>

ဆရာမောင်ဆုရှင်ကို လူချင်းစသိသည်ကား ၁၉၇၃ ခုနှစ်လောက်ကဖြစ်သည်။ ယခုပြန်တွက်လျှင်လျှင် ၃၈ နှစ် သို့ တိုင်ခဲ့ပြီဖြစ်သည်။ စတင် သိကျွမ်းခဲ့သည့်နေရာကား မြန်မာ့အသံအဆောက်အဦအတွင်းရှိ စတူဒီယိုခန်းမ ၌ ဖြစ်သည်။
ကျနော်သည် အထက (၂) လှိုင်မြို့နယ်မှ အထက်တန်းကျောင်းသားများကိုယ်စား မြန်မာ့အသံမှ စီစဉ်တင် ဆက်ခဲ့သော ‘သုတပဟေဠိ’ ရေဒီယိုအသံလွင့်ကဏ္ဍ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ကျနော်နှင့်အတူ ရန်ကုန်တိုင်းအတွင်းရှိ အခြားကျောင်းသားကျောင်းသူ (၄) ဦးလည်း ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ကျနော်တို့ အားလုံး ဆရာမောင်ဆုရှင်လစဉ်ရေးသားခဲ့သော ‘ဒို့ကျောင်းသား’ စာစောင်မှ ‘သိပ္ပံလောက’ ကဏ္ဍကို ဆရာမောင်ဆုရှင်ကိုယ်တိုင်မေးမြန်းသည့် သုတပဟေဠိအဖြေညှိကြသည့် အစီစဉ်ဖြစ်သည်။
ထိုအချိန်မှစ၍ ဆရာ့ကို ခင်မင်ရင်းနှီးသွားခဲ့သည်။ ဆရာသည် ထိုစဉ်ကစာပေဗိမာန်၌ စာတည်းအဖြစ် အမှုထမ်းနေသည်။ အားလပ်သည့်အချိန်တိုင်း ဆရာ့ထံဝင်ရောက်လည်ပတ်ရင်း စာပေဗဟုသုတများ ဆည်းပူးခွင့်ရခဲ့သည်။ ဆရာသည် စာပေဗိမာန်အပေါ်ဆုံးအထပ်ရှိ ၀န်ထမ်း အိမ်ယာ၌ပင် နေသည်။ လူချင်းဆုံတိုင်း စာပေဗိမာန်ထုတ်စာအုပ်အသစ်များနှင့် ဆရာဖတ်ပြီးသည့် စာအုပ်အဟောင်း ကောင်း နိုး ရာရာများကို လက်ဆောင်အဖြစ် ပေးလေ့ရှိသည်။ ဆရာနှင့် နွယ်ငင်ဆက်စပ်၍ ဆရာမိသားစုနှင့်ပါ ရင်းနှီးခင်မင်သွားသည်။
ဆရာသည် အသားဖြူ၍ ခန့်၏။ တည်ကြည်၏။ စာပေသိက္ခာအပြည့်ရှိ၏။ စာကောင်း ပေကောင်းများ ကို မွေးထုတ်သလို၊ စာပေအပေါ်၌လည်း သစ္စာရှိသူဖြစ်သည်။ ဆရာသည် (၃) လ တကြိမ်ထုတ် ‘သုတပဒေ သာ’ မဂ္ဂဇင်းနှင့် ၁၉၇၈ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ‘မြန်မာ့ စွယ်စုံ ကျမ်းနှစ်ချုပ်’ တို့ကို စတင်မွေးဖွားပေး လိုက်သည့် စာပေဥယျာဉ်မှူးဖြစ်သည်။
ဆရာသည် ဥပဓိရုပ်ဖြောင့်သလို၊ အဟောအပြောလည်းကောင်းသည်။ ဆရာ့အသံက ဆွဲအားကောင်းလှသည်။ စကားလုံးများရှင်းလင်းတိကျသကဲ့သို့ လေယူလေသိမ်းသိမ်မွေ့သည်။ ဆရာဟောပြောလျှင် မည့်သည့် အကြောင်းအရာကိုပင် ပြောပြော၊ အချက်အလက်များ ဘေးသို့ ထွက်သွားသည်မရှိ စုစုစည်းစည်း ကျစ်ကျစ် လစ်လစ်နှင့် အစ၊ အလယ်၊ အဆုံး အချိတ်အဆက်မိမိ ဟောပြောတတ်သည်။ ဆရာသည် မြန်မာ့အသံ၌ ‘သိပ္ပံပညာသိကောင်းစရာ’ ကဏ္ဍကို နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ယူအသံလွှင့်ခဲ့သည်။
ဆရာသည် လုံးချင်းဝတ္ထုရေးသည်ဖြစ်စေ၊ ဆောင်းပါးရေးသည်ဖြစ်စေ၊ အချက်အလက်ဝေေ၀ဆာဆာနှင့် အချက်ကျကျ ရေးတတ်သည်။ သို့ကလို ရေးတတ်ရန်ဆရာသည် အချက်အလက်များကို အစုအဆောင်း လည်းကောင်းမွန်သည်။ ထို့ကြောင့်လည်း ကျမ်းဖတ်ထက် ကျမ်း ပြုခက်သည့် ကျမ်းပြုထက် ကျမ်းစုခက်သည် ဟု ဆိုကြသည်မဟုတ်လား။
