှိ ထောင်ဝါဒါအရာရှိများတို့မှ ကျွန်းကျခံ အကျဉ်းသားများထဲတွင် စာရေးဆရာ ဆိုသူများပါရှိကြောင်း ထိုစာရေးဆရာများသည် မိမိတို့ အလွန်နှစ်သက် မြတ်နိုးအားကျခဲ့သော စာပေပညာရှင်ကြီးများဖြစ်သော်လည်း မိမိတို့မမြင်ဖူး၍ မတ်တတ်ရပ် ဖော်ပြပေးစေလိုကြောင်း၊ ရန်သူမှပြန်လည်၍ လေးစားသမှုပြုလုပ်ခြင်းကို ခံခဲ့ရသော စာပေအနုပညာရှင် နှစ်ဦးဖြစ်ကြောင်း၊ ကျွန်းပေါ်တွင် နေထိုင်စဉ်ကာလ၌လည်း အစာငတ်ခံ ဆန္ဒပြပွဲအားဦးဆောင်၍ ကျင်းပခဲ့သူမှာ စာရေးဆရာကြီး မြသန်းတင့်တို့ပင်ဖြစ်ကြောင်း၊
စာရေး ဆရာကြီး ဗန်းမော်တင်အောင်သည်လည်း စာပေဖြတ်သန်းမှု၌ အများပြည်သူတို့အတွက်၊ တိုင်းပြည်အတွက်၊ နိုင်ငံအတွက်အကျိုးရှိမည့်၊ အကျိုးပြုမည့် စာပေများစွာကို ရေးသားဖော်ပြ ပေးခဲ့သော်လည်း စာရေးဆရာကြီး ဗန်းမော်တင်အောင်၏ ဇနီးဖြစ်သူသည် မိသားစုအတွက်၊ ဇနီးမယားအတွက် အချိန်ပေးခြင်း၊ ဝမ်းရေးအတွက်ရှာဖွေမှု မပြုခဲ့ခြင်းတို့ကြောင့် အမြင်ကြည်လင်မှု မရှိခဲ့သော်လည်း ဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်သွားသောအချိန် ဈာပနအခမ်းအနား၌ အများပြည်သူ လူထုတို့၏ ဆရာကြီး၏ နောက်ဆုံးခရီးအား စည်ကားသိုက်မြိုက်စွာ လာရောက်၍ ဂါရဝပြု ပို့ဆောင်ကန်တော့ကြခြင်းကို အလွန်အံ့သြမှုဖြစ်ပေါ်ခဲ့ကာ ဈာပနအခမ်းအနားတွင် ချိတ်ဆွဲထားသော လွမ်းသူ့ပန်းခွေများမှ ပန်းများအား ပရိသတ်များတို့မှ တပွင့်ချင်းဖြုတ်ယူ၍ ရင်ဘတ်များတွင် ဂုဏ်ယူဝံ့ကြွားစွာ တပ်ဆင်ကြခြင်းတို့ကို မြင်တွေ့မိကာ ဆရာကြီး ဗန်းမော်တင်အောင်၏ စွမ်းဆောင်ချက် ပေးဆပ်မှုများအတွက် ဆရာကြီး ဗန်းမော်တင်အောင်၏ ဇနီးဖြစ်သူမှာ ယခင်က မိမိ၏ အထင်နှင့်အမြင် လွဲမှားခဲ့ကြောင်း နောင်တတရား ရခဲ့မှုများကို ဈာပနအခမ်းအနားတွင် ပြောကြားဝန်ခံခဲ့သည့် အဖြစ်အပျက်များနှင့် စာပေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသော ထိုကဲ့သို့ စာရေးဆရာကြီးများလို မိမိဖြစ်ချင်ကြောင်း စာရေးဆရာမ နုနုရည် (အင်းဝ)မှ ဟောပြောသွားခဲ့သည်။
ယခင် စာပေအနုပညာရှင်ကြီးများသည် တိုင်းပြည်အတွက်၊ လူမျိုးအတွက် ပရဟိတ စိတ်ဓာတ်တို့ဖြင့် ပေးဆပ်ခဲ့သူများပီပီ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ယခုခေတ် လူမှုရေးသမား များသည်လည်း ထိုထိုသော စာပေအနုပညာရှင်ကြီးများကဲ့သို့ စွန့်လွှတ်စွန့်စား ပေးဆပ်ကြရမည် ဟူသော သံန္ဓိဋ္ဌာန်ချမှတ်၍ လူမှုရေးပရဟိတ စိတ်ဓာတ်ခွန်အားများကို ဟောပြောပေးဆပ်သွားခဲ့သည်။
(ဗန်းမော်တင်အောင်)















