>Daw Suu’s article and National Reconciliation

>

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးဖော်ပြခွင့်၍ အလားအလာကောင်းအဖြစ် ရှုမြင်
ခင်နှင်းလွင် ၊ ရန်ကုန်
စက်တင်ဘာ ၆၊ ၂၀၁၁ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပါဝင်သော ယခုတပတ်ထုတ် ပြည်သူ့ခေတ်ဂျာကို စောင်ရေ ၃ ဆ တိုးပြီး ရိုက်နှိပ်ခဲ့သည်ဟု ဆိုသည် (ဓာတ်ပုံ – မိုးမခ)


ယခုသီတင်းပတ်ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး ဖော်ပြခွင့်ပြုလိုက်ခြင်းသည် နိုင်ငံရေး ရင်ကြားစေ့ရေး အတွက် အလားအလာကောင်းသော နိမိတ်ပုံ တခုဖြစ်သည်ဟု အဆိုပါ ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောကြားခဲ့သည်။

ဆယ်စုနှစ် အတန်ကြာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားသည့် စာအုပ်၊ ဆောင်းပါးများအား ပြည်တွင်းထုတ် စာအုပ်စာစောင်များတွင် ဖော်ပြခွင့်မပြုခဲ့ရာမှ ယခုကဲ့သို့ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်သည့် အဖြစ်ကို လက်ရှိနိုင်ငံရေး အနေအထားဖြင့် ထပ်ဟပ်ပြီး မောင်ဝံသက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က အတတ်ပညာရှင်တယောက်ပါ။ သူတခြားနိုင်ငံတွေက သတင်းစာတွေမှာလဲ ဆောင်းပါးတွေ ရေးသားခဲ့ဘူးပါတယ်။ ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အတွက် သူ့ဆောင်းပါး ပါသင့်တယ် ထင်လို့ တောင်းတာပါ” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အပန်းဖြေနားရက်များ ဆောင်းပါးတွင် သူယခင်က နေထိုင် သွားလာခဲ့ဖူးသော ဥရောပဒေသနှင့် ဟိမ၀န္တာ ဒေသတွင် နေထိုင်စဉ်က အကြောင်း တစ်စိတ်တပိုင်းပါဝင်သဖြင့် ကြည်နူးစရာ ရသဆောင်းပါး ဖြစ်သည်ဟု ဂျာနယ်၏ အယ်ဒီတာတဦးအနေဖြင့် မှတ်ချက်ပြုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးတွေ ပါလာတာက ပြည်သူတွေနဲ့ ပိုနီးစပ်လာပီး သူ့သဘောတရားတွေကို ပြည်သူတွေအတွက် ပိုမိုသိမြင်လာနိုင်ပါတယ်။ ခုနေမှာ တိုင်းရင်းသားအရေး ရင်ကြားစေ့နိုင်သူက သူတစ်ဦးထဲ ရှိတယ်လို့ မြင်မိတယ်”ဟု စာဖတ်သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့မှ စာဖတ် ပရိတ်သတ်တဦးက “အန်တီ့ဆောင်းပါး ဆိုလို့ နိုင်ငံရေးနဲ့ ပတ်သတ်တာ ထင်ပေမဲ့ ခရီးသွားဆောင်းပါး ပေါ့ပေါ့ပါးပါးလေးလဲ ဖြစ်တယ်။ နောက်ပီးတော့ သမိုင်းတစ်စိတ်တစ်ပိုင်းလဲ ပါတော့ တော်တော် ဖတ်ရတာ အဆင်ပြေတယ်” ပြောသည်။

နောက်ထပ် ဆောင်းပါး ချီးမြှင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံမှ တောင်းခံထားသော်လည်း ရေးသားသူ၏ သဘောဆန္ဒအရသာ ဖြစ်သည်ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဂျာနယ်စာမူခ ကိုမူ အယ်ဒီတာအဖွဲ့က ထုတ်ပြန်ပြောဆိုရန် ငြင်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးပါဝင်သဖြင့် ဂျာနယ်ဆိုင် တစ်ချို့တွင် ပုံမှန်ရောင်းနေကျ ၆၀၀ကျပ်မှ ဈေးနှုန်း အနည်းငယ်တိုးမြင့် ရောင်းချ သည်ကိုလည်း တွေ့မြင်ရသည်ဟု ရန်ကုန်မြို့မှ ဂျာနယ်ဖတ်ပရိသတ် တဦးကပြောသည်။

ဂျာနယ်စောင်ရေမှာ ပုံမှန်ရိုက်နေကျ စောင်ရေထက် သုံးဆခန့် ပိုမိုပြီးရိုက်နှိပ်ထားခဲ့သည်ဟုလည်း အယ်ဒီတာ အဖွဲ့ဝင်က ပြောသည်။