ဆရာသည် အရေးအသားအစုအဆောင်းကောင်းရုံမျှမက ပြုစုခြင်း၊ တင်ပြခြင်းလည်းကောင်း၍ ဘာသာပြန် လည်း ကောင်းမွန်ပေသည်။ ဆရာနှင့် ရင်းနှီးရာမှ ဆရာ့ဘ၀မှတ်တမ်း တစေ့တဆောင်းကို သိခွင့်ရခဲ့သည်။
ဆရာမောင်ဆုရှင်၏ အမည်အရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။ ဆရာ့ကို ၁၉၃၂ ခု ဇန်န၀ါ ရီလ ၁ ရက် သော ကြာနေ့တွင် မြောင်းမြမြို့၌ အဘဦးချစ်ဖေ၊ အမိဒေါ်စိန်မြင့်တို့မှ ဖွားမြင်ခဲ့ သည်။ မွေးချင်းသုံးဦးအနက် ဆရာသည် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က မူလတန်းနှင့်အ လယ်တန်းပညာကို မြောင်းမြမြို့၌လည်းကောင်း အထက်တန်းပညာကို ရန်ကုန်မြို့မှ အထက်တန်းကျောင်း၌လည်းကောင်း သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဖာဘွဲ့ရခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ သတင်းစာပညာ ဒီပလိုမာဘွဲ့များလည်း ရရှိခဲ့သည်။
၁၉၄၉ တွင် ရိုထရီကလပ်မှကျင်းပသော စာစီစာကုံးပြိုင်ပွဲ၌ “နိုင်ငံ့သားကောင်းတာဝန်” ခေါင်းစဉ်ဖြင့် ဆုရရှိခဲ့ သည်။ ယင်းနှစ်၌ပင် ‘မောင်ဖြူနွှဲ့’ ကလောင်အမည်ဖြင့် ဟံသာဝတီသတင်းစာ၌ ကဗျာများစတင်ရေးဖွဲ့ခဲ့သည်။
၁၉၅၄ တွင် စာပေဗိမာန်သို့ ၀င်ရောက်အမှုထမ်းခဲ့ပြီး ထိုနှစ်မှာပင် ရှုမ၀မဂ္ဂဇင်း၊ သင့်ဘ၀မဂ္ဂဇင်းနှင့် အခြား စာနယ်ဇင်းများ၌ မောင်ဆုရှင် ကလောင်အမည်အပြင် အောင်သူ၊ မျိုးသန့်၊ ၀င်းသန့်၊ ဦးဘခက်စသည့် ကလောင်ကွဲများဖြင့် ဆောင်းပါးများ၊ ၀တ္ထုတိုများ၊ ကဗျာများ ရေးသားခဲ့သည်။ စာပေဗိမာန်ထုတ် ပြည်သူ့ လက်စွဲစာစဉ်များ၌လည်း အောင်သူ၊ မျိုးသန့် ကလောင်အမည်များဖြင့် လုံးချင်းစာအုပ်မြောက်များ စွာရေးသားခဲ့သည်။ အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှထုတ်ဝေသော ‘အိုင်ယာကော့ကာ’ ၊ ‘ရေဂါ’ နှင့် အခြား စာအုပ်များကို ‘မဟာမိ’ ကလောင်အမည်ဖြင့် ဘာသာပြန်ခဲ့သည်။
ဆရာရေးသားပြုစုခဲ့သည့် စာအုပ်ပေါင်း ၅၀ ကျော်ရှိရာ ထင်ရှားသည့်စာအုပ်များမှာ မြဘုရားရွှေတိဂုံ၊ နီသော လင်းယုန်၊ အင်္ဂလိပ်-မြန်မာစစ်ပွဲခေတ်ကိုယ့်တွေ့များ၊ စိတ်နုပျိုကိုယ်ကျန်းမာ၊ မြို့ပြခံစားမှုစာမွန်များ၊ နှစ်ဆယ် ရာစုသုတကမ္ဘာ၊ ကမ္ဘာမြေကြွေမှာစိုးသူများ၊ ၂၁ ရာစု လူမှုဝေါဟာရများ (၆) တွဲ၊ အသေးအမွှားအရေး မထားဖို့နည်းလမ်း (၁၀၀)၊ မိုးကောင်းကင်ကို မော့ကြည့်ခြင်း၊ စာရေးသူလက်စွဲ၊ အကောင်းမြင်စိတ်စွမ်း အား၊ ပျော်ရွှင်သုခတစ်ဘ၀၊ နေ့စဉ် စိတ်ချမ်းသာဖို့နည်းလမ်း (၉) သွယ်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဖွယ်ရာမှုလမ်းညွန် စသည်တို့ဖြစ်သည်။
