>Saung Luu – Poem

>

ကျွန်သေတွေနေတဲ့ မြို့
ဆောင်းလူ
စက်တင်ဘာ ၈၊ ၂၀၁၁


တိမ်တွေခမျာမှာ
ထင်ရာမြင်ရာ … ရောယောင်ပြီး ခလုတ်တိုက်ချလိုက်တာ
ကမ္ဘာတခြမ်းလုံး ဖူးယောင်သွားသတဲ့ ..။

ငြိမ်းချမ်းရေးစကားများ
တဖောဖော တသောသောနဲ့ ခရားထဲကပြုတ်ကျ
ဝတ်လစ်စလစ် အခင်းအကျင်းအောက်မှာ
မညှာမတာ ညှီနံ့လှိုင်လှိုင်ပေး
သံချေးရောင်တောက်ပလွန်းသော ငါးမျှားချိတ်တွေနဲ့
ကုန်းတတန် ရေတတန်နဲ့
နယ်သစ် ပယ်သစ်ရှာဖို့ တက်ကြွနေလေရဲ့ …။

စာနာမှုများ ဟိုတစ သည်တစ အခါခါ အလွာလွှာ ထပ်ရင်းပြုရင်း
ခေါက်ရိုးကျိုးစမှာ
မသမာမှုကွင်းခေါင်ခေါင်ပေါ် ဖရိုဖရဲကျဲချ
တ၀ါးဝါး တသောသော လှိမ့်ရင်း ကန်ရင်း
ခြေယောင်ပြတိုက်ကွက်နဲ့ ကုန်ကူးနေကြ ….။

တကယ်ပါပဲ …
တချိန်တခါတုန်းက
နွေဦးပေါက် ဆောင်းရာသီ
လေနုတွေ ကြွေ
ကြယ်သေတွေနေတဲ့မြို့မှာ

ကျွန်သေတွေ နေခဲ့ဖူးတယ်ဆိုတာ …။