၁၉၆၇ ခုနှစ်တွင် အမျိုးသားစာပေဆု (သုတပဒေသာဆု) ကို တီထွင်မှုများသမိုင်းစာ အုပ်ဖြင့်လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် အမျိုးသား စာပေဆု (ဘာသာပြန်ဆု) ကို ပင်လယ်ပြာနှင့်တံငါအိုစာအုပ်ဖြင့်လည်းကောင်း ရရှိခဲ့သည်။
ဆရာသည် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ စာပေဗိမာန်အဖွဲ့၌ စာတည်း၊ စာတည်းမှူး၊ Forward magazine ဌာန၌ ဒုတိယညွန် ကြားရေးမှူးအဖြစ်လည်းကောင်း စာပေဗိမာန်၌ ညွန်ကြားရေးမှူးအဖြစ် လည်းကောင်း ထမ်းရွက်ခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သည်။ ထို့ နောက် ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန် အဖွဲ့၌ အကြံပေးအရာရှိအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ယူထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ဥက္ကဌ၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုန်းဖေ စာပေဆုရွေးချယ်ရေးအဖွဲ့အတွင်းရေးမှူး၊ ထွန်းဖောင်ဒေးရှင်း၊ သုတ စွယ်စုံစာပေဆုရွေးချယ်ရေးအဖွဲ့ ၀င်နှင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ဝင် စသည်ဖြင့် စာပေအနုပညာဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်ပါဝင်ခဲ့သည်။
ဆရာသည် သူ့အား လူတကာက အပူကပ်သမျှကိုလည်း ဘယ်သောအခါမှ ခေါင်းရှောင်လင့်မရှိ။ တတ်စွမ်း သမျှ စေတနာအပြည့်အ၀ဖြင့် ရိုင်းပင်းကူညီတတ်သည်။ လာသမျှလူပေါင်းစုံကိုလည်း ဆရာသည် အစွမ်း ကုန်ဖြည့်စည်းပေးကမ်းကူညီတတ်သည်။ ဆရာသည် သဘော ကောင်း၍ လူတိုင်းအပေါ်နားလည်ခွင့်လွတ် တတ်သဖြင့် ဆရာ့ကိုအသုံးပြုပြီး အခွင့်အရေးယူသွားသူများကိုလည်း ဆရာသည်အမြဲတမ်းသည်းခံခွင့် လွတ်တတ်သည်။ ဆရာ့ကို ဒုက္ခပေးသူပေါင်းများစွာကိုလည်း ကျနော်တို့တွေ့မြင်နေရသော်လည်း ဆရာ့ကြောင့်ဒုက္ခရောက် သွားသည်ဟူ၍ တစ်ယောက်ကိုမှမတွေ့ဖူးချေ။
ဆရာသည် မိမိထက်နှိမ့်ပါးသူမှန်သမျှကို အယုတ်အလတ်အမြတ်မခွဲတတ်။ ကြီးမြတ်သူကို အရိုအသေပေး တတ်သော်လည်း အာဏာ ပိုင်များကိုမူ လိုအပ်သည်ထက် မျက်နှာလိုမျက်နှာရ ဖော်လံမဖားတတ်ပေ။ ၀န်ကြီး၊ ၀န်လေးပုဂ္ဂိုလ်များ၏မိန့်ခွန်းများကိုလည်း နောက် ကွယ်မှရေးသားပေးရခြင်း ဘာသာပြန်ပေးရခြင်း များပြုလုပ်ပေးနေသော်လည်း ဆရာသည် ဘယ်သောအခါမှအခွင့်အရေးမယူတတ်ပေ။ အချို့က ဆရာ့အား န၀တ၊ နအဖအာဏာပိုင်များအား အလုပ်အကျွေးပြုနေသူဟု အထင်မှတ်မှားကြသည်။ ဆရာသည် အစိုးရ ထုတ်စာနယ် ဇင်းများ၌ အစိုးရအာဘော်ဝါဒဖြန့်ဆောင်းပါးများကိုလည်း မည့်သည့်အခါမျှ မရေးခဲ့ချေ။ ရေး ခိုင်းလေလည်း မခတ်ပြတ်ပြတ်ပင် ငြင်းပယ်ခဲ့သည်။
စာပေဆုရွေးချယ်ရေးအစည်းအဝေးများ၌ ဆရာသည် တရားမျှတစွာပင်ဆုံးဖြတ်၍ ထိုက်တန်သူမှန်သမျှကို ဆုရွေးချယ်ပေးရန် ထောက်ခံ ပေးလေ့ရှိသည်။ ဆရာသည် မည်သည့်အခါမှ မမျှမတ မလုပ်၊ မပြော မည်သူ့ ကိုမှ မတရားမဖိခဲ့ချေ။ တော်သူကောင်းသူဆိုလျှင် ဆရာ သည် အမြဲတမ်းချီးကျူး၍ အစွမ်းအစရှိ သူများကို အမြဲမြေထောင်မြှောက်ပေးလေ့ရှိသည်။
သို့သော် ပုထုဇဉ်လူသားပီပီ ဆရာ့၌အားနည်းချက်ချွတ်ယွင်းချက်များ ရှိကောင်းရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံနှင့် လူမျိုးအကျိုးနှင့် စာပေ အကျိုးဆုတ်ယုတ်အောင် မည်သည့်အခါမှမလုပ်ခဲ့ဟု အပြည့်အ၀ ကျနော်ယုံကြည်သည်။ ဆရာသည် သူ့ကလောင်ကိုလည်း မည်သည့် အခါမှ အရောင်မစွန်းခဲ့ချေ။
စာပေအပေါ် သစ္စာရှိ၍ ရိုးသားဖြောင့်မတ်ကာ စိတ်ကောင်းနှလုံးကောင်းရှိသော ဆရာသည် အသက် (၇၇) နှစ်အရွယ်၌ ရုတ်တရက် ဦးနှောက်ကြောပြတ်၍ ၂၀၀၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့လေသည်။ ဇွန်လ ၄ ရက်နေ့၌ ဆရာ့ကြွင်းကျန်သော ရုပ် ကလပ်ကို ရေဝေးသုဿန်တွင် မီးသဂြုင်္ိဟ်ခဲ့ရာ၊ ဈာပန၌ လူချစ်လူခင်ပေါများသော ဆရာ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်သူ အများအပြားကို တွေ့ရသည်။ စာပေအနုပညာနယ်သာမက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ့မိတ်ဆွေမျာ၊ သားချင်းများအားလုံးက ဆရာ့ကို ယခုလိုရုတ်တရက် ကွယ်လွန်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ လာရောက်သူအားလုံး၏ မျက်နှာပြင်တွင် ဆရာ့ကို နှမြောတသ၀မ်းနည်းပူဆွေးနေကြသည့် အရိပ်အယောင်များတွေ့ရပေသည်။
ကျနော်သည် လူ့အုပ်ထဲတိုးဝှေ့ရင်း ဈာပနစင်ထက်၌ မှန်ခေါင်းအတွင်းရှိ ဆရာ့ရုပ်ကလာပ်ကို လှမ်းကြည့်လိုက်ရာ၊ အဖြူရောင် တိုက်ပုံ လွှမ်းလျက် ပြုံးရောင်သန်းကာ ငြိမ်သက်စွာ လဲလျောင်းလျက် ရှိနေသောဆရာ့ရုပ်ကလာပ်ကို မြင်တွေ့ရသည်။ ဆရာ့သား ဂျင်မီကမ်းပေး သည့် နာရေးယပ်တောင် ကလေးနှင့် ဆရာ့အမှတ်တရမှတ်တမ်းစာအုပ်ကလေးကိုလှမ်းယူရင်း ဆရာ့ကို ကောင်းရာသုကတိလားပါစေဟု စိတ်ထဲမှ ဆုတောင်းနေမိသည်။ သို့သော် လူတိုင်းအပေါ်စေတနာအပြည့်အ၀ထား၍ ကူညီရိုင်းပင်းတတ်သော စိတ်ကောင်းနှလုံးကောင်းရှိသည့် ဆရာ့အတွက် ကျနော့်ဆုတောင်းသည် စင်စစ်လိုအပ်မည် မထင်ပေ။ နောင်ဘ၀များရှိခဲ့လျှင် ဆရာနှင့်ကျနော် ပြန်လည်ဆုံးစည်း၍ ဆရာ့တပည့်အဖြစ် ဆရာ့အနား တွင် ကြွယ်ဝလှသည့် စာပေဗဟုသုတများကို သင်ယူပါရစေဟုသာ အခါခါဆုတောင်းနေမိပါတော့သည